နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ မိန့်ခွန်း ( ၃၁ ၊ ၀၃ ၊ ၂၀၁၁ )

Thursday, March 31, 2011

တက်ရောက် လာကြတဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ၊ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဆတက်ထမ်းပိုး တိုးပြီး ဆောင်ရွက် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်း ဆက်သ လိုက်ပါတယ်။

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်ဟာ မနေ့က ပြီးဆုံးခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော် အစည်း အဝေး ကနေ ပြည်ထောင်စု အဆင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍ အသီးသီးမှာ တာဝန် ယူကြမယ့် အဖွဲ့ အစည်းများ၊ ပုဂ္ဂိုလ်များကို ရွေးချယ်တင်မြှောက် ပေးခဲ့သလို တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အသီးသီးကလည်း မိမိတို့ ဒေသ များမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍ အသီးသီးမှာ တာဝန် ယူကြမယ့် ပုဂ္ဂိုလ်များကို ရွေးချယ် တင်မြှောက်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ နိုင်ငံတော်ရှေ့ဆက်သွားရမယ့် မူဝါဒလမ်းစဉ် (၇)ရပ်ရဲ့ နောက်ဆုံး အဆင့်ဖြစ်တဲ့ လွှတ်တော်မှ ရွေးကောက် တင်မြှောက်သော နိုင်ငံတော် အကြီးအကဲများနှင့် လွှတ်တော်မှ ဖွဲ့စည်းပေးသော အစိုးရ အဖွဲ့နှင့် အာဏာပိုင် အဖွဲ့အစည်း များဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ခြင်း ဆိုတဲ့ အဆင့်ကို အကောင်အထည် ဖော်ရတော့မှာ ဖြစ်ပါတယ်။

အဲဒီအဆင့်ကို အကောင်အထည် ဖော်တဲ့နေရာမှာ ကျွန်တော်တို့ အားလုံး သိရှိထားသင့်တဲ့ သဘောထားများ၊ လိုက်နာသင့်တဲ့ မူဝါဒ များကို ရှင်းလင်းပြောကြား လိုပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက် နိုင်ဖို့ အတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများကို တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် သူများ ဖြစ်တဲ့ အတွက် မူဝါဒလမ်းစဉ် (၇)ရပ်ရဲ့ နောက်ဆုံး အဆင့်ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်အောင် မဆုတ်မနစ် ကြိုးပမ်း လုပ်ဆောင်ဖို့ တာဝန် ရှိသူတွေလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ ရှင်းလင်း ဆွေးနွေးမယ့် အချက်များ၊ လုပ်ငန်းစဉ်များဟာ နိုင်ငံတော်ရဲ့ အနာဂတ် လုပ်ငန်းစဉ်များ အတွက် အရေးကြီး တယ်လို့ ပြောချင်ပါတယ်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများ ခင်ဗျား
အစိုးရ အဖွဲ့သစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ် ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်လာအောင် ဝိုင်းဝန်ကြိုးပမ်း လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ဖို့အတွက် ဆိုရင် ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ အသီးသီးရဲ့ လုပ်ငန်းစဉ် များဟာ ပွင့်လင်းမှု ရှိရပါမယ်၊ တာဝန်ခံမှု ရှိရပါမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့ ကိုက်ညီမှု ရှိရပါမယ်၊ ပြည်သူလူထု ဆန္ဒ သဘောထားကို အလေးထား ရပါမယ်၊ အားလုံး ပါဝင်နိုင်မှု ရှိရပါမယ်၊ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းများဟာ သွက်လက်ပြီး ထိရောက်မှု ရှိဖို့ လိုအပ်ပါတယ်။

အစိုးရ အဖွဲ့ရဲ့ ဒုတိယ လုပ်ငန်းစဉ် ကတော့ ဒီမိုကရေစီ ကျင့်စဉ် (Democratic Practices) များ ထွန်းကားရေးပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်နိုင်ဖို့ အတွက် အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကနေ ပေါ်ထွက်လာတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရား စီရင်ရေး မဏ္ဍိုင်များ ဟာလည်း သက်ဝင် လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ၄င်းတို့ရဲ့ ဆန္ဒ အတိုင်း လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ် တင်မြှောက် နိုင်ခွင့်နဲ့ မိမိကိုယ်တိုင် ရွေးချယ် ခံပိုင်ခွင့်များကို ရရှိနေပြီ ဖြစ်ပါတယ်။ ဒါတွေ အားလုံးဟာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ စနစ် ပေါ်ပေါက်နိုင်ဖို့ အတွက် လိုအပ်တဲ့ အခြေခံ ကောင်းများပဲ ဖြစ်ပါတယ်။

ဒီအခြေခံကောင်း များကနေ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို ခိုင်ခိုင်မာမာ၊ အနှစ်သာရ ရှိရှိ၊ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ဖို့ ဆိုရင် အစိုးရအဖွဲ့အတွင်းမှာရော၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ မှာရော၊ ပြည်သူလူထု အတွင်းမှာပါ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားဖို့ လိုအပ်ပါတယ်။ အဲဒီလို ထွန်းကားဖို့ ဆိုရင် ပြည်သူများ အနေနဲ့ မိမိတို့ရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးများကို ကျင့်သုံးရာမှာ ဥပဒေ နဲ့အညီ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ကျင့်ဝတ်များ နဲ့အညီ ကျင့်သုံးဖို့ လိုအပ်ပါတယ်။

အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများ ဘက်ကလည်း အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖြစ်စေ၊ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကို အကောင်အထည် ဖော်ရာမှာ ဖြစ်စေ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများကို ဟန့်တားပိတ်ပင် သကဲ့သို့ မဖြစ်စေဘဲ၊ အဲဒီ အခွင့်အရေး များကို နည်းမှန်လမ်းမှန်နဲ့ ပြည်ထောင်စုရဲ့ အကျိုးစီးပွား၊ လူမှု အဖွဲ့အစည်းရဲ့ အကျိုးစီးပွား များကို မထိခိုက်စေဘဲ ကျင့်သုံးနိုင်အောင် ကူညီထိန်းကျောင်း ပေးဖို့ အတွက်သာ ရည်ရွယ် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

အလားတူပဲ မိမိတို့ လုပ်ငန်း တာဝန်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာမှာ ပြည်သူများရဲ့ သဘောထားတွေ၊ တုန့်ပြန်မှုတွေ ကိုလည်း အလေးထားဖို့ လိုအပ်ပါတယ်။ အဲဒီလို ပြည်သူများ ကရော အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့ အစည်းများ အနေနဲ့ပါ လွတ်လပ်မှုနဲ့ တာဝန်သိမှု၊ လွတ်လပ်မှုနဲ့ စည်းကမ်းရှိမှု များကို မှန်မှန်ကန်ကန် ကျင့်သုံးကြမယ် ဆိုရင် မြန်မာ့ လူ့ အဖွဲ့အစည်းဟာ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာ သေချာပါတယ်။

ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများနဲ့ ဒုတိယ ဝန်ကြီးများ ခင်ဗျား

နောက်ထပ် အလေးထား လုပ်ဆောင်ရမယ့် လုပ်ငန်း တစ်ခုကတော့ တရားဥပဒေ စိုးမိုးရေး ဖြစ်ပါတယ်။ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော် အဖြစ် တည်ဆောက်နိုင်ဖို့ အတွက် တရားဥပဒေ စိုးမိုးရေးဟာ မဖြစ်မနေ လိုအပ်ပါတယ်။ တရား ဥပဒေ စိုးမိုးရေး အတွက် လုပ်ဆောင်ရာမှာ တရား စီရင်ရေး အဖွဲ့အစည်းများမှာ တာဝန်ရှိသလို ဥပဒေ စိုးမိုးရေး ဆိုင်ရာ အဖွဲ့အစည်း များ မှာလည်း တာဝန်ရှိပါတယ်။

တရားစီရင်ရေး အဖွဲ့အစည်းများ အနေနဲ့ တရားဥပဒေ စိုးမိုးရေး အတွက် လုပ်ဆောင်ရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အညီ လွတ်လပ်စွာ တရား စီရင်ရေး၊ ဥပဒေအရာ ကန့်သတ်ချက် များမှအပ ပြည်သူ့ ရှေ့မှောက်တွင် တရားစီရင်ရေး၊ အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့် ရရှိရေး ဆိုတဲ့ တရားစီရင်ရေး မူများအတိုင်း ရပ်တည် လုပ်ဆောင်သွားဖို့ လိုပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြည်ထောင်စု တရား လွှတ်တော်ချုပ် ကို စာချွန်တော် အမိန့်များ ထုတ်ဆင့်ခွင့် အာဏာအပ်နှင်း ပေးထားသလို မြန်မာနိုင်ငံ သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကိုလည်း ဖွဲ့စည်း ပေးထားပြီး ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်း များဟာ နိုင်ငံတော်ရဲ့ အဓိက မဏ္ဍိုင်ကြီး သုံးခုအနက် တစ်ခု အပါအဝင် ဖြစ်တဲ့ တရား စီရင်ရေး မဏ္ဍိုင် မယိမ်းယိုင် ရအောင် ထိန်းသိမ်းစောင့်ရှောက် သွားရမှာ ဖြစ်သလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များကို အဓိပ္ပါယ် ဖွင့်ဆိုခြင်း၊ ဥပဒေပြု အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်း များရဲ့ လုပ်ဆောင်ချက် များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီ မညီ စိစစ်ခြင်း တို့ကို မှန်မှန်ကန်ကန် တိတိကျကျ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဥပဒေ စိုးမိုးရေး ဆိုင်ရာ အဖွဲ့အစည်းများ အနေနဲ့ ကလည်း ဥပဒေ စိုးမိုးရေးကို အကောင်အထည် ဖော်ရာမှာ ကျောသား ရင်သား မခွဲခြားဘဲ လုပ်ဆောင်ဖို့၊ မိမိတို့ ကိုယ်တိုင်ကလည်း တရား ဥပဒေကို စံနမူနာပြ စောင့်ထိန်းဖို့ လိုပါတယ်။ တရားရေး မဏ္ဍိုင် ကလည်း ဖြောင့်မတ် မှန်ကန်မယ်၊ ဥပဒေ စိုးမိုးရေး ဆိုင်ရာ အဖွဲ့အစည်း များကလည်း ဥပဒေ နဲ့အညီ ပြုမူကျင့်ကြံ လုပ်ကိုင်ကြမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးပြီး စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။

တရားဥပဒေ စိုးမိုးရေးလိုပဲ နောက်ထပ် အလေးထား လုပ်ကိုင်ရမယ့် လုပ်ငန်းစဉ် တစ်ခုကတော့ အစိုးရ လုပ်ငန်းများ လျင်မြန် သွက်လက်ရေးနဲ့ ထိရောက်မှု ရှိရေးပဲ ဖြစ်ပါတယ်။ အစိုးရ အဖွဲ့အနေနဲ့ လက်ရှိ (၅)နှစ် စီမံကိန်းပါ ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ဖို့ အတွက် အရှိန်အဟုန်နဲ့ ဆက်လက် ဆောင်ရွက်သွားဖို့ လိုပါတယ်။ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ အနေနဲ့ နိုင်ငံတော် အတွက် လိုအပ်တဲ့ အခြေခံ ကောင်းများ တည်ဆောက် ပေးခဲ့ပြီး ဖြစ်တဲ့အတွက် အဲဒီ အခြေခံကောင်း များကို အသုံးပြုပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး စသည်ဖြင့် ကဏ္ဍပေါင်းစုံမှာ အောင်မြင်မှုများ၊ ရလဒ် ကောင်းများ ရရှိအောင် လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်။

သို့သော် အဲဒီလို လုပ်ဆောင်ရာမှာ ရည်မှန်းချက် အောင်မြင်ရေး အတွက် လုပ်ထုံး လုပ်နည်းများ၊ စည်းကမ်းများကို လျစ်လျူ ရှုခြင်း၊ ကုန်ကျစရိတ်နှင့် အလေအလွင့် များကို အလေး မထားခြင်း စတဲ့ အစွန်းတရား များကို ရှောင်ရှားဖို့ လိုပါတယ်။ နောက်ပြီး မိမိတို့ အစိုးရ အဖွဲ့ဟာ ပြည်ထောင်စု လွှတ်တော်မှ တစ်ဆင့် ပြည်သူများကို တာဝန်ခံရတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် ပြည်သူ့ဆန္ဒ သဘောထားနဲ့ လိုအပ်ချက်များ ကိုလည်း အလေးထားဖို့ လိုအပ်ပါတယ်။
တစ်ဖက်ကလည်း စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လိုအပ်ပါတယ်။ စာနယ်ဇင်း များက တစ်ဆင့် ပြည်သူတွေ သိသင့်တဲ့ အချက်များကို အသိပေး သွားဖို့ လိုသလို စာနယ်ဇင်းများက အပြု သဘောဆောင် အကြံပြုချက် များကိုလည်း အလေးထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ရဲ့ လုပ်ငန်းများ လျင်မြန် သွက်လက်ရေးနဲ့ ထိရောက်မှု ရှိရေးအတွက် နောက်ထပ် လိုအပ်ချက် ကတော့ ဝန်ကြီး ဌာနများ အတွင်း ပူးပေါင်း ဆောင်ရွက်မှုနဲ့ ပေါင်းစပ် ညှိနှိုင်းမှု ကောင်းမွန်ရေးပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပြည်ထောင်စု အစိုးရ သာမက တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရများပါ ရှိလာပြီ ဖြစ်တဲ့ အတွက် အစိုးရ အဖွဲ့များ အတွင်း ပူးပေါင်း ဆောင်ရွက်မှုနဲ့ ပေါင်းစပ် ညှိနှိုင်းမှု ကောင်းမွန်ရေးဟာ ပိုပြီး အရေးကြီး လာပြီ ဖြစ်ပါတယ်။ ယနေ့ ဆောင်ရွက် နေရတဲ့ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများဟာ ကြီးမား ကျယ်ပြန့်တဲ့ အတွက် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ ဌာန တစ်ခုတည်း စွမ်းအားနဲ့ လုပ်ဆောင်လို့ မရနိုင်ပါဘူး။ ဒီလိုပဲ ပြည်ထောင်စု အဆင့် တစ်ခုတည်း၊ တိုင်းဒေသကြီး အဆင့် တစ်ခုတည်း၊ ပြည်နယ် အဆင့် တစ်ခုတည်း နဲ့လည်း အကောင် အထည်ဖော် ဆောင်ရွက်လို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် အစိုးရအဖွဲ့အတွင်းမှာ အထက်အောက်နဲ့ ဘေးတိုက်ပူးပေါင်း ဆောင်ရွက်ရေး၊ ပေါင်းစပ် ညှိနှိုင်းရေးဟာ အုပ်ချုပ်ရေး လုပ်ငန်းများ လျင်မြန် သွက်လက် ထက်မြက်ရေး အတွက် အလွန် အရေးကြီး ပါတယ်။

ပြည်ထောင်စု အဆင့် အဖွဲ့အစည်း များမှ အကြီးအကဲများ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ ဝန်ကြီးများနဲ့ ဒုတိယ ဝန်ကြီးများ ခင်ဗျား

အခုဆိုရင် အိမ်နီးချင်း နိုင်ငံများနဲ့ နိုင်ငံတကာ အသိုင်းအဝန်း အားလုံးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပေါ်ထွက်လာတဲ့ အစိုးရ အဖွဲ့ရဲ့ ပုံသဏ္ဍာန်က ဘာလဲ၊ လုပ်ငန်း တာဝန်တွေကို ဘယ်လို ထမ်းဆောင်မှာလဲ၊ ပြည်ထောင်စု အဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့် အစိုးရ အဖွဲ့များရဲ့ ဆက်ဆံမှု၊ ပေါင်းစပ် ညှိနှိုင်းမှု အခြေအနေက ဘယ်လိုလဲ ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့် နေကြပြီ ဖြစ်ပါတယ်။

အလားတူပဲ ပြည်သူများ ကလည်း အစိုးရသစ်ရဲ့ အသွင် သဏ္ဍာန်နဲ့ အနှစ်သာရ၊ လုပ်နည်းလုပ်ဟန်၊ အနာဂတ် အစီအမံ စတာတွေကို မျှော်လင့်တကြီးနဲ့ စောင့်ကြည့် နေကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ဟာ အခုမှ မွေးဖွား ကာစပဲ ရှိပါသေးတယ်။ ရင့်ကျက်ဖွံ့ဖြိုး လာအောင် တည်ဆောက် ကြရဦးမှာ ဖြစ်ပါတယ်။ အဲဒီလို တည်ဆောက်တဲ့ နေရာမှာ နိုင်ငံတော်ရဲ့ အုပ်ချုပ်မှု ရေးရာ များကို တာဝန်ယူ ဆောင်ရွက်ရတဲ့ အစိုးရ အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ကဏ္ဍဟာ အင်မတန်မှ အရေးကြီး ပါတယ်။ အုပ်ချုပ်မှု ရေးရာ များဟာ ပြည်သူတွေရဲ့ နေ့စဉ် လူနေမှု ဘဝအပေါ် အဓိက လွှမ်းမိုးနေတဲ့ ကိစ္စများလည်း ဖြစ်ပါတယ်။ ပြည်သူတွေက စနစ်တစ်ခု ကောင်း မကောင်း ဆုံးဖြတ်ရာမှာ သူတို့ရဲ့ နေ့စဉ် လူနေမှု ဘဝအပေါ်မှာ ဘယ်လို အကျိုး သက်ရောက်တယ် ဆိုတာနဲ့ပဲ တိုင်းတာမှာ ဖြစ်ပါတယ်။

အုပ်ချုပ်မှု ယန္တရားက ပြည်သူတွေရဲ့ လူနေမှုဘဝ၊ လူမှုစီးပွား ဘဝကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက် ပေးနိုင်မယ်ဆိုရင်၊ ပြည်သူ့ ဝန်ထမ်းများက ပြည်သူတွေကို မျှမျှတတ ဆက်ဆံမယ် ဆိုရင်၊ ပြည်သူတွေဟာ တရား ဥပဒေရဲ့ ကာကွယ် စောင့်ရှောက်မှု အောက်မှာ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်မယ် ဆိုရင် ဒီအုပ်ချုပ်ရေး မဏ္ဍိုင်ကို ဖော်ဆောင် ပေးထားတဲ့ အခြေခံ ဥပဒေကို ယုံကြည် အားကိုးမှာပဲ ဖြစ်ပါတယ်။ ဥပဒေပြုရေး လုပ်ငန်းတွေကို ဆောင်ရွက် ပေးနေတဲ့ ဥပဒေပြု အဖွဲ့အစည်းတွေ၊ ဥပဒေပြု အဖွဲ့အစည်း များမှာ တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေကို ယုံကြည် အားကိုးမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်တဲ့ နေရာမှာ အခု ပထမဆုံး ငါးနှစ်ဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒီငါးနှစ်မှာ ကျွန်တော်တို့ အနေနဲ့ ခိုင်မာ မှန်ကန်တဲ့ ခြေလှမ်းတွေကို လှမ်းနိုင်မယ် ဆိုရင် အနာဂတ် နိုင်ငံတော်ရဲ့ ရှေ့ခရီးဟာ ဖြောင့်ဖြူးေ နပြီလို့ ဆိုနိုင်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ အတွက် မိမိတို့ အစိုးရဟာ အုပ်ချုပ်မှု စနစ် ကောင်းမွန်တဲ့ (Good Governance) အစိုးရကောင်း တစ်ရပ် ဖြစ်ရပါမယ်။ သန့်ရှင်းတဲ့ (Clean Government) အစိုးရ ဖြစ်ဖို့ လိုပါတယ်။

အစိုးရကောင်း တစ်ရပ်ဖြစ်ဖို့ အတွက် စီမံခန့်ခွဲမှု ကောင်းဖို့ လိုပါတယ်။ အုပ်ချုပ်မှု ကောင်းဖို့ လိုပါတယ်။ ပြည်သူတွေ အပေါ် စေတနာ ထားရပါမယ်။ ပြည်သူရဲ့ အကျိုးစီးပွားကို အကာအကွယ် ပေးရပါမယ်။ ပြည်သူကို အလုပ်အကျွေး ပြုကြရမှာ ဖြစ်ပါတယ်။

သန့်ရှင်းတဲ့ (Clean Government) ဖြစ်ဖို့ အတွက်ကတော့ အဂတိတရား ကင်းရှင်းဖို့ လိုပါအပ်တယ်။ လာဘ်ပေး လာဘ်ယူ ခြင်းဟာ တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာကို ထိခိုက် စေခြင်းကြောင့် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိတာဝန် ယူရတဲ့ အဖွဲ့အစည်းအား လည်းကောင်း ကင်းကင်းရှင်းရှင်း ရှိအောင် ထိန်းကျောင်းကြပ်မတ် သွားကြဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်က အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို တစ်လွဲအသုံးချပြီး မိမိ အပေါင်းအသင်း ရောင်းရင်းတွေ ဖြစ်လို့ အခွင့်အရေး ပိုပေးတာတွေ၊ မိမိရဲ့ ဆွေမျိုး သားချင်းတွေ ဖြစ်လို့ အခွင့်အလမ်းတွေ ပိုပြီး ဖန်တီး ပေးတာတွေ မလုပ်မိဖို့ အထူး အရေးကြီး ပါတယ်။ ဒါတွေကို ရှောင်ကြဉ်နိုင်မှ သန့်ရှင်းတဲ့ (Clean Government) အဖြစ် မှတ်ကျောက် တင်ခံ ကြရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ် အနေနဲ့ ကျွန်တော် အထူး အလေးထား ပြောကြား လိုတာကတော့ ကျွန်တော်တို့ တိုင်းပြည်ဟာ ကြွယ်ဝ ချမ်းသာတဲ့ တိုင်းပြည် အဆင့်ကို မရောက်သေးဘူး ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ယခင့် ယခင်ကနဲ့ စာရင် တပ်မတော် အစိုးရ လက်ထက်မှာ တိုးတက်လာတာ မှန်သော်လည်း စားဝတ်နေရေး ပြည့်စုံဖူလုံမှု မရှိသူတွေ၊ တစ်နေ့စာ တစ်နေ့ ရှာဖွေစားသောက် နေရတဲ့ လက်လုပ် လက်စားသမားတွေ၊ အလုပ်အကိုင် မရှိသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလို ဆင်းရဲနွမ်းပါး သူတွေ ရှိနေလျက်နဲ့ နိုင်ငံတော်ကို ဦးစီးဦးဆောင် ပြုကြမယ့် ကျွန်တော်တို့ အဆင့်ဆင့်သော အစိုးရအဖွဲ့ အနေနဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေး ဆိုသော်လည်း ဒီအခွင့်အရေး တွေကို အပြည့်အဝ မယူသင့်ကြ ဘူးလို့ ယူဆပါတယ်။

ဒါကြောင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ (၁ဝ)ရက်နေ့စွဲနဲ့ ထုတ်ပြန် ခဲ့တဲ့ ဥပဒေအမှတ်၊ ၂/၃/၄/၅ တို့အရ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင် များရဲ့ လစဉ် ချီးမြှင့်ငွေကို နိုင်ငံတော်၏ လက်ရှိ အခြေအနေ၊ နိုင်ငံတော်၏ ငွေရေးကြေးရေး အခြေအနေနဲ့ နိုင်ငံသား များ၏ အကျိုးကို ရှေးရှုသော အားဖြင့် မိမိတို့ ခံစားခွင့် ပြုထားသော လစဉ် ချီးမြှင့်ငွေများကို အပြည့်အဝ ခံစားခြင်း မပြုဘဲ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဗဟို အဖွဲ့အစည်း အသီးသီးတွင် တာဝန် ထမ်းဆောင် ခဲ့သည့် ပုဂ္ဂိုလ်များ၏ ခံစားခဲ့သော လစဉ် ထောက်ပံ့ငွေ အတိုင်းသာ ခံစားသွားမှာ ဖြစ်ပါတယ်။

ထို့အပြင် လွှတ်တော် ကိုယ်စားလှယ် အသီးသီးရဲ့ တင်ပြချက်များ အရ နိုင်ငံ့ ဝန်ထမ်များရဲ့ လစာနှင့် ပင်စင်လစာ တို့ကိုလည်း နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုကို အခြေခံ၍ နိုင်ငံတော် အတွင်း လှည့်လည်သုံးစွဲ နေသော ငွေကြေး အခြေနေ၊ ငွေကြေး ဖောင်းပွမှုနှုန်းနှင့် ကုန်ဈေးနှုန်း အခြေအနေ၊ တစ်မျိုးသားလုံး၏ အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးတို့ကို ထည့်သွင်း စဉ်းစားပြီး သင့်လျော်သော အချိန်ကာလတွင် တိုးမြှင့် ဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံး ချုပ်အပ်ပါတယ် ခင်ဗျား။

ရက်စွဲ။ ။ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်
နေရာ။ ။ သမ္မတအိမ်တော်၊ နေပြည်တော်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်

၁၉၄၅ခုနှစ်ဖွား စစ်တက္ကသိုလ် အပတ်စဉ် ၉ မှ သင်တန်းဆင်းကာ တပ်မတော် တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံဖြိုးရေးပါတီဗဟို့အဖွဲ့  ခေါင်းဆောင် အဖြစ် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် စတင်လှုပ်ရှားကာ ၀င်ရောက် ယှဉ်ပြိုင်အရွေးခံပြီး အနိုင်ရသည်။

၁၉၈၈ တပ်မတော်မှ နိုင်ငံတော် အာဏာ လွှဲပြောင်း ယူအပြီးတွင် ကကကြည်းတွင် စစ်ဦးစီးဗိုလ်မှူးကြီး၊ စစ်ဆင်ရေးကွပ်ကဲရေးမှူးတာဝန်များကိုထမ်းဆောင်ခဲ့ရပြီး ၁၉၉၇တွင် ကြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ် တိုးမြှင့်ခန့်ထားခြင်းခံခဲ့ရသည်။

၁၉၉၈တွင် ဗိုလ်ချုပ် ၂၀၀၂တွင် စစ်ရေးချုပ် ၂၀၀၃တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးအပြင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၂)၂၀၀၄တွင် အတွင်းရေးမှူး(၁) ထမ်းဆောင်ခဲ့သည်။ ၂၄-၁၀-၂၀၀၇ ရက်နေ့မှစ၍ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည်။

တပ်မတော်အစိုးရ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တွင် အတွင်းရေးမှူး (၂)၊ အတွင်းရေးမှူး (၁) ၊ ခေတ္တ၀န်ကြီးချုပ်အထိ အဆင့်ဆင့် တာဝန်ပေး ခန့်အပ်ခြင်းခံရပြီး နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကို ကွယ်လွန်သွားသည့် ဗိုလ်ချုပ်ကြီးစိုးဝင်း ထံမှ ဆက်ခံသည်။

နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးသည့်နောက် ၂၀၀၅တွင်ဗိုလ်ချုပ်ကြီးဖြစ်လာပြီး နိုင်ငံတကာနှင့် ချစ်ကြည်ရေးခရီးစဉ်များအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ စသည့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ပြီး ရင်းနှီးချစ်ကြည်ရေး တိုးတက်တည်ဆောက်ခဲ့သည်။

မကြာမီက မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသည့် ပြည်သူများထံသို့ ဦးဆုံးရောက်ရှိသော အရာရှိကြီးလည်းဖြစ်သည်။ အမျိုးသားသဘာဝဘေးကာကွယ်တားဆီးရေးဗဟိုကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကိုလည်း ပူး တွဲ ထမ်းဆောင်ပြီး နိုင်ငံတော်အဆင့် အခြား လုပ်ငန်းကိစ္စအ၀၀တွင်လည်း အစိုးရအဖွဲ့ကို ဦးစီးကွပ်ကဲလျက်ရှိသည်။ ယခုအချိန်အထိ (၄၃) နှစ်တိုင်တိုင် စစ်ဆင်ရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး စစ်ဘက်နယ်ဘက်တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဇမ္ဘူသီရိ မြို့ နယ်မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်အနိုင်ရ ရွေးချယ်ခံရပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှ နိုင်ငံတော်သမ္မတအဖြစ်ရွေ့းချယ် တင်မြှောက်ခြင်းခံရသူ ပည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံဖြိုးရေးပါတြီကီး၏ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ခေါင်းဆောင်တစ်ဦးဖြစ်သည်း။

ဇနီးမှာ ဒေါ်ခင်ခင်ဝင်းဖြစ်သည်။ ရင်သွေး (၃) ဦး ထွန်းကားသည်။ နေပြည်တော် တွင် နေထိုင်သည်။ ယခုလက်ရှိနိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်နေပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ မိန့်ခွန်း ( ၃၀ ၊ ၀၃ ၊ ၂၀၁၁ )

Wednesday, March 30, 2011


လွှတ်တော်နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

နာယကကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ ကြပါစေရန် ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ် ခင်ဗျား။

ဤလွှတ်တော်က ကျွန်တော့်အား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရပြီးနောက် ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ကို တာဝန်ခံရမည့် ကျွန်တော့်အနေဖြင့် ပြည်ထောင်စု အစိုးရသစ်ရဲ့ မူဝါဒ သဘောထား လမ်းစဉ်များကို ပြောကြားဖို့ တာဝန်ရှိ လာပါတယ်။

ကျွန်တော်နှင့်တကွ ကိုယ်စားလှယ်များ အားလုံးဟာ ပြည်သူက ရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စား လှယ်များ ဖြစ်ကြတဲ့အတွက် ပြည်သူအများ ထောက်ခံ အတည်ပြု ပေးထားတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက် သွားကြရမယ့် တာဝန် ရှိလာကြောင်း ပထမဦးစွာ ပြောကြားလိုပါတယ်။
အဲဒီလို တာဝန်ရှိလာ ကြတဲ့အတွက် ကျွန်တော်နှင့်တကွ ကိုယ်စားလှယ်များ အားလုံးတို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒီဥပဒေအရ တည်ဆောက်ကြမယ့် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို နှစ်နှစ်ကာကာ ယုံကြည်ချစ်ခင် မြတ်နိုးကြဖို့နဲ့ အသက်နဲ့ လဲလှယ်ပြီး ကာကွယ် စောင့်ရှောက်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ကိုလိုနီနယ်ချဲ့ အောက်က လွတ်မြောက်ဖို့အတွက် တိုင်းရင်းသား အားလုံး သွေးစည်း ညီညွတ်စွာဖြင့် လွတ်လပ်ရေးကို အသက်ပေးပြီး ရယူခဲ့ကြပေမယ့် လွတ်လပ်ရေးရပြီး နောက်ပိုင်း တိုင်းပြည်ကို ပြန်လည် ထူထောင်ကြရမယ့် အစား ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲတွေကြောင့် လက်နက်တွေစွဲကိုင်ပြီး တိုင်းရင်းသား အချင်းချင်း သွေးချောင်းစီး တိုက်ပွဲတွေ ဆယ်စုနှစ် ငါးခုလောက် ဖြစ်ပွားခဲ့လို့ ပြည်သူတွေ ဒုက္ခ ပင်လယ်ဝေခဲ့ကြရ တာကိုလည်း ကိုယ်စားလှယ်ကြီးများ အားလုံးအသိပဲ ဖြစ်ပါတယ်။

တိုင်းပြည် ဖရိုဖရဲ ပြိုကွဲတော့မယ့် အခြေအနေမျိုးနဲ့ ကြုံတွေ့ရတဲ့ အခါတိုင်း၊ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာ ဆုံးပါးရတော့မယ့် အခြေအနေမျိုး ဖြစ်ပေါ်လာတိုင်း တာဝန်သိပြီး သစ္စာရှိတဲ့ တပ်မတော်ဟာ တိုင်းပြည်ကို ဝင်ရောက်ကယ်တင် ထိန်းကျောင်း ပေးခဲ့ရတာ အကြိမ်ကြိမ် ရှိခဲ့ပါတယ်။ ယခုလည်းပဲ ၁၉၈၈ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အခြေအနေ ဆိုးတွေကို တပ်မတော် အစိုးရဟာ ဖယ်ရှားခဲ့ပြီး အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ နိုင်ငံတော်ကို အသစ်ပြန်လည် တည်ဆောက်ကာ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်အဖြစ် ဆက်လက်တည် ဆောက်ဖို့ ကျွန်တော်တို့ကို အမွေခံကောင်း တွေပေးထားခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ တပ်မတော် အစိုးရ အသင့်ခင်းပေး ထားတဲ့ လမ်းကိုလျှောက်၊ အသင့်ထိုးပေး ထားတဲ့ တံတားကို ဖြတ်ကျော်ပြီး ပို၍ တည်ငြိမ် အေးချမ်းသော နိုင်ငံ၊ ပို၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ရောက်အောင် ဆက်လက် တည်ဆောက်ကြဖို့ အတွက် ပြည်သူလူထုက ကျွန်တော်တို့အား ရွေးချယ် တာဝန်ပေးလာ ခဲ့ပြီဖြစ်ပါတယ်။ ဒီတာဝန်ကို ကျေပွန်ဖို့ အတွက် အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေ ရှိတဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေကို ချမှတ်ပြီး ကျွန်တော်တို့ အစိုးရသစ် အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သမိုင်းရဲ့ သင်ခန်းစာတွေအရ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန် အရေးသုံးပါးဟာ ကျွန်တော်တို့ လက်ထက်သာမက နောင်သားစဉ် မြေးဆက် လက်ထက်အထိပါ ကမ္ဘာတည်သရွေ့ နိုင်ငံသားတိုင်း လိုက်နာ စောင့်ရှောက်ကာကွယ် သွားကြရမယ့် အမျိုးသားရေး တာဝန်ဖြစ်တဲ့ အတွက် ကျွန်တော်တို့ အစိုးရလက်ထက် မှာလည်း ဒီတာဝန်ကြီး သုံးရပ်ကို ဦးထိပ်ပန်ဆင်ပြီး ဆက်လက် သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီတာဝန်ကြီး သုံးရပ်ကို အောင်အောင်မြင်မြင် ထမ်းဆောင် နိုင်ဖို့အတွက် ကျွန်တော်တို့နိုင်ငံမှာ အင်အား သုံးရပ် တောင့်တင်း နေဖို့ လိုပါတယ်။ အဲဒီ အင်အားတွေကတော့-
(၁) နိုင်ငံရေးအင်အား
(၂) စီးပွားရေးအင်အားနဲ့
(၃) နိုင်ငံတော် ကာကွယ်ရေး အင်အားတို့ ဖြစ်ပါတယ်။
နိုင်ငံရေး အင်အားဆိုတာ ကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပဲဖြစ်ပါတယ်။ လူမျိုးစုပေါင်း တစ်ရာ ကျော်နဲ့ စုစည်း နေထိုင်ကြတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးဟာ အလွန်အရေးကြီး ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရင် နိုင်ငံတော်ကြီးလည်း အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲပျက်စီး သွားမှာ ဖြစ်တဲ့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထူး အလေးထားပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာ ယခင်အတွေ့ အကြုံများအရ ပါးစပ်က ပြောနေရုံနဲ့ မရပါဘူး။ စားပွဲမှာထိုင်ပြီး ဆွေးနွေးနေရုံနဲ့လည်း ဖြစ်မလာနိုင် ပါဘူး။ ပထဝီ အနေအထားအရ ရေခြား မြေခြားဖြစ်နေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေကို တစ်ဆက် တစ်စပ်တည်း ဖြစ်သွားအောင် ကားလမ်းတွေ၊ မီးရထားလမ်းတွေ ဖောက်ပေးရပါမယ်။ တံတားတွေ ဆောက်ပေးရပါမယ်။ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်း တွေ မြှင့်တင် ပေးရပါမယ်။ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွား ဘဝတိုးတက် မြင့်မားလာအောင် စီးပွားရေး အခြေခံ ကောင်းတွေ ပြုလုပ်ပေး ရပါမယ်။ ဒီလမ်းတွေ၊ တံတားတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေကို အသုံးချပြီး တိုင်းရင်းသား တွေရဲ့ လူမှုဘဝ မြင့်မားလာအောင် မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။ မော်တော်ကား လမ်းတွေ၊ မီးရထား လမ်းတွေ၊ တံတားတွေ များများဖြစ်ပေါ် လာတာနဲ့အမျှ တစ်နေရာနှင့် တစ်နေရာ ကူးလူးဆက်သွယ် သွားလာမှုတွေ များပြားလာပြီး ''တွေ့ပါများတော့ ရင်းနှီး၊ မြင်ပါများတော့ ချစ်ခင်'' ဆိုသလို တိုင်းရင်းသား အချင်းချင်းချစ်ခင် ရင်းနှီးမှုတွေ ပိုမိုရှိလာမှာ ဖြစ်ပါတယ်။ ယခုလို ရုပ်ပိုင်းဆိုင်ရာ သာမက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးရဲ့ အခြေခံဖြစ်တဲ့ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ် ဖြစ်သော ပြည်ထောင်စု စိတ်ဓာတ်ထွန်းကား အောင်လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ မူဝါဒလမ်းစဉ် (၇) ရပ် နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံလို ကြသေးတဲ့ ပြည်တွင်းပြည်ပရှိ လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၊ ဥပဒေ ပြင်ပရှိ အဖွဲ့အစည်း များရှိနေကြ ပါတယ်။ ဒီပုဂ္ဂိုလ် အဖွဲ့အစည်းများဟာ မိမိတို့ နိုင်ငံသားများ ဖြစ်ကြပါတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးများ ဖြစ်ကြသလို ကျွန်တော်တို့ အစိုးရအဖွဲ့ ကိုလည်း ကိုယ့်တိုင်းရင်းသား တွေနဲ့ အဆင့်ဆင့် ပါဝင်ဖွဲ့စည်း ထားတဲ့ ကိုယ့်အစိုးရ အဖြစ်မြင်ဖို့ လိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း (၁၂) မှာ လုပ်ထုံး လုပ်နည်းများနဲ့ အညီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင် တဲ့ အခွင့်အရေး ပေးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့အလယ်မှာ ကိုယ့်တိုင်းပြည် ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုမူ ပြောဆိုခြင်း မပြုကြဖို့၊ ကိုယ့်နိုင်ငံသားတွေ ထိခိုက် နစ်နာအောင် မပြုလုပ်ကြဖို့ လိုအပ်ပါတယ်။

မတူညီတဲ့ သဘောထား အမြင်တွေ ရှိကြမှာ ဖြစ်သော်လည်း တိုင်းပြည်ရဲ့ အကျိုးစီးပွား အတွက် တူညီတဲ့ ကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြမယ်၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ကြပြီး လုပ်ပိုင်ခွင့် အာဏာကို တရားနည်းလမ်း ကျနစွာဖြင့် ရယူကြမယ် ဆိုရင် လူသာဓုခေါ်၊ နတ်သာဓုခေါ် ကြမှာဖြစ်တဲ့ အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ငြိမ်းချမ်းရေး တံခါးကို ဖွင့်ထားပြီး လက်ကမ်း ကြိုဆိုနေမှာ ဖြစ်ကြောင်း အသိပေး ပြောကြားအပ်ပါတယ် ခင်ဗျား။

ဒုတိယ အင်အားကတော့ စီးပွားရေး အင်အား တောင့်တင်းအောင် ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ စီးပွားရေး အင်အား မတောင့်တင်းရင် သူတစ်ပါးရဲ့ အထင်အမြင်သေးမှု၊ နှိမ့်ချမှုကို ခံရမှာဖြစ်ပါတယ်။ စီးပွားရေးဟာ နိုင်ငံရေးရဲ့ ကွင်းဆက်လည်း ဖြစ်ပါတယ်။ စီးပွားရေး အင်အားတောင့်တင်းရင် လူတွေဟာ ကောင်းကောင်းစားနိုင်၊ ဝတ်နိုင်၊ အဆင့်အတန်း ရှိရှိနေနိုင်မှာ ဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပ ဘေးပယောဂတွေ ဝင်လာနိုင်စရာ မရှိပါဘူး။

ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုးရေး နိုင်ငံဆိုပြီး အစိုးရအဆက်ဆက် စိုက်ပျိုးရေးကိုပဲ ဇောင်းပေးပြီး လုပ်ခဲ့ ကြပါတယ်။ အဲဒီလို လုပ်ခဲ့တဲ့အတွက် စားရေရိက္ခာဖူလုံမှု ရှိတဲ့အပြင် ပိုလျှံမှု လည်းရှိပါတယ်။ နောင်တိုးလာမယ့် လူဦးရေ အတွက်လည်း စားနပ်ရိက္ခာ အတွက် ပူပင်ကြောင့်ကြမှု မရှိရအောင် ဆည်မြောင်း တာတမံတွေ၊ မြစ်ရေတင် လုပ်ငန်းတွေ စသည်ဖြင့် လယ်ယာကဏ္ဍ အခြေခံကောင်းတွေ ရှိနေပြီ ဖြစ်ပါတယ်။ သို့သော်လည်း စိုက်ပျိုးရေးနဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံ ဖြစ်မလာနိုင်တဲ့ အတွက် ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံ၊ ချမ်းသာကြွယ်ဝ တဲ့နိုင်ငံ၊ အလုပ် အကိုင်တွေ ပေါများပြီး လူတစ်ဦးချင်း ဝင်ငွေတွေ တိုးပွားတဲ့ နိုင်ငံဖြစ်အောင် စက်မှုနိုင်ငံ ထူထောင်ရပါမယ်။

စက်မှုနိုင်ငံ ထူထောင်နိုင်ဖို့ အတွက် ကျွန်တော်တို့နိုင်ငံမှာ သဘာဝ အရင်းအမြစ် တွေရှိပါတယ်။ သို့သော်လည်း အရင်းအနှီးတွေ လိုပါတယ်။ စွမ်းအင်လိုပါတယ်။ အသိပညာရှင်၊ အတတ်ပညာရှင်စတဲ့ လူသားအရင်း အမြစ်တွေ လိုပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ထိုက်သင့်တဲ့ အမွေခံကောင်းတွေ ရရှိထားပြီး ဖြစ်လို့ ကျွန်တော်တို့ ကြိုးစားပြီး လုပ်သွားရင် ဖြစ်မလာနိုင်စရာ မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအနေနဲ့ လက်ရှိ တိုးတက်မှု ရှိနေတဲ့ စိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်မပျက် ဆက်လက် တိုးတက်အောင် ဆောင်ရွက်ရင်း စက်မှု နိုင်ငံအဖြစ် ကူးပြောင်း နိုင်အောင် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။

နိုင်ငံတော် ကာကွယ်ရေး အင်အားကတော့ မိမိတို့နိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးအတွက် သားစဉ်မြေးဆက် တည်ဆောက်သွားကြရမယ့် ကိစ္စဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေး အင်အား မတောင့်တင်းရင် သူတစ်ပါးရဲ့ အနိုင်အထက် ပြုကျင့်မှုကို ခံကြရမှာ ဖြစ်ပါတယ်။ ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ထီး ကိုယ့်နန်းနဲ့ နှစ်ပေါင်းရာထောင် ချီပြီးနေလာခဲ့ကြတဲ့ လူမျိုးဘဝက ကုန်းဘောင်ခေတ် ဇာတ်သိမ်းခန်းမှာ နယ်ချဲ့ လက်အောက်ကို လွယ်လွယ်ကလေးနဲ့ ကျရောက်ခဲ့ရခြင်းဟာ ခေတ်မီတဲ့ တပ်မတော် တစ်ရပ်မရှိခဲ့လို့ ဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးကို ပေါ့ပေါ့တန်တန်နဲ့ သဘောထားကြရင် ခေတ်သစ် ကျွန်ပြုခံရခြင်းမျိုးနဲ့ ကြုံတွေ့ကြရဦးမှာ ဖြစ်ပါတယ်။ ပထဝီ အနေအထား အရရော၊ စီးပွားရေးအရပါ အချက်အချာကျတဲ့ မိမိတို့နိုင်ငံကို နယ်ချဲ့လက်သစ်တွေ ဝင်ရောက် စွက်ဖက်ခြယ်လှယ် လိုတဲ့အန္တရာယ် ရှိနေတာကို နားလည် သဘောပေါက်ကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ်ရှိဖို့ လိုအပ်ပါတယ်။ လက်ရှိ တပ်မတော်ကို အင်အားတောင့်တင်းတဲ့ တပ်မတော်၊ စွမ်းရည်ရှိတဲ့တပ်မတော်၊ ခေတ်မီတဲ့တပ်မတော်၊ မျိုးချစ်စိတ်ထက် သန်တဲ့ တပ်မတော်ဖြစ်အောင် အားလုံးဝိုင်းပြီး တည်ဆောက်ကြရပါမယ်။ နိုင်ငံတော် ကာကွယ်ရေး အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် နိုင်ငံတော် ကာကွယ်ရေးကို နိုင်ငံသားအားလုံး ဝိုင်းပြီး တာဝန်ယူကြရ မှာဖြစ်ပါတယ်။

၂ဝဝ၈ခုနှစ်က ပြည်သူလူထု အများစု ဆန္ဒပြုခဲ့ကြတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟာ အတည်ဖြစ်ပြီး ဖြစ်တဲ့အတွက် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ ပါပြဋ္ဌာန်းချက်များနှင့် အညီ မိမိတို့အစိုးရ အနေဖြင့် တိကျစွာ အကောင်အထည် ဖော်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

နာယကကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
စီးပွားရေး ကဏ္ဍမှာ ပြီးခဲ့တဲ့နှစ်များအတွင်း ဈေးကွက်စီးပွားရေး စနစ်ပေါ်ပေါက် လာရေးအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံများ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကို ချမှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။ ပုဂ္ဂလိက ပိုင်ပြုလုပ်ရေး အပါအဝင်ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ ပြောင်းလဲမှုများကိုလည်း လုပ်ဆောင်ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဈေးကွက်စီးပွားရေး စနစ်ပီပီပြင်ပြင် ပေါ်ပေါက်လာဖို့၊ နိုင်ငံနဲ့ ပြည်သူရဲ့ အနာဂတ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မား လာဖို့အတွက် အရှိန်မြှင့် ဆောင်ရွက်သွားကြရမှာ ဖြစ်သလို ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ၊ အခွန်အကောက်ဆိုင်ရာ မူဝါဒများကိုလည်း လိုအပ်သလို ပြင်ဆင်ချမှတ် ကျင့်သုံး ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။

စီးပွားရေး မူဝါဒအဖြစ် ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးပြီး စီးပွားရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းစဉ်တွေရဲ့ အချုပ်ကတော့ ဈေးကွက် စီးပွားရေး စနစ်ပီပြင်စွာ ဖြစ်ထွန်းလာအောင် ဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ နိုင်ငံတော်၊ ဒေသဆိုင်ရာ အဖွဲ့အစည်း၊ သမဝါယမ၊ ပုဂ္ဂလိက စတဲ့စီးပွားရေး အင်အားစု အားလုံးကို ဈေးကွက်စီးပွား ရေးစနစ် ဘောင်အတွင်း သဟဇာတ မျှတစွာဖြင့် တစ်စုတစ်စည်းတည်း စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင် အောင် ရည်မှန်း ဆောင်ရွက် သွားပါ့မယ်။ ဒါ့အပြင် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများ ရှင်သန် ဖွံ့ဖြိုးရေးကိုလည်း အဘက်ဘက်က အားပေး ကူညီဆောင်ရွက် သွားမှာဖြစ်ပါတယ်။

ဈေးကွက် စီးပွားရေးဆိုရာမှာ ကျွန်တော်တို့ အနေနဲ့ နိုင်ငံနဲ့ပြည်သူ ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုပြီး ဖွင့်သင့်တာဖွင့်၊ ပြင်သင့်တာပြင်၊ ဖိတ်ခေါ်သင့်တာ ဖိတ်ခေါ်ပြီး ပီပီပြင်ပြင် ဆောင်ရွက်သွားမယ့် ဈေးကွက်စီးပွားရေး စနစ်မျိုးကို ရည်မှန်းထားပါတယ်။ အဲဒီလို ပြုပြင်ပြောင်းလဲ လုပ်ဆောင်ပြီး ဖြစ်ထွန်း သီးပွင့်လာတဲ့ အကျိုးစီးပွားများ ကိုလည်း အခြေခံ လူတန်းစား အောက်ခြေ အဆင့်အထိ ပြည်သူ တစ်ရပ်လုံးဆီကို စီးဆင်းပျံ့နှံ့ ရောက်ရှိစေပြီး အသီးသီးမျှဝေ ခံစားနိုင်အောင် ရည်မှန်းဆောင်ရွက် သွားပါ့မယ်။ အဲဒီလို အောက်ခြေအထိ အကျိုးစီးပွားတွေ စီးဆင်းပျံ့နှံ့ခံစား နိုင်ပြီး ပြည်သူတစ်ရပ်လုံးရဲ့ လူမှုစီးပွား ဘဝ တိုးတက်မြင့်မား လာအောင် ရည်မှန်းကာ လိုအပ်တဲ့မူဝါဒတွေ၊ ဥပဒေတွေ ချမှတ်ပြဋ္ဌာန်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဈေးကွက်စီးပွားရေး စနစ်နဲ့ပတ်သက်ပြီး နိုင်ငံတကာမှာ အယူအဆ အမျိုးမျိုး ရှိကြသလို လုပ်နည်းလုပ်ဟန် တွေလည်း ကွဲပြားခြားနား ကြပါတယ်။ အချို့နိုင်ငံတွေမှာ ဈေးကွက်ကို လုံးဝလွှတ်ထား ပေးတာမျိုး ရှိသလို အချို့ နိုင်ငံတွေမှာတော့ အစိုးရက အတိုင်းအတာ တစ်ခုအထိဝင်ပြီး ထိန်းပေး နေရတာမျိုးတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အစိုးရက အတိုင်းအတာ တစ်ရပ်အထိ ထိန်းသိမ်းပံ့ပိုး ဆောင်ရွက်ပေးတဲ့ ဈေးကွက် စီးပွားရေး စနစ်မျိုးကို ရည်မှန်းပါတယ်။ ဝင်ထိန်းပေးမယ် ဆိုတာလည်း ဈေးကွက်ရဲ့ လွတ်လပ်မှုကို ထိန်းချုပ်လိုတဲ့ သဘောမျိုး မဟုတ်ဘဲ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ် ခြယ်လှယ်တာမျိုး မဖြစ်ရအောင် ထိန်းကျောင်း တည့်မတ်ပေးတာမျိုး ကိုသာ ရည်ရွယ်ပါတယ်။ အမျိုးသား အကျိုးစီးပွားကို အခြေခံပြီး ဝင်ရောက် ထိန်းကျောင်းမှုမျိုးသာ လုပ်သွားမှာ ဖြစ်တဲ့အပြင် တတ်နိုင်သမျှ ဝင်ရောက်စွက်ဖက်မှု၊ ထိန်းချုပ်မှု အနည်းဆုံးဖြစ်အောင် ရပ်တည် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ဆင်းရဲချမ်းသာ ကွာဟမှုလျှော့ချရေး၊ မြို့ပြကျေးလက် လူနေမှုအဆင့် ကွာဟမှု လျှော့ချရေးတို့ကို ထည့်သွင်းစဉ်းစားပြီး သဟဇာတမျှတတဲ့ ဈေးကွက်စီးပွားရေး စနစ် ပေါ်ထွန်းလာအောင် လုပ် ဆောင်ဖို့လိုပါတယ်။ နိုင်ငံတော်မှာ လိုအပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းများနဲ့ နည်းပညာ ကျွမ်းကျင်မှုများ ရရှိစေဖို့အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ခြင်း၊ အထူးစီးပွားရေးဇုန် ဖော်ဆောင်ခြင်းများ ဆောင်ရွက် သွားမှာဖြစ်သလို ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင်များရဲ့ စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်နိုင်အောင်လည်း ကူညီဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။

နောက်တစ်ချက်က တိုင်းပြည် တကယ် ခေတ်မီဖွံ့ဖြိုး တိုးတက်စေချင်တယ်၊ စီးပွားရေး တကယ်အောင်မြင် မြင့်မားစေချင်တယ် ဆိုရင် စက်မှုကဏ္ဍကို အဓိကထားပြီး ဆောင်ရွက်ရပါမယ်။ ဒါကြောင့် တပ်မတော်အစိုးရက စက်မှုနိုင်ငံ အဆင့်ကို လှမ်းတက်နိုင်ဖို့ တတ်စွမ်းသမျှ ကြိုးပမ်း ဖော်ဆောင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ ခေတ်မီ စက်မှုနိုင်ငံ တစ်နိုင်ငံရဲ့ အစခရီးကို စတင် လျှောက်လှမ်းနိုင်ခဲ့ပြီး ဆက်လက် တိုးတက်ဖွံ့ဖြိုးလာမယ့် အလားအလာ ကောင်းများကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စက်မှုနိုင်ငံ အဆင့် တက်လှမ်းနိုင်ဖို့ ကြိုးပမ်းရာမှာ စိုက်ပျိုးရေး ကဏ္ဍကရရှိလာတဲ့ ဓနအင်အားနှင့် ပြည်တွင်းပြည်ပ အရင်းအနှီးများကို ရယူပြီး ခေတ်မီ စက်မှုနိုင်ငံအဖြစ် ထူထောင်သွားဖို့ ရည်မှန်းထားပါတယ်။

တောင်သူလယ်သမား၊ အလုပ်သမားများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးပံ့ပိုး ဆောင်ရွက်သွားဖို့လည်း ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ တောင်သူလယ်သမား အခွင့်အရေးများကို ကာကွယ်စောင့် ရှောက်တဲ့ဥပဒေများ အစဉ်ခေတ်မီ ပြည့်စုံနေအောင် ပြဋ္ဌာန်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာထွက်ကုန်များ သင့်တင့်သော ဈေးနှုန်းရရှိရေး၊ လယ်ယာထွက်ကုန်များ အရည် အသွေးမြင့်မားရေး တို့ကိုလည်း မြှင့်တင်လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ အလုပ်သမားများနဲ့ တစ်နေ့စာတစ်နေ့ ရှာဖွေစားကြရတဲ့ လက်လုပ်လက်စား သမားများ အတွက်လည်း အဓိကအားဖြင့် အလုပ်အကိုင် အခွင့်အလမ်း ပေါ များရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး၊ လုပ်ငန်းခွင် သက်သာချောင်ချိရေး၊ လူမှုဖူလုံရေး ခံစားခွင့်များ ရရှိရေးတို့ကို ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အပြင် အခြားတစ်ဖက်ကလည်း အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို လက်ရှိဖြစ်ပေါ် နေတဲ့ လူနေမှုစရိတ်နဲ့ မျှတလိုက်လျော ညီထွေဖြစ်အောင် ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ အလုပ်သမားများရဲ့ အခွင့်အရေးများ သာမက ပြည်ပမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားများရဲ့ တရားဝင် အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်ဖို့အတွက် ကိုလည်း ကြိုးပမ်းလုပ်ဆောင် ပေးသွား မှာဖြစ်ပါတယ်။ အချုပ်ပြောရရင် တောင်သူလယ်သမားနဲ့ အလုပ်သမားများဟာ နိုင်ငံတော်ရဲ့ အဓိကလူတန်းစား များဖြစ်တဲ့အတွက် လုပ်လျှင် လုပ်သလောက် အကျိုးခံစားခွင့် ရရှိအောင်၊ သင့်တင့်မျှတတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ပြီး နောင်ရေးအတွက် ပူပင်ကြောင့်ကြဖို့ မလိုတဲ့ အဆင့်မျိုး ရောက်ရှိလာအောင် ကျွန်တော်တို့ အစိုးရအဖွဲ့က ကြိုးပမ်း ဖော်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
ကျွန်တော်တို့နိုင်ငံကို ခေတ်မီတဲ့၊ ဖွံ့ဖြိုးတဲ့၊ တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်အဖြစ် တည်ဆောက် ရာမှာ ထူးချွန်တဲ့ လူ့စွမ်းအား အရင်းအမြစ်ဖြစ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အများကြီး လိုအပ်မှာဖြစ် ပါတယ်။ အနာဂတ် နိုင်ငံတော်ကို တာဝန်ယူ ဆောင်ရွက်ကြရမယ့် မျိုးဆက်သစ် လူငယ်များ အပါအဝင် တစ်နိုင်ငံလုံးရဲ့ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဟာ အခြေခံကျတဲ့ လိုအပ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ပညာရေး ကဏ္ဍကို နိုင်ငံတကာ အဆင့်မီ မြင့်မားလာအောင် တိုးတက်မြှင့်တင် ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အလေးထား အားပေးဆောင်ရွက် သွားရမှာပဲ ဖြစ်ပါတယ်။

ပညာရေးကဏ္ဍမှာ အထူးဖွံ့ဖြိုးရေး ဒေသကြီး (၂၄) ခု သတ်မှတ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းမှာ အဆင့်မြင့် ပညာများကို မိမိဒေသ အတွင်းမှာပဲ သင်ယူနိုင်အောင် တက္ကသိုလ်၊ ကောလိပ်များ ရှိနေပြီ ဖြစ်ပါတယ်။ အခြေခံပညာ အဆင့်မှာလည်း ကျေးလက်ဒေသများမှာ စာသင်ကျောင်းပေါင်း များစွာ ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ကျင့်သုံးနေတဲ့ အခမဲ့ မသင်မနေရမူလတန်း ပညာရေးစနစ်ကို ကြိုးပမ်း အကောင်အထည် ဖော်ဆောင်သွားမှာ ဖြစ်တဲ့အပြင် လက်ရှိဖွင့်လှစ်ပြီး တက္ကသိုလ်၊ ကောလိပ်များ၊ အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းကျောင်းများရဲ့ အရည်အသွေး မြှင့်တင်ရေး၊ သင်ထောက်ကူ ပစ္စည်းများပိုမို အသုံးပြုနိုင်ရေး၊ ပညာရေး ဝန်ထမ်းများရဲ့ အရည် အချင်းမြင့်မားရေးနဲ့ ၎င်းတို့ရဲ့ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေး၊ အလယ်တန်းနဲ့ အထက်တန်းကျောင်း တက်ရောက် မှုနှုန်းမြင့်မား လာရေးတို့ကို ဆက်လက် ဆောင်ရွက်ရင်း နိုင်ငံတကာ အဆင့်မီပညာရေး အဆင့်အတန်းကို တက်လှမ်းနိုင်ဖို့ ကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုရေး အသင်းအဖွဲ့များနဲ့လည်း ပူးပေါင်းလုပ်ဆောင် သွားမှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း ပုဂ္ဂလိက ကဏ္ဍပညာရေး ဝန်ဆောင်မှုများကို သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီး စနစ်တကျ ဖော်ဆောင်နိုင်အောင် ဆောင်ရွက် သွားပါ့မယ်။ ဒါ့အပြင် ပြည်ပမှာ အဆင့်မြင့် ပညာများကို သင်ယူလေ့လာနိုင်ဖို့ အတွက် ပညာတော်သင်ဆုများ၊ ပြည်တွင်းမှာ ပညာရည် ထူးချွန်သူများ အတွက် ပညာသင် ထောက်ပံ့ကြေးများကိုလည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေး ကဏ္ဍမှာဆိုရင်လည်း ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်စုအတွင်း တိုးချဲ့ဖွင့်လှစ်ခဲ့တဲ့ ဆေးရုံကြီးများရဲ့ အရည်အသွေးနဲ့ ကျန်းမာရေး ဝန်ထမ်းများရဲ့ အရည်အသွေး မြင့်မားရေးကို အလေးထား လုပ်ဆောင်သွားမှာဖြစ် ပါတယ်။ ဒါ့အပြင် ကျေးလက်ကျန်းမာရေး ဆေးပေးခန်းများနဲ့ ကျန်းမာရေး လုပ်သားများရဲ့ အရည်အသွေးနဲ့ ကျွမ်းကျင်မှုများ ကိုလည်း မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုရေး အသင်းအဖွဲ့ များနဲ့လည်း ပူးပေါင်းလုပ်ဆောင် သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး စနစ်တကျရှိစေရေး အတွက် လိုအပ်တဲ့ ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။ အနာဂတ်မှာ နိုင်ငံတော်၊ ပြည်သူနဲ့ ပရဟိတ အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တစ်ခုကို ထူထောင်ပြီး အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားဖို့ ရည်မှန်းထား ပါတယ်။ အိတ်ခ်ျအိုင်ဗွီ၊ အေ့စ်၊ အဆုတ်ရောဂါနဲ့ ငှက်ဖျားစတဲ့ ရောဂါသုံးမျိုး ကာကွယ်ကုသရေးနဲ့ ပတ်သက်ပြီး အမျိုးသားအဆင့် စီမံချက်များမှာလည်း နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား
အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်မှာ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ အညီ ကျင့်သုံးနိုင်ရေး ဟာလည်း ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ ဦးစားပေးလုပ်ငန်း တစ်ရပ်ဖြစ်ပါ တယ်။ ဥပဒေအရာမှာ နိုင်ငံသားအားလုံး တန်းတူခံစားခွင့် ရရှိအောင် အကာအကွယ် ပေးသွားမှာဖြစ်ပြီး တရားရေး မဏ္ဍိုင်ကိုလည်း ခိုင်ခံ့အောင် တည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုဟာ လူတစ်ဦးချင်း ထိခိုက်စေသည် သာမက နိုင်ငံနဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ပြည်သူရဲ့ အကူအညီကို ရယူပြီး ထိရောက်စွာ တားဆီးသွားပါမယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ တစ်နည်းအားဖြင့် လူ့အခွင့်အရေးများနဲ့ ပတ်သက်ပြီး အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်နိုင်ဖို့ အတွက် တည်ဆဲ ဥပဒေများကို လိုအပ်ပါက ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းခြင်း တို့ကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်ဖို့အတွက် လေ့လာသုံးသပ်မှုများကို အမြန်ဆုံးပြုလုပ်ပြီး ဒီလေ့လာတွေ့ ရှိချက်များ အပေါ် အခြေခံကာ ပြည်ထောင်စု လွှတ်တော်အနေနဲ့ လိုအပ်တဲ့ ဥပဒေပြုရေးရာ လုပ်ငန်းများ လုပ်ဆောင်နိုင်ဖို့ အတွက် ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ကျွန်တော်တို့ ဆောင်ရွက်ရမယ့် နောက်ထပ်တာဝန် တစ်ရပ်ကတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် သစ်တောသစ်ပင် ထိန်းသိမ်းရေးကို အလေးထားမှာ ဖြစ်သလို လေထုညစ်ညမ်းမှုနဲ့ ရေထုညစ်ညမ်းမှုများ လျှော့ချရေး၊ စက်ရုံသုံးစွန့်ပစ် ပစ္စည်းများ ထိန်းသိမ်းကြပ်မတ်ရေး၊ သဘာဝသားငှက် တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကိုလည်း ဘက်စုံ ထောင့်စုံက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်ကို ဟန်ချက်ညီညီနဲ့ ထိန်းညှိ ဆောင်ရွက်ပေးမယ့် မူဝါဒတစ်ရပ်ကို ချမှတ်သွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများမှာ ပြည်သူများနဲ့ ပရဟိတလူမှု အဖွဲ့အစည်းများ ပါဝင်လာအောင် စည်းရုံး ဆောင်ရွက် သွားမှာဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဲ့သို့သော နည်းပညာတွေကို ကုန်ကျစရိတ် သက်သာစွာနဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဥပဒေ များကိုလည်း ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အသစ်ပြဋ္ဌာန်း နိုင်ရန် ဆောင်ရွက်ခြင်းတို့ကို အလေးထား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ ရရှိပြီးဖြစ်တဲ့ အခြေခံကောင်းများကို ဆက်ခံထိန်းသိမ်းပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်မှုများကို တည်ဆောက်နိုင်ဖို့၊ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို သဟဇာတ မျှတပြီး စည်းလုံးညီညွတ်တဲ့ လူ့အဖွဲ့ အစည်းအဖြစ် တည်ဆောက်နိုင်ဖို့၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို အာမခံနိုင်ဖို့ဆိုတဲ့ ပြည်တွင်း ရေးရာမူဝါဒ များကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ကတိပြုပြောကြား အပ်ပါတယ်ခင်ဗျား။

ကျွန်တော်တင်ပြခဲ့တဲ့ ပြည်တွင်းရေးရာမူဝါဒများကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ အောက်ဖော်ပြပါ ဥပဒေပြုရေး အစီအစဉ်များကို သက်ဆိုင်ရာ လွှတ်တော်များသို့ တင်သွင်းပြီး အကောင်အထည် ဖော်နိုင်အောင် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်-
(၁) တည်ဆဲဥပဒေများမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆီလျော်သော အချက်များကို ပြန်လည်ပြင်ဆင်ခြင်း။
(၂) နိုင်ငံသားများ၏ မူလအခွင့်အရေးများကို အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီဖော်ဆောင် ပေးနိုင်မည့် ဥပဒေကြမ်းများ တင်သွင်းခြင်း။
(၃) ဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းလစာများကို အခြေအနေ အချိန်အခါအရ ပြင်ဆင်သတ်မှတ် သည့် ဥပဒေကြမ်း ပြဋ္ဌာန်းခြင်း။
(၄) တောင်သူလယ်သမားများ၏ လယ်ယာလုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့် ဥပဒေများ ပြုစုနိုင်ရေးလေ့လာ ခြင်း၊ လက်ရှိဥပဒေများကို ခေတ်နှင့်အညီ ပြင်ဆင်နိုင်ရေး အတွက် ပြန်လည်သုံးသပ်ခြင်း။
(၅) အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် ကာကွယ်စောင့်ရှောက်သည့် ဥပဒေ များကို ခေတ်နှင့်အညီ ပြင်ဆင်နိုင်ရေး အတွက် ပြန်လည်သုံးသပ်ခြင်း။
(၆) ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုဖူလုံရေး ဥပဒေကို ခေတ်နှင့်အညီ ပြန်လည်ပြုပြင်ရေး ဆွဲ၍ ဥပဒေကြမ်းအဖြစ် တင်သွင်းခြင်း။
(၇) ပညာရေးနှင့် ကျန်းမာရေး အဆင့်အတန်းမြှင့်တင်ရေး အတွက် ဥပဒေကြမ်းများ ပြဋ္ဌာန်းခြင်း။
(၈) စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ခေတ်နဲ့မလျော်ညီတဲ့ စာပေစာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ပြဋ္ဌာန်းခြင်း။
(၉) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေများပြဋ္ဌာန်းခြင်း၊ စက်မှုလက်မှုလုပ်ငန်း၊ သတ္တု တူးဖော်ရေး လုပ်ငန်းများနှင့် ပတ်သက်သည့် ဥပဒေများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ခြင်း။
(၁ဝ) ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် မမျှော်မှန်းနိုင်သော သဘာဝဘေး အန္တရာယ်များ နှင့်ပတ်သက်၍ ကူညီ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးနှင့် သဘာဝဘေး အန္တရာယ် ရေရှည် ကာကွယ်နိုင်ရေး တို့အတွက် လိုအပ်သည့် အစီအမံများကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ဆောင် ရွက်နိုင်ရန် ပြဋ္ဌာန်းခြင်း။

နာယကကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား
ပြည်တွင်းရေးရာ မူဝါဒအချို့နဲ့ ပတ်သက်လို့ တင်ပြအပြီးမှာ နိုင်ငံခြားရေးမူဝါဒကို ဆက်လက်တင်ပြလိုပါတယ်။ လွတ်လပ်ရေး ရရှိချိန်က စတင်ပြီး နိုင်ငံ့တာဝန်ကို ယူခဲ့တဲ့အစိုးရ အဆက်ဆက်ဟာ နိုင်ငံရေး၊ စီးပွားရေး မူဝါဒများ၊ သဘောတရား ရေးရာများမှာသာ ကွဲပြားခြားနားမှု ရှိခဲ့ပေမယ့် နိုင်ငံခြားရေး မူဝါဒမှာတော့ ဘက်မလိုက်တဲ့၊ လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ချက်နဲ့ အညီ နိုင်ငံတကာ ဆက်ဆံရေးကို ကျင့်သုံးခြင်းများမှာ တူညီခဲ့ကြပါတယ်။ မည်သည့်နိုင်ငံကြီးရဲ့ သြဇာကိုမှ မနာခံခဲ့တာ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ မည်သည့်အုပ်စု ဘက်ကမှ ပါဝင်ခဲ့ခြင်း မရှိခဲ့တာ၊ မည်သည့်နိုင်ငံက နိုင်ငံခြား တပ်ဖွဲ့ကိုမျှ မြန်မာ့မြေပေါ်မှာ အခြေချခွင့်မပြုခဲ့တာ၊ မည်သည့်နိုင်ငံကိုမျှ ရန်စကျူးကျော်ခြင်း၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့တာ၊ နိုင်ငံတကာနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးကို ထိပါးမှု မပြုခဲ့တာတို့ဟာ အစဉ်အဆက် မြန်မာ့နိုင်ငံခြားရေး မူဝါဒရဲ့ ဂုဏ်ယူစရာ အချက်များပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း အဲဒီဂုဏ်ယူဖွယ်ရာ နိုင်ငံခြားရေးမူဝါဒ အစဉ်အလာများကိုပဲ မယိမ်း မယိုင်ဆက်ခံ ကျင့်သုံးသွားမှာဖြစ်ပြီး နိုင်ငံအားလုံးနဲ့ မိတ်ဝတ်မပျက် ဆက်ဆံသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အာဆီယံ၊ ဘင်းမ်စတက်နဲ့ အခြားဒေသတွင်း အဖွဲ့အစည်းများမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရင်း ဂုဏ်သိက္ခာရှိတဲ့ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်ကျေပွန်စွာ ထည်ထည်ဝါဝါ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ပီပီပြင်ပြင် ပေါ်ပေါက်လာတာ၊ မြန်မာပြည်သူ များရဲ့ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်တာကို မြင်လိုပါတယ်ဆိုတဲ့ နိုင်ငံအချို့အနေနဲ့လည်း ဒီနေ့မြန်မာ့အရေး အပြု သဘောဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများကို အသိအမှတ်ပြု လက်ခံပေးကြဖို့နဲ့ လက်ရှိကျင့်သုံးနေတဲ့ ဖိအားပေးမှုများ၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းများဘက်မှ အားပေး ထောက်ပံ့နေမှုများ၊ စီးပွားရေး အနိုင့်အထက် ပြုကျင့်မှုများကို အမြန်ဆုံး ရပ်ဆိုင်းပြီး အခြေခံ ဥပဒေနဲ့အညီ ပေါ်ပေါက်လာပြီ ဖြစ်တဲ့ ကျွန်တော်တို့ အစိုးရအဖွဲသစ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကို ရွေးချယ် ဆောင်ရွက်သွားကြဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း ဖိတ်ခေါ်တိုက်တွန်း အပ်ပါတယ်ခင်ဗျား။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
ဒီကနေ့ကစပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် စတင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ရဲ့ ပထမခြေလှမ်းဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး နောက်ပိုင်းမှာ ရှေ့ဆက် ဆောင်ရွက်ရမယ့် လုပ်ငန်းများစွာ ကျန်ရှိနေပါသေးတယ်။ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍအားလုံးမှာ အခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီ နည်းလမ်းတကျ လုပ်ဆောင်ရေးအတွက် ဆက်လက် ဆောင်ရွက်ဖို့ လိုအပ်သလို ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ အကြား၊ ပြည်ထောင်စု လွှတ်တော်နဲ့ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များ အကြား ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် နားလည်မှုများ ရရှိအောင် တည်ဆောက် ယူကြရဦးမှာ ဖြစ်ပါတယ်။ ဥပဒေပြု လွှတ်တော်အဆင့်ဆင့်မှာ ပါဝင်လာတဲ့ ကိုယ်စားလှယ်များ အကြားမှာလည်း ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုတွေကို တည်ဆောက်ကြရဦးမှာဖြစ် ပါတယ်။ ဒါ့အပြင် မူဝါဒလမ်းစဉ် (၇) ရပ်အပေါ် သံသယရှိ နေသေးတဲ့ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်သေး သူများကိုလည်း သူတို့သံသယတွေ ပျောက်ပြီး အမျိုးသား အကျိုးစီးပွားအတွက် ပါဝင်ပူးပေါင်းလုပ်ဆောင် လာအောင် ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ စေတနာတွေကို ပြသနိုင်ဖို့ လိုအပ်နေပါသေးတယ်။ အလားတူ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များအပေါ် အပြုသဘောမမြင်နိုင်သေးတဲ့ နိုင်ငံအချို့ကိုလည်း ကျွန်တော်တို့သည် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်၊ အနှစ်သာရရှိရှိ ကျင့်သုံး ဖော်ဆောင်နိုင်အောင် ကြိုးပမ်းစွမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ် ဆိုတာကို သိမြင်နားလည် လက်ခံလာအောင် ပြသဖို့လိုပါ သေးတယ်။

ဒီမိုကရေစီစနစ် ကိုပြောင်းလဲရာမှာ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ အတွင်းမှာ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားအောင် ဆောင်ရွက်ဖို့ လိုသလို ပြည်သူလူထု အတွင်းမှာလည်း ဒီမိုကရေစီ ကျင့်စဉ်များထွန်းကားအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီလုပ်ငန်းတွေကို လုပ်ဆောင်တဲ့အခါ ကျွန်တော်တို့ အစိုးရအဖွဲ့ဟာ လွှတ်တော် အတွင်းရှိ နိုင်ငံရေး ပါတီများ၊ လွှတ်တော်ပြင်ပရှိ စိတ်ရင်းစေတနာ မှန်ကန်တဲ့ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြုပြောကြား လိုပါတယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံသူ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို လိုလားသူတိုင်းဟာ အခြေခံဥပဒေ ဘောင်ထဲကသာ နိုင်ငံနဲ့ လူမျိုးအကျိုး ဆောင်ရွက်ကြဖို့နဲ့ အခြေခံဥပဒေ ပြင်ပနည်းလမ်းများ ကျင့်သုံးပြီး လက်ရှိ ဒီမိုကရေစီ ဖော်ဆောင်မှုကို ပျက်ပြားအောင်၊ တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ခြင်းများ မပြုကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။ ပြည်ထောင်စု အစိုးရအနေနဲ့ အခြေခံဥပဒေ ဘောင်အတွင်းက လုပ်ဆောင်မှု အားလုံးကို ကြိုဆိုမှာဖြစ်သလို အခြေခံဥပဒေ ပြင်ပက လုပ်ဆောင်မှုများ အားလုံးကိုလည်း လက်မခံဘဲ ထိုက်သင့်တဲ့ တားဆီးကာကွယ်မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒီမိုကရေစီဟာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ တွဲဖက်မှ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်အစမှာ တာဝန်ယူရတဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပေါ်ပေါက်လာအောင် အလေးထား လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
မြန်မာနိုင်ငံမှာ တာဝန်သိမှုနှင့် လွတ်လပ်မှုကို ဟန်ချက်ညီညီ ကျင့်သုံးနိုင်တဲ့ ဒီမိုကရေစီစနစ်ကို အောင်မြင် အောင်ဖော်ဆောင်နိုင်ရေး တာဝန်ဟာ ကျွန်တော်တို့အားလုံးရဲ့ ပခုံးပေါ်ကို ဒီနေ့ ကျရောက်လာခဲ့ပါပြီ။ ပြည်သူများက ဒီတာဝန်ကို ထမ်းဆောင်နိုင်ဖို့ အတွက် လွှတ်တော် ကိုယ်စားလှယ်ကြီးများ အပေါ် ယုံယုံကြည်ကြည် အပ်နှင်းခဲ့ ကြပြီးဖြစ်သလို လွှတ်တော် ကိုယ်စားလှယ်ကြီးများ ကလည်း အုပ်ချုပ်ရေးမဏ္ဍိုင်ကို တာဝန်ယူဖို့အတွက် ကျွန်တော်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကို ယုံယုံကြည်ကြည်နဲ့ အတည်ပြု အပ်နှင်းခဲ့ကြပြီး ဖြစ်ပါတယ်။ ဒီလို အင်မတန် ကြီးလေးတဲ့ တာဝန်ကြီးကို အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ဖို့ အတွက် ကျွန်တော်တို့ဟာ အားလုံးနဲ့ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ အနေနဲ့လည်း လွှတ်တော်အတွင်း လုပ်ငန်းများ ဆောင်ရွက်ရာမှာ သဘောထား အမြင်များ ကွဲပြားကောင်း ကွဲပြားမှာ ဖြစ်သော်လည်း အမျိုးသား အကျိုးစီးပွားကို တူညီတဲ့လုပ်ငန်း အဖြစ်ခံယူပြီး ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ အကြံပြုလိုပါတယ်။ ထို့အတူ နိုင်ငံရေးပါတီ အသီးသီးက လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့လည်း ဥပဒေပြုရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ အများစု၏ ဆန္ဒကို လိုက်နာခြင်း၊ အနည်းစုရဲ့ဆန္ဒကို အလေးထားခြင်း ဆိုတဲ့ ဒီမိုကရေစီ ကျင့်စဉ်များနဲ့အညီ အပြန်အလှန် အလေးထား ဆက်ဆံသွားကြဖို့ တိုက်တွန်းလို ပါတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးမှာ အစဉ်အလာလို ဖြစ်နေတဲ့ အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ပဋိပက္ခအသွင် ဆောင်တဲ့ အမြင် သဘောထားများကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသား အကျိုးစီးပွား အပေါ်အခြေခံပြီး လုပ်ဖော်ကိုင်ဖက်များ အဖြစ် သဘောထား လက်တွဲဆောင်ရွက် သွားကြဖို့လည်း အားလုံးကို တိုက်တွန်းလိုပါတယ်။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊ တည်ငြိမ်အေးချမ်းဖို့ အတွက်ဆိုရင် အစိုးရရဲ့ အာဏာစက်ဟာ တိုင်းပြည် အနှံ့ပျံ့နှံ့ လွှမ်းခြုံသက်ဝင် နေရမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ အာဏာတည်သလို နိုင်ငံတကာ နယ်ပယ်မှာလည်း လေးစား ခန့်ညားလောက်တဲ့ အဆင့်အတန်းမျိုး ပိုင်ဆိုင်နေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်ရင်း တစ်ဖက်ကလည်း ခိုင်မာအား ကောင်းတဲ့ အစိုးရတစ်ရပ် အဖြစ် ပိုင်ပိုင်နိုင်နိုင် ရပ်တည်သွားနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား
နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဟာ ၁၉၈၈ ခုနှစ်ကနေ ဒီကနေ့အထိ ကာလအတွင်း အနာဂတ် ဒီမိုကရေစီ နိုင်ငံတော် အတွက် လိုအပ်မယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခြေခံကောင်းများ ကို တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ ဆက်လက်တည်ဆောက် ရမယ့် အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်အတွက် လိုအပ်တဲ့ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု၊ ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများကို ခိုင်ခိုင်မာမာ တည်ဆောက်ပေးခဲ့တဲ့ ပြည်သူများ၊ တပ်မတော်သားများ၊ နိုင်ငံ့ဝန်ထမ်း များအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ပြည်ထောင်စုလွှတ်တော်ကလည်း ဒီလုပ်ဆောင် ချက်များကို အလေးထား မှတ်တမ်းတင်ပေးဖို့ တိုက်တွန်းအပ်ပါတယ် ခင်ဗျား။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ကို တစ်ခဲနက် ထောက်ခံရွေးချယ် တာဝန်ပေးအပ်လိုက်တဲ့ ပြည်သူလူထုရဲ့ အဆုံးအဖြတ် အပေါ် တန်ဖိုးထားလေးစားပြီး နိုင်ငံ့တာဝန်၊ ပြည်သူ့တာဝန်များကို ဦးဆွေးဆံမြေ့ ထမ်းရွက် သည်ပိုးရင်း နိုင်ငံနဲ့ ပြည်သူရဲ့ အနာဂတ်ဘဝ သာယာလှပအောင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ထွန်းကားတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး ရေရှည်တည်တံ့ ရှင်သန်အောင် ကျွန်တော်တို့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှကြိုးပမ်းမြှင့်တင် စွမ်းဆောင်သွားပါမယ်လို့ ကတိပြုပြောကြားရင်း တစ်ဖက်ကလည်း ကျွန်တော်တို့နဲ့ အတူ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကိုယ့်တိုင်းပြည်အတွက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြပါလို့ ဖိတ်ခေါ် တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ် ခင်ဗျား။











ရက်စွဲ။ ။ ၂၀၁၁ ခုနှစ် မတ်လ ၃0 ရက်
နေရာ။ ။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၊ နေပြည်တော်

နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ကြေညာချက်အမှတ် ၅/ ၂၀၁၁



နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ကြေညာချက်အမှတ် ၅/ ၂၀၁၁

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်၍ အာဏာတည်ခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်၊ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအား သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခြင်း၊ ရွေးချယ်တင်မြှောက်ခြင်းနှင့် လွှတ်တော်၏ သဘောတူညီချက် ရယူခြင်းများကို ဆောင်ရွက်ပြီး ဖြစ်ပါသည်။ သို့ပါ၍ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်၏ သဘောတူညီချက် ရယူခြင်းများ ဆောင်ရွက်ပြီးသည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအား ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာ ပြုပြီးသည့် အချိန်မှစ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ကျင့်သုံးလျက်ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အာဏာများကို လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာလိုက်သည်။ အထက်အပိုဒ် ၂ ပါ အတိုင်း ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ ကတိသစ္စာပြုပြီးသည့် အချိန်မှစ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်သည်






 
MYANMAR GAZETTE - မီးပြတိုက်