နိုင်ငံတော် သမ္မတကြီး၏ သတင်းစာရှင်းလင်းပွဲ (၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်၊ ဟိုတယ် နီကိုး၊ ဘာလီကျွန်း၊ အင်ဒိုနီးရှားနိုင်ငံ)

Saturday, November 19, 2011

သမ္မတကြီးနှင့် သတင်းစာဆရာများ
-၀ဲမှယာ ဒေါ်ခင်စိုးဝင်း(ဗီအိုအေ)၊ ဦးတင်မောင်အေး(အဆာဟီရှင်ဘွန်း)အင်ဒိုနီးရှားတမ်ပိုသတင်းထောက်၊ ဦးခင်မောင်စိုး(အာရ်အက်အေ)၊ သမ္မတကြီး၊ ဦးကိုကို(ရန်ကုန်မီဒီယာ)၊ ဦးမြတ်သူရ(ကျိုဒိုသတင်း)၊ ကျော်ဆုမွန်(မြန်မာတိုင်းမ်)၊ တမ်ပိုသတင်း ထောက်။



အသံဖိုင် အပြည့်အစုံ


နိုင်ငံတော်သမ္မတကြီးကို RFA သတင်းထောက်ဦးခင်မောင်စိုး ၊ ဦးကိုကို ( ကိုကို -စက်မှုတက္ကသိုလ် ) တို့နှင့်အတူ ရင်းရင်းနှီးနှီးတွေ့ရစဉ် ။



မေး- ဘီဘီစီက ကိုချိုပါခင်ဗျ။ အခုဆိုရင် အာဆီယံဥက္ကဋ္ဌ ရာထူးလဲရပြီ။ အဲဒီတော့ တာဝန်တွေပိုကြီးလာပြီး လုပ်စရာတွေရှိတယ်လို့ သမ္မတကြီးပြောတယ်လို့ သိရပါတယ်။ အဲဒီတော့ တာဝန်ဆိုတာ ဘာကိုပြောတာပါလဲ ခင်ဗျာ။


ဖြေ- တာဝန်ဆိုတာကတော့ ပထမဆုံး အာဆီယံဥက္ကဋ္ဌရဲ့တာဝန်။ အာဆီယံဥက္ကဋ္ဌတာဝန်ဆိုတော့ ကျွန်တော် တို့က အာဆီယံမိသားစုဝင်နိုင်ငံဆိုတော့ ဒီတာဝန်ဟာလဲ မဖြစ်မနေ ကျွန်တော်တို့ လုပ်ရမယ့် တာဝန်ပေါ့လေ။ ဒါလဲ Right တစ်ခုပါပဲ။ အဲဒီတော့ ဒီတာဝန်ကို ကိုယ့်နိုင်ငံကယူရတဲ့အချိန်မှာ အောင်အောင်မြင်မြင်နဲ့ ကျွန်တော်တို့ပါ အဆင်ပြေအောင် လုပ်နိုင်ဖို့အတွက်ပါ။ ဒီတာဝန်တွေက တော်တော်လေးကြီးလာတယ်။ အဲဒီတော့ ကျွန်တော်တို့အာဆီယံရဲ့ဥက္ကဋ္ဌတာဝန်ယူဖို့အတွက် သဘောတူတယ်ဆိုကတည်းက ကျွန်တော်တို့ ခေါင်းထဲမှာတော့ အလုပ်တွေ ခုနကလို အများကြီးစဉ်းစားနေရတာပေါ့။ ခင်ဗျားတို့အကူအညီတွေလဲ အများကြီးလိုတာပေါ့။



မေး- သမ္မတကြီး ခင်ဗျာ၊ ပွင့်ပွင့်လင်းလင်းမေးရရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက အရင်လက်ထက်က ထက်စာရင် သာလွန်ကောင်းမွန်လာနိုင်ပါ့မလား။


ဖြေ- ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာမှာ ဒီမိုကရေစီဆိုတာ ခင်ဗျားတို့က ဘာတွေနဲ့နှိုင်းလဲ၊ တိုင်းတာလဲ မသိဘူးပေါ့နော်။ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီအကြောင်းပြောရရင်တော့ အခုအစိုးရသက်တမ်းက ရှစ်လပဲရှိသေးတယ်။ အထူးသဖြင့် အနောက်နိုင်ငံ ဒီမိုကရေစီချင်းနှိုင်းမယ်ဆိုရင် အနောက်နိုင်ငံတွေက ဒီမိုကရေစီကို နှစ်ပေါင်းရာထောင်ချီပြီးတော့ သူတို့က ကျင့်သုံးလာတာ။ အဲဒီတော့ ဒီမိုကရေစီနိုင်ငံတွေနဲ့ ကျွန်တော်တို့နဲ့ တစ်ထပ်တည်းဖြစ်ဖို့ အံဝင်ခွင်ကျဖြစ်ဖို့ ကျွန်တော်တို့ တော်တော်လေးကြိုးစားရဦးမှာပေါ့။ အဲဒီတော့ အံဝင်ခွင်ကျဖြစ်အောင်လို့ပဲ လုပ်လို့ရမယ်။ တစ်ထပ်တည်းလုပ်လို့တော့ရမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ တစ်အချက်က ကျွန်တော်တို့ရဲ့ လူမျိုးချင်းလဲမတူဘူး။

နောက်တစ်ခုက ကျွန်တော်တို့ ကိုးကွယ်တဲ့ဘာသာချင်းလဲ မတူဘူး။ ဓလေ့စရိုက်ချင်းလဲ မတူဘူး။ အစားအသောက်ချင်းလဲ မတူဘူး။ အဲ့ဒီတော့ လေးထောင့်ထဲ အ၀ိုင်းစွပ်ရင် အံဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး။ အ၀ိုင်းကို လေးထောင့်စွပ်ရင်လဲ အံဝင်ခွင်ကျဖြစ်မှာမဟုတ်ဘူး။ သို့သော်လဲပဲ ကိုယ့်လူမျိုးတွေအတွက် အခုနကလို ကျွန်တော်တို့ ဒီအကျိုးရှိမယ့် ဒီမိုကရေစီမျိုးပေါ့။ ဒါကတော့ ကိုယ့်တိုင်းပြည်ရဲ့အခြေအနေ၊ ကိုယ့်လူမျိုးရဲ့အခြေအနေ၊ ဒါတွေကြည့် ပြီးတော့မှ ကျွန်တော်တို့ ဒီမိုကရေစီရှင်သန်အောင်တော့ လုပ်သွားရမှာပေါ့။ ဒီမိုကရေစီရှင်သန်အောင်လုပ်ဖို့ ဆိုတဲ့ နေရာမှာ ဘာတွေလဲဆိုတော့ တစ်အချက်က တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့လိုမယ်။ အဲဒီတော့ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့အတွက် ကျွန်တော်တို့နှစ်ပိုင်းပေါ့။

ခုနက ကျွန်တော်တို့ ပြည်တွင်းက သဘော ထားအမြင်အမျိုးမျိုးရှိနေတဲ့ပုဂ္ဂိုလ်တွေနဲ့ သဘောထားချင်းတူညီအောင် ညှိကြ၊ ပြုကြတဲ့အပိုင်းပေါ့။ အဲဒီတော့ ဒီသဘောထားအမြင်အမျိုးမျိုးရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျွန်တော်တို့နဲ့ သဘောထားအမြင်ချင်းတူပြီဆိုလို့ရှိရင် ပြည်ပကလဲ ဘာပဲဖြစ်ဖြစ် ဒါဟာ ဖိအားတွေလျော့နည်းလာမှာပဲ။ ခုလိုပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ကြ၊ ပြုကြ၊ ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမတွေလိုပဲ သဘောထားပြီးတော့ ကျွန်တော်တို့ စိတ်စေတနာတွေ နားလည်သွားတယ်။ ကျွန်တော်တို့နဲ့တွေ့ပြီး နောက်ပိုင်းမှာလဲ ခုနကလို အပြုအမူတွေအပြောအဆိုတွေ ဒါတွေကလဲ အများကြီးပြောင်းလဲသွားပါတယ်။ ဒီပြောင်းလဲတဲ့အပေါ်မှာ မူတည်ပြီးတော့ ပြည်ပကလဲ လိုက်ပြီး ပြောင်းလဲပါတယ်။ ခုဒီကနေ့ဆိုရင် အစည်းအဝေးမှာ အိုဘားမားအနေနဲ့လဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဒါ လတ်တလောပေါ့လေ။ ဒါနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေ ဘာပဲဖြစ်ဖြစ် ဖော်ထုတ်ပြီးတော့ ပြောကြားသွားတာ တွေ ရှိပါတယ်။ အကုန်လုံး ပကတိအကောင်းချည်းပဲလားဆိုတော့လဲ မဟုတ်သေးဘူး။ ဆက်ပြီးတော့ ကျွန်တော်တို့လုပ်ရမယ့်ဟာတွေ၊ ဆက်ပြီးတော့ သူ့အနေနဲ့ ဒါကို စောင့်ကြည့်ရမယ့်ဟာ ဒါကိုလဲ ကျွန်တော်တို့ ပြောပါတယ်။ သို့သော်လဲပဲ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ဖြစ်ပေါ်တိုးတက်မှုကို အသိအမှတ်ပြုတယ် ဆိုကတည်းက ကိုယ့်နိုင်ငံအတွက်တော့ အများကြီးကောင်းတယ်လို့ပဲ ပြောရမှာပေါ့။ မင်္ဂလာသတင်းပဲ ကျွန်တော်တို့ ပြောရမှာပေါ့။

နောက်တစ်ခုကလဲ နိုင်ငံခြားရေးဝန်ကြီး ကျွန်တော်တို့ဆီလာဖို့ရှိပါတယ်။ နိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖျင်းမှန်းတာကတော့ ဒီဇင်ဘာလလောက်လာဖို့ရှိပါတယ်။ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာမယ်ဆိုတဲ့ဟာလဲ ကျွန်တော်ထင်ပါတယ်။ နှစ်ပေါင်းလေးငါးဆယ်အတွင်း မရှိခဲ့ဘူးနဲ့ တူပါတယ်။ ဒါဟာလဲ ကျွန်တော်တို့ နိုင်ငံအတွက်တော့ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့အခြေအနေတစ်ရပ်လို့ ကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီနေ့ပဲ ကျွန်တော့်ရဲ့မိတ်ဆွေတွေ ကိုလဲ ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ သတင်းကောင်းလေးခု ကျွန်တော်တို့ရှိပါတယ်။ တစ်အချက်က ခုနကလို အမေရိကန်သမ္မတ အိုဘားမား ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်ပြီး သူဖော်ထုတ်ပြီးတော့ ပြောသွားတာ။ ကျွန်တော်တို့နိုင်ငံအတွက် သတင်းကောင်းပဲ။ နောက်တစ်ခုကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန် ကျွန်တော်တို့ဆီလာဖို့ရှိတယ်။ ဒါလေးလဲ သူတို့ ကြေညာသွားတာရှိပါတယ်။ ဒီဟာလဲ ကျွန်တော်တို့အတွက် သတင်းကောင်းပါပဲ။ နောက်သတင်းကောင်း တစ်ခုကတော့ နောက်ကနေပြီးတော့ ကျွန်တော် လှမ်းပြီးကြားရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလဲ ပါတီ ပြန်ပြီးမှတ်ပုံတင်မယ်။ မှတ်ပုံတင်ပြီးတော့ ရွေးကောက်ပွဲဝင်မယ်။ ဘာပဲဖြစ်ဖြစ် မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲ ၀င်တယ်ဆိုတာ ရွေးကောက်ပွဲမှာ ပြည်သူလူထုက ရွေးချယ်ခံရတယ်ဆိုရင်ပဲ လွှတ်တော်ထဲရောက်လာမှာ ဖြစ်ပါတယ်။ အဲဒီတော့ တန်းတူရည်တူခင်ဗျားတို့လဲ အခုတွေ့နေတာပဲ။ မေးစရာရှိတာတွေမေး၊ ပြောစရာ ရှိတာတွေပြော။ ခုနကလို တန်းတူရည်တူ ကျွန်တော်တို့ ပြောကြပြုကြလို့ ကျွန်တော်တို့ရသွားပါတယ်။ ဒီဟာ ကျွန်တော်တို့ ကောင်းတဲ့လက္ခဏာတစ်ခုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်လဲ ရွေးကောက်ပွဲဝင်မယ်၊ ပြုမယ် ဆိုတာလဲ ကျွန်တော်တို့အတွက် မင်္ဂလာသတင်းပဲလို့ ကျွန်တော်တို့ပြောရမှာပေါ့။

နောက်သတင်းတစ်ခု ကတော့ ကျွန်တော်တို့ ဆီးဂိမ်းမှာ တော်တော်လေးမျက်နှာငယ်နေတယ်။ အခုတော့ ရွှေတွေနောက်ထပ် ရှစ်ခုလောက်ထပ်ရတယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံအတွက်လဲ ဒါလေးက ဂုဏ်ယူစရာပေါ့။ ဒီကနေ့ ပြောရမယ်ဆိုရင် ခင်ဗျားတို့နဲ့တွေ့ရပြုရတာ မင်္ဂလာအပေါင်းပြည့်စုံတဲ့နေ့လို့ ပြောရမှာပေါ့။ ဒီမိုကရေစီ ရှင်သန်ဖို့က တစ်အချက်က နိုင်ငံတည်ငြိမ်အေးချမ်းဖို့လိုတယ်။ နောက် တည်ငြိမ်အေးချမ်းပြီဆိုတာနဲ့ နိုင်ငံရေးကိစ္စတွေ၊ နောက်တစ်ခုက လုံခြုံရေးကိစ္စ တွေ၊ လုံခြုံဖို့ဆိုတာ ဒီကနေ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့က ရှစ်ခုရှိတယ်။ ဒီရှစ်ဖွဲ့မှာ ကျွန်တော်တို့ ခုနစ်ဖွဲ့နဲ့တော့ထိတွေ့ပြီးတော့ အချိတ်အဆက်တွေ ကျွန်တော်တို့ရပါတယ်။ ရသွားပြီးတော့ လတ်တလောခုနကလို အပစ်အခတ်ရပ်စဲတယ်၊ တိုက်တာခိုက်တာတွေ မလုပ်ဘူး။ ဒီအဆင့်ပဲရှိပါတယ်။ နောင် တဖြည်းဖြည်းတော့ ခုနလို သူတို့လိုချင်တယ်ပြောနေတဲ့ ထာဝရ ငြိမ်းချမ်းရေးဆိုတာတော့ ဆက်ပြီး ကျွန်တော်တို့ကြိုးစားရဦးမှာပေါ့။ ပြောကြပြုကြ ဆွေးနွေးကြနဲ့ ကျွန်တော်တို့ ကြိုးစားကြရဦးမှာပေါ့။ အဲဒီတော့ ထာဝရငြိမ်းချမ်းရေးဆိုတာ အဓိပ္ပာယ်ဖွင့်တာကတော့ ဥပဒေဘောင်ထဲ အားလုံးဝင်ရောက်ပြီးမှ ဥပဒေ တစ်ခုတည်းရဲ့အောက်မှာ နိုင်ငံသားအားလုံးအတူတကွနဲ့ နေထိုင်လုပ်ကိုင်စား သောက် သွားစရာရှိတဲ့နေရာတွေ သွား၊ သွားပြီးတော့ ဒီလိုဖြစ်ရေးဟာ ကျွန်တော် တို့ထာဝရငြိမ်းချမ်းရေး ဒီအထိသွားဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ သို့ သော်လဲ ကျွန်တော်တို့ အချိန်တော့ယူရမယ်။ ယုံကြည်မှုနဲ့ တစ်ဖက်က ကျွန် တော်တို့တည်ဆောက်ရမှာဖြစ်ပါတယ်။ အဲဒီတော့သွားမယ်ဆိုတာ ကျွန်တော် တို့လဲ သူတို့ကို နားလည်အောင်ပြောထားတယ်။ မင်းတို့လိုချင်တဲ့ ထာဝရငြိမ်း ချမ်းဆိုတာကတော့ ဥပဒေဘောင်ထဲ အားလုံး ၀င်ရောက်လာကြပြီးမှ ဥပဒေ တစ်ခုတည်းအောက်မှာ တို့တွေဟာ အားလုံးအတူတကွ နေထိုင်လုပ်ကိုင်စား သောက်ပြီးတော့သွားမယ်။

ခုနလို ပါတီဖွဲ့သင့်တဲ့လူတွေကဖွဲ့၊ စီးပွားရေးလုပ်သင့်တဲ့လူတွေက လုပ်၊ ပြီးရင် ခုနကလို လွှတ်တော်ထဲရောက်လာနိုင်အောင် အကုန်လုံးတို့တိုင်းရင်းသားတွေဟာ တန်းတူရည်တူနဲ့ ဆက်ဆံကြရမှာပဲ။ ရည်ရွယ်ထားတာတော့ အဲလိုရည်ရွယ်ထားတာပဲ။ အားလုံးက တစ်အချက်ကတော့ အခြေခံအားဖြင့် ကိုယ့်ပြည်တွင်းက ခွဲမထွက်ဘူးဆိုတဲ့အချက်။ ဒီအချက်က တော့ သူတို့ဆီကယုံကြည်မှု ကျွန်တော်တို့ရပါတယ်။ သူတို့လဲ ခုနကလို ဆက်သွယ် လာတဲ့အခါမှာ ဒီမြန်မာနိုင်ငံထဲကနေ ခွဲမထွက်ဘူး ဆိုတဲ့ဟာ တစ်ခု။ နောက်တစ်ခုက ဒို့တာဝန်အရေးသုံးပါး၊ တချို့အဖွဲ့ကဆိုရင် ဒို့တာဝန်အရေးသုံးပါးကို ဘာမှမသိဘူး။ အဲဒီတော့ ဒို့တာဝန်အရေးသုံးပါးကိုရှင်းပြပါဆိုတော့ ပြည်ထောင်စုကြီး မပြိုကွဲဖို့အရေး၊ ဒါဆို ဟုတ်တာပေါ့။ ကျွန်တော်တို့လဲ ဒါကိုလိုက်နာမှာပေါ့။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲဖို့အရေး၊ ဒါဆို ဟုတ်တယ်။ ကျွန်တော်တို့မှာ တိုင်းရင်းသားတွေအများကြီးနဲ့နေတာ။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲ သွားရင် ပြည်ထောင်စုကြီးလဲ ပြိုကွဲသွားမယ်။ ဒါပဲ ကျွန်တော်တို့ လက်ခံတယ်။ နောက်တစ်ခုက အချုပ်အခြာအာဏာ။ နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတာ နိုင်ငံရဲ့အသက်ပဲ။ ဒီဟာကို ဆုံးရှုံးမသွားအောင် ကျွန်တော်တို့က ကာကွယ်ရမယ်။ ကျွန်တော်တို့လဲ ခုနလို အချုပ်အခြာအာဏာကို ကာကွယ်မှာပေါ့ဆိုတော့ အဲ့တော့ ပြည်ထောင်စုကြီးထဲက ခွဲမထွက်ဘူးဆိုတဲ့ဟာ တစ်ခု သူတို့ဆီကနေ ကျွန်တော်တို့ ယုံကြည်ချက် ရထားပါတယ်။ နောက်တစ်ခါ ဒို့တာဝန်အရေးသုံးပါးဆိုတဲ့ဟာကို ယုံကြည်ချက် ကျွန်တော်တို့ရထားပါတယ်။ နောက်တစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံဖို့။ အဲတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံဖို့ ကတော့ သူတို့တွေလဲ ခုနကလို လေ့လာဖို့ပြုဖို့ အချိန်ပေးရမယ်။ တချို့ကိစ္စတွေကျတော့လဲ လူမျိုးရေးနဲ့ ပတ်သက်တဲ့ဟာလေးတွေ၊ ခုနကလို ကျွန်တော်တို့ အမြင်မတူတာတွေရှိတယ်၊ အသွင်မတူတာတွေရှိတယ်၊ သဘောထားမတူတာတွေရှိတယ်။ ဒါတွေလဲ နောင်ကြုံကြိုက်လာလို့ရှိရင်၊ လွှတ်တော်ထဲရောက်လာလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ခွင့်အပိုဒ်တစ်ပိုဒ်ပါပြီးသားဖြစ်ပါတယ်။

ဒါတွေက ခုနလို အများရဲ့ဆန္ဒတွေကို ရယူပြီးတော့ ပြင်ဆင်သွားလို့ရှိရင် ဒါရနိုင်တဲ့အနေအထားမျိုးတွေ ရှိပါတယ်။ နောက်တစ်ခုကတော့ လက်နက် စွန့်ရေး။ သူတို့နဲ့ကျွန်တော်တို့နဲ့ ညှိနှိုင်းလို့ရရင် သူတို့ဒေသတွေဟာ စားဝတ်နေရေးအဆင်ပြေလိမ့်မယ်။ ကျွန်တော်တို့ သူတို့နဲ့ပေါင်းပြီး ဘာတွေလုပ်ပေးမလဲ။ ကျွန်တော်တို့လုပ်ပေးဖို့ မျှော်မှန်းထားတာကတော့ စက်မှုဇုန်တွေ ကျွန်တော်တို့ထူထောင်မယ်။ အခု ကေအင်န်ယူဆိုလို့ရှိရင် ဘားအံတို့ဘာတို့ဘက်မှာ စက်မှုဇုန်နှစ်ခုလောက်ထူထောင်ဖို့ ကျွန်တော်တို့စိတ်ကူးထားတယ်။ ဘားအံမှာတစ်ခု၊ နေရာတွေဘာတွေ ရွေးထားပြီးပြီ။ နောက်တစ်ခါ ကျွန်တော် တို့ ဟိုဘက်က သင်္ကန်းညီနောင်တို့ ဘာတို့မှာတစ်ခု၊ အဲ့တော့ အရင်းအနှီးက နိုင်ငံတော်ကချည်းပဲ အကုန်မစိုက်နိုင်ဘူး။ ကျွန်တော်တို့ကလဲ ခုနလို ကြွယ်ဝချမ်းသာတဲ့ နိုင်ငံမဟုတ်ဘူး။ ကျွန်တော်တို့လဲ ထိုက်သင့်တာ ကူညီမယ်။ မင်းတို့လဲ အရင်းအနှီးထည့်၊ ပြည်ပကလဲ ရင်းနှီးမြှုပ်နှံတဲ့သူတွေကို ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ ဖိတ်ခေါ်ပြီးတော့ စက်ရုံ ၁၀ရုံလောက်ဆိုလို့ရှိရင် အလုပ်အကိုင်တွေက ဘာပဲဖြစ်ဖြစ် အများကြီးရသွားမယ်၊ အလုပ်အကိုင်ရသွားတယ်ဆိုရင် ၀င်ငွေက ရသွားမယ်။ ၀င်ငွေရရင် စားဖို့ဝတ်ဖို့နေဖို့အတွက် အဆင်ပြေသွားမယ်။ စားဖို့ဝတ်ဖို့နေဖို့အတွက် အဆင်ပြေ တယ်ဆိုရင် တဖြည်းဖြည်းနဲ့ လက်နက်ကိုစွန့်ချင်တဲ့စိတ်က ပေါ်လာပါမယ်။ နောက်တစ်ခုကလဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံဖို့ပေါ့။ အဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလဲ ခင်ဗျားတို့ အတင်းလက်ခံပါလို့ ဒီလိုပြောလို့တော့မရဘူး။ အချိန်တော့ ကျွန်တော်တို့ယူရမယ်။ သူတို့လေ့လာရမယ်။ သူတို့ရဲ့လူမျိုးစုတွေနဲ့ မကိုက်တဲ့အချက်လေးတွေ၊ ပြင်ချင်တဲ့ဟာလေးတွေ၊ ဒါလေးတွေကို ကျွန်တော်တို့ ပြောရမယ်။ တဖြည်းဖြည်းနဲ့ လုပ်သွားပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံပြီဆိုလို့ရှိရင် ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ ဒီလက်နက်ကိစ္စက သိပ်ပြဿနာမရှိတော့ဘူး။ အဲ့တော့ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ တိုင်းပြည်မှာ တစ်ဖွဲ့တည်းပဲ ရှိရမယ်။ အခု ကြည့်ပေါ့။ ယိုးဒယားဆိုလို့ရှိရင်လဲ ပြည်နယ်တွေ ကွဲထွက်လာတယ်။ ဟိုပြည်နယ်က လက်နက်ကိုင်တပ်ဖွဲ့၊ ဒီပြည်နယ်က လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ မရှိပါဘူး။ တရုတ်ဆိုရင်လဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေ၊ ဒေသတွေ အများကြီးပေးထားတယ်။ သူ့ပြည်နယ်နဲ့သူ လက်နက်ကိုင်တဲ့ အဖွဲ့ သူ့လိုလူမျိုးစုနဲ့သူဆိုတာ မရှိပါဘူး။ Even ခုနကလို အမေရိကန်နိုင်ငံလဲပဲ လက်နက်ကိုင်အဖွဲ့ဆိုတာ တစ်ဖွဲ့တည်းပဲရှိတယ်။ အဲဒီလက်နက်တွေဟာ ဘာလုပ်ဖို့လဲ၊ ဒီလက်နက်တွေဟာ ကျွန်တော်တို့တိုင်းရင်းသား အချင်းချင်းပစ်ဖို့ခတ်ဖို့ သတ်ဖို့ ဖြတ်ဖို့မဟုတ်တော့ဘူး။ ကိုယ့်တိုင်းပြည်ရဲ့ ပြည်ပအန္တရာယ်ကို ကာကွယ်ဖို့ အတွက်။ အဲဒီတော့ ဒီသဘောထားတွေနဲ့ ကျွန်တော်တို့ တဖြည်းဖြည်းတော့ လုပ်ယူရမယ်။ အချိန်တော့ နည်းနည်းလေး ကျွန်တော်တို့က ယူရမှာပေါ့လေ။

ဒါ ကျွန်တော်တို့ရဲ့ စေတနာ၊ ဒီကနေ့ သူတို့နဲ့ ကျွန်တော်တို့ ထိတွေ့တယ်။ ထိတွေ့တော့ ပြောရမယ်ဆိုလို့ရှိရင်တော့ ရှမ်းပြည်အပါအ၀င်ပေါ့၊ အရှေ့ဘက်ခြမ်း တစ်ခြမ်း လုံးက ကျွန်တော်ထင်တယ်၊ ဒီကနေ့တော့ တိုက်ပွဲသံတွေ ဘာတွေ မရှိတော့ဘူး။ အကုန်လုံးရပ်ဆိုင်းသွားပြီ။ ကေအင်န်ယူတစ်ခုတော့ ကျန်တယ်။ ကေအင်န်ယူက ဘာ့ကြောင့်ကျန်သလဲဆိုတော့ နှစ်ကြိမ် သူတို့နဲ့ ကျွန်တော်တို့က ထိတွေ့ပြီးပြီ၊ ဆွေးနွေးပြီးပြီ။ အဲဒီတော့ သူတို့ရဲ့သဘောထားက ခုနကလို အဖွဲ့အားလုံးနဲ့ ပေါင်းပြီးတော့မှ စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ဆွေးနွေးမယ်ဆိုတဲ့အယူအဆ သူတို့မှာရှိတယ်။ အဲတော့ ဒီ UNFC (United Nation Federal Council) ဆိုပြီးတော့ ကျွန်တော်တို့ဖွဲ့ထားတယ်။ အဲဒီမှာ ကေအင်န်ယူအကြီးအကဲ က ဥက္ကဋ္ဌလုပ်နေတယ်။ သူကလဲ ဒီအဖွဲ့အစည်းမှာ ဥက္ကဋ္ဌလုပ်ပြီးတော့ တိုင်းရင်းသားအားလုံးနဲ့ဆွေးနွေးမယ် ဆိုပြီးတော့ ကြေညာထားတော့ သူ့အပိုင်းက ခွဲထွက်ပြီဆိုကတည်းက သူက ခက်နေရော။ သို့သော်လဲ ကျန်တဲ့ အဖွဲ့လေးတွေကတော့ တစ်ဖွဲ့ချင်း တစ်ဖွဲ့ခွဲထွက်ပြီးတော့ ကျွန်တော်တို့နဲ့ဆွေးနွေးလာတယ်။

အဲ့တော့ စားပွဲဝိုင်းက တစ်ခါတည်းထိုင်ပြီးတော့ ဆွေးနွေးလို့မရတဲ့အကြောင်းတွေက ရှိတယ်။ တစ်အချက်က ခုနကလို လူမျိုးစုတွေက မတူကြဘူး။ ဓလေ့ထုံးစံတွေက မတူကြဘူး။ သူတို့ရဲ့ခုနကလို လိုအင်ဆန္ဒတွေကလဲ မတူကြဘူး။ ဒါကို ထိုင်ဆွေးနွေးရင်တော့ ဟိုတုန်းကလဲ ဆွေးနွေးခဲ့တာပဲ။ ဘယ်လိုမှကို မရဘူး။ တစ်ယောက် တစ်ပေါက်နဲ့ကို ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့က သူတို့ကိုခွဲထုတ်ပြီးတော့ ကျွန်တော်တို့ဆွေးနွေးတဲ့ အခါမှာ တူညီတဲ့အချက်ကို ကျွန်တော်တို့ ညှိ တူညီတဲ့အချက်တွေဆိုတာ ခုနကလိုပဲ ပြည်ထောင်စုကြီးထဲက ဘယ်တော့ မှခွဲမထွက်ဘူး။ ဒို့တာဝန်အရေးသုံးပါးကို လက်ခံတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ခုနကလို ဒါလေး ဒါလေးတွေကတော့ ပြင်ဖို့လိုတယ်။ လက်ခံမယ်။ ဒီလိုတူညီတဲ့အချက်တွေရပြီဆိုရင် ကျွန်တော်တို့မှာ လွှတ်တော်ရှိတာပဲ။ လွှတ်တော်မှာ အကုန်လုံးဂုဏ်သရေရှိရှိနဲ့ တက်ရောက်လာတဲ့ ခုနကလို အကုန်လုံး ပြည်သူ့ကိုယ်စားလှယ်တွေရှေ့မှာ အဲဒီမှာ လက်မှတ်ထိုးကြမယ်ဆိုပြီးတော့ ဒါ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ဟာပေါ့။


အဲဒီတော့ ကျွန်တော်တို့ကတော့ ကျွန်တော်တို့အစိုးရသက်တမ်းမှာ ဒီဟာကို အောင်အောင်မြင်မြင်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနေတယ်။ ကျွန်တော်တို့ အောင်အောင်မြင်မြင်နဲ့ ဖြစ်စေချင် တယ်။ ဒါကို နာမည်ယူဖို့ မဟုတ်ပါဘူး။ ကိုယ့်တိုင်းပြည်အတွက်ပါ။ ဒီလိုနည်းလမ်းနဲ့သွားလို့ရှိရင်လဲ ဒီလိုဖြစ်နိုင်မယ်ဆိုတဲ့ဟာကို ကျွန်တော်တို့က ယုံကြည်ထားတယ်။ အဲဒီတော့ ကေအိုင်အေနဲ့ ဒီကနေ့ ဘာကြောင့်ပစ်ခတ်တိုက်ခိုတ်မှုတွေ ဖြစ်နေသလဲဆိုတော့ ကေအိုင်အေက ခုနကလို လမ်းတွေ တံတားတွေ ချိုးဖဲ့ဖျက်ဆီးထားတော့ ခင်ဗျားတို့လဲ သိတယ်။ ရာနဲ့ချီပြီးတော့ကို ပျက်နေတယ်။ ပျက်နေတော့ ဟိုမှာသွားရေးလာရေးတွေက တော်တော်လေး ကျွန်တော်တို့ ခက်ပါတယ်။ ရထားကတော့ သံလမ်းပျက်ရင် နောက်ထပ်သံလမ်းတစ်ချောင်း ချက်ချင်းလဲလို့ ရတယ်။ တံတားတွေ ဘာတွေကျတော့ အချိန်ယူပြီး ကျွန်တော်တို့ဆောက်ရပြုရတယ်။ အဲတော့ မိုးတွင်းကျ တော့လဲ သွားရေးလာရေးကခက်တော့ မိုးတွင်းမှာကျတော့ မဆောက်နိုင်ဘူး။ အဲတော့ ပွင့်လင်းရာသီ စောင့်နေတာ။ ဆိုကြပါစို့။ လမ်းတွေက မြစ်ကြီးနားကနေ ဗန်းမော်အထိသွားတဲ့လမ်း၊ ဒါ ပြည်ထောင်စု လမ်းမကြီး၊ နောက်တစ်ခါ ဗန်းမော်ကနေပြီးတော့ လွယ်ဂျယ် အဲဒီကို သွားတဲ့လမ်း၊ မြစ်ကြီးနားကနေ ကန်ပိုက်တီး တရုတ်ပြည်ဘက်ကို ဖောက်ထားတဲ့လမ်း၊ အဲဒီလမ်းတွေအကုန်လုံးက ပြင်ရမှာ။ ပြင်ဖို့ဆိုတာက ဆောက်လုပ်ရေးဝန်ထမ်းတွေလွှတ်ဖို့ မသွားရဲဘူး။ မသွားရဲဘူးဆိုတာက သူတို့က လမ်းတွေပေါ်မှာ နေရာယူထား ဘာယူထားလုပ်နေတယ်။ လုပ်နေတော့ တပ်ရဲ့အကူအညီတောင်းရတယ်။ တောင်းတော့ တပ်က ခင်ဗျားတို့ ဖယ်ပေးပါ။ လမ်းတွေ ပြင်ဖို့ပြုဖို့ပါဆိုတော့ မရဘူး။ မရတော့ ရှင်းရင်းလင်းရှင်းနဲ့ တိုက်ပွဲတွေဖြစ်နေတာ၊ ကျွန်တော်တို့ သူတို့ကို အပြတ်ပြောထားတယ်၊ ခင်ဗျားတို့ကိုတိုက်လို့ရှိရင် ရက်ပိုင်း နာရီပိုင်းတိုက်လို့ရတယ်၊ ဒါပေမဲ့ မတိုက်ပါဘူး။ ကျွန်တော်တို့ အခု လမ်းတွေ ပြင်ဖို့ပြုဖို့ လုပ်နေပါတယ်။ အဲဒီတော့ ပြည်သူလူထုတွေက သိပ်ဒုက္ခရောက်တယ်။ သွားရေးလာရေးတွေ ခက်တယ်။ ပညာရေးတွေ၊ ကျန်းမာရေးတွေ သိပ်ပြီးတော့ခက်တယ်။ စားဝတ်နေရေးတွေ သိပ်ပြီးတော့ခက်တယ်။ ကိုယ့်တိုင်းရင်းသား တွေပဲ ဒီအတွက်ကို ပြင်ပေးဖို့လုပ်ရင်းပြုရင်းနဲ့ပဲ သို့သော်လည်း ကျွန်တော်ထင်ပါတယ်။ ဒီဟာက မကြာပါဘူး။ သူတို့ နားလည်သဘောပေါက်သွားမှာပါ။


မေး- သမ္မတ အိုဘားမားကိုများ မြန်မာပြည်လာလည်ဖို့ သမ္မတကြီးက ဖိတ်ခေါ်ခဲ့ပါသလား။


ဖြေ- သမ္မတအိုဘားမားအနေနဲ့ကတော့ လတ်တလောလာဖို့အတွက် ကျွန်တော်ထင်တယ်။ သူ့မှာ အခက်အခဲ ရှိလိမ့်မယ်လို့ထင်တယ်။ ဒါ့ကြောင့် ကလင်တန်ကို အရင်ဆုံးလွှတ်လိုက်တာပဲ။ သူ့ခရီးစဉ် ပြီးရင်တော့ ပြောလို့ မရဘူး။ လာနိုင်တဲ့အနေအထားမရှိသေးတဲ့အတွက် ကျွန်တော်သူ့ကိုတော့ မဖိတ်လိုက်ဘူး ခင်ဗျ။

မေး- အီးယူကုန်သည်ကြီးများအသင်းက ဘယ်တော့လာပြီးတော့ အခြေစိုက်ရုံးစိုက်နိုင်မလဲ။


ဖြေ- အီးယူနဲ့လဲ ကျွန်တော်တို့ နားလည်မှု တည်ဆောက်နေပါတယ်။ ဥပမာဆိုကြပါစို့၊ ဂျာမနီတို့ ပြင်သစ်တို့ နောက်တခါ အီတလီတို့ စသည်အားဖြင့်ပေါ့။ အကြီးအကဲတွေလဲ လာကြပြုကြ တွေ့ကြ။ သူက ဘာကြည့်နေသလဲဆိုတော့ အင်္ဂလိပ်ရဲ့မျက်နှာကိုပဲ သူနည်းနည်းလေးကြည့်နေတယ်။ သို့သော်လည်း မကြာခင်က အင်္ဂလိပ်ဝန်ကြီးတစ်ယောက်လာပါတယ်။ လာတော့လဲ ကျွန်တော်နဲ့လဲ ကိုယ်တွေ့တွေ့ပေးတာ ပေါ့လေ။ တွေ့ပေးလိုက်တော့ ကျွန်တော်တို့ ပြောကြဆိုကြတာ အင်မတန်မှ နားလည်မှုတွေရပါတယ်။ ရသွားတော့ အီးယူနဲ့ကျွန်တော်တို့ကတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေနေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ နောင်ကျရင်လဲ အီးယူရုံးတို့ဖွင့်ဖို့ပြုဖို့ ကျွန်တော်တို့ စဉ်းစားနေပါတယ်။



မေး- ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရထဲမှာ ဘယ်လိုရာထူးမျိုးရနိုင်မလဲ။ အစိုးရထဲမှာ ပါဝင်မယ်ဆိုရင်။


ဖြေ- တစ်အချက်က သူရွေးကောက်ပွဲ ၀င်ရမယ်။ ပြည်သူလူထုရဲ့ ရွေးချယ်တင်မြှောက်ခြင်းကို ခံရမယ်။ လွှတ်တော်ထဲ ရောက်လာမယ်။ လွှတ်တော်ထဲက တင်မြှောက်လို့ရှိရင် ဖြစ်လာမှာပါ။ ဒါကတော့ ပြည်သူ့ရဲ့ ဆန္ဒပါပဲ။


မေး- ကျွန်တော်ရန်ကုန်တိုင်းမ်ဂျာနယ်က ကိုကို(စက်မှုတက္ကသိုလ်)ပါခင်ဗျာ။ အခု ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့သူတွေကို ၂၀၀ကျော်လွှတ်ပေးပြီးပါပြီခင်ဗျာ။ ပြီးခဲ့တဲ့အပတ်မှာပဲ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကနေပြီးတော့ နိုင်ငံတော်သမ္မတကြီးထံ အိတ်ဖွင့်ပေးစာဆိုပြီးတော့ သတင်းစာထဲမှာ ကျွန်တော်တို့ ဖတ်ရပါတယ်။ အဲ့မှာ ထပ်မံပြီးတော့ အဆင်ပြေတဲ့အချိန်မှာ လွှတ်ပေးဖို့နဲ့ သင့်လျော်တဲ့နေရာတွေ၊ အနီးဆုံး နေရာတွေကို ထောင်တွေ ပြောင်းရွှေ့ပေးဖို့ဆိုပြီးတော့ စာလဲ ဖတ်လိုက်ရပါတယ်။ အဲဒီတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလဲ ဒီလိုမျိုး အကျဉ်းကျတာနဲ့ပတ်သက်ပြီးတော့လဲ လွှတ်ပေးဖို့ မေတ္တာရပ်ခံတာကိုလဲ ဖတ်ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် ဒီအရေးကြီးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့သူတွေ လွှတ်ပေးမယ့်ကိစ္စကို သမ္မတကြီးတို့အနေနဲ့ ဘယ်အဆင့်ထိ ဆောင်ရွက်နေပါသလဲ။ အနာဂတ်မှာ ဘယ်လိုဆောင်ရွက်ဖို့ အစီအစဉ်များဆက်ရှိပါသလဲ သိချင်ပါတယ် ခင်ဗျာ။


ဖြေ- ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျွန်တော်တို့ အစိုးရတက်လာပြီးတဲ့နောက် နှစ်ကြိမ်လွှတ်ပေးပြီးပြီ။ ကျွန်တော် ထင်ပါတယ်။ အားလုံးပေါင်း ၂၀၀၀၀ကျော်လောက်ထိ ရှိသွားပြီဖြစ်ပါတယ်။ ယုံကြည်ချက်ကြောင့်ဆိုတဲ့ဟာ ကတော့ ပြောရမှာခက်တယ်။ ကျွန်တော်တို့က ယုံကြည်ချက်ဆိုတာကတော့ လက်မခံဘူး။ ဥပဒေတစ်ခုခုကို ကျွန်တော်တို့ ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒါ အရေးယူထားတာဖြစ်ပါတယ်။ သူ့လိုပဲ ပြစ်မှုကျူးလွန်ထားတဲ့သူတွေလဲ အကျဉ်းထောင်ထဲမှာ အများကြီးရှိတယ်။ ဒီအဖွဲ့အတွက်ပါ ခင်ဗျားတို့ပြောမယ် ဆိုရင် ကျန်တဲ့အဖွဲ့တွေအတွက်ပါ ခင်ဗျားတို့ ကိုယ်ချင်းမစာရာကျမယ်။ ကျွန်တော်တို့ဟာ အားလုံးအတွက် စဉ်းစားပြီးတော့ အခြေအနေအချိန်အခါပေါ်မှာကြည့်ပြီးတော့ အခြေခံဥပဒေကလဲ သမ္မတကို လုပ်ပိုင်ခွင့် အပ်နှင်းထားပါတယ်။ ခုနကလို ကျွန်တော်တို့ Pradon ပေးလို့ရတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့ရတယ်။ အခြေအနေ အချိန်အခါပေါ်မှာပဲ ကြည့်ပြီးတော့ ဒါ ကျွန်တော်တို့လုပ်သွားရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံသားတွေဖြစ်လို့ပဲ။


မေး- သမ္မတကြီးခင်ဗျာ၊ ကျွန်တော် အာအက်ဖ်အေက ခင်မောင်စိုးပါ။ ကျွန်တော်တို့ ဘ၀တစ်သက်တာမှာ သမ္မတကြီးနဲ့ ခုလိုတွေ့ဆုံမေးမြန်းခွင့်ရမယ်လို့ တစ်ခါမှ စိတ်မကူးခဲ့ပါဘူး။ ဒါ့ကြောင့် အင်မတန် ကျေးဇူးတင် ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေဟာ ကမ္ဘာတစ်ခုလုံးက ခေါင်းဆောင်တွေက ဂုဏ်ပြုချီးကျူးပြောဆိုရပါတယ်ခင်ဗျာ။ ဒီလိုစိတ်ကူး စိတ်သန်းတွေ သမ္မတကြီး ဘယ်လို ပေါ်လာပြီးတော့ ဘယ်လိုဆုံးဖြတ်သလဲဆိုတာ သိခွင့်ပြုပါလား ခင်ဗျာ။


ဖြေ- ပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တစ်ယောက်တည်းရဲ့ သဘောထားမဟုတ်ပါဘူး။ အစိုးရအဖွဲ့ရဲ့ သဘောထားလဲ ပါပါတယ်။ လွှတ်တော်ရဲ့သဘောထားလဲ ပါပါတယ်။ လွှတ်တော်၊ အစိုးရအဖွဲ့ရော ၀ိုင်းဝန်း တိုင်ပင်ပြီးတော့မှ ဒီကိစ္စတွေဟာ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေဆိုပြီးတော့ ဒီလိုဆုံးဖြတ်ပြီးတော့ လုပ်ကြတာဖြစ်ပါတယ်။ တစ်ယောက်တည်းရဲ့ အဆုံးအဖြတ်မဟုတ်ပါဘူး။ အားလုံး စုပေါင်းပြီးတော့မှ ဒါတွေ ဒါတွေဟာလုပ်သင့်တယ်။ ပထမဦးဆုံး ကျွန်တော်တို့ရဲ့ပင်စင်စားတွေ၊ လစာလေးက နည်းနည်းလေးနဲ့ မလောက်မငတွေဖြစ်နေတယ်။

ကဲ ဒီအဖွဲ့ကိုဦးစားပေးပြီးတော့ ပေးနိုင်သလောက်လေးတိုးပြီးတော့ ပေးလိုက်ရအောင်။ ကျန်တဲ့အသုံးစရိတ်တွေကို ကျွန်တော်တို့ လျှော့မယ်။ လှျော့့ပြီးတော့မှ တိုးပေးလိုက်တာရှိတယ်။ နောက်တစ်ခုကတော့ ခုနလို ကျေးလက် ဒေသဖွံ့ဖြိုးမှုနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အဲဒီတော့ မြန်မာနိုင်ငံမှာ ရာခိုင်နှုန်း ၇၀က ကျေးလက် မှာနေတယ်။ ဆင်းရဲနွမ်းပါးတဲ့သူတွေကလဲ ကျေးလက်မှာနေကြတဲ့သူတွေ များပါတယ်။ အဲဒီ လူ တန်းစားကို ကျွန်တော်တို့အရင်ဆုံးကြည့်ဖို့လိုတယ်။ သူတို့ချမ်းသာဖို့အတွက်တော့ ကိုယ့်ဘာသာကိုယ် ကြိုးစားရမှာဖြစ်ပါတယ်။ သို့သော်လည်း စားဖို့အတွက်၊ ၀တ်ဖို့အတွက်၊ နေဖို့အတွက် မကြောင့် မကြနဲ့ စိတ်ချလက်ချ စားနိုင်အောင် ၀တ်နိုင်အောင် နေနိုင်အောင်လုပ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန် ရှိလာပါတယ်။ ဒီလိုလူတွေကို ပထမဆုံးဦးတည်ပြီးတော့မှ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ပညာရှင်တွေနဲ့ လုပ်လိုက်ပါတယ်။ သူတို့ရဲ့အကြံပြုချက်တွေ၊ အားလုံးစုပေါင်းပြီးတော့မှ လုပ်ငန်းစဉ်(၈)ရပ် ကျွန်တော် တို့ပေါ်လာတယ်။ ဒီလုပ်ငန်းစဉ်(၈)ရပ်ကို ချပြီးတော့မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်နေတာတွေ ရှိတယ်။

ဒါတွေဟာ ကျွန်တော်တစ်ယောက်တည်း ခေါင်းနဲ့လုပ်တာမဟုတ်ပါဘူး။ ကျွန်တော်တစ် ယောက်တည်းလုပ်တယ်ဆိုရင်လဲ ကားရာကျမှာပေါ့။ အစိုးရအဖွဲ့လဲ ပါပါတယ်။ လွှတ်တော်လဲ ပါပါတယ်။ ဒါတွေ တိုင်ပင်ညှိနှိုင်းပြီးတော့မှ ကျွန်တော်တို့လုပ်ကြတာဖြစ်ပါတယ်။


မေး- သမီး မြန်မာတိုင်းမ်ကပါ။ သမ္မတကြီးရှင့်၊ ကြားဖြတ်ရွေးကောက်ပွဲကိုလေ ဘယ်တော့လောက် များကျင်းပဖို့ လျာထားတာများ ရှိပါသလဲရှင့်။

ဖြေ- ကြားဖြတ်ရွေးကောက်ပွဲကတော့ နေရာ ၄၀ကျော်လောက်တော့ လစ်လပ်နေတယ်လို့ ကျွန်တော် တို့ထင်တယ်။ လောလောဆယ်တော့ ဘယ်လ၊ ဘယ်ရက်ရယ်လို့ သတ်မှတ်ထားတာတော့ မရှိ သေးဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လဲ ကျွန်တော်တို့ ညှိနှိုင်းကြတာ၊ တိုင်ပင်ကြတာလဲ ကျွန်တော် တို့ မလုပ်နိုင်သေးဘူး။ ကြားဖြတ်ရွေးကောက်ပွဲတော့ လုပ်တော့ လုပ်ရမှာပဲ။ သတ်မှတ်ထားတဲ့ ရက်၊ သတ်မှတ်ထားတဲ့လ ဒါတွေကတော့ အခုတော့ ကျွန်တော်တို့ပြောလို့မရသေးပါဘူး။



မေး- ကျွန်တော် Voice ကပါ ခင်ဗျ။ သမ္မတကြီး အခုဖော်ဆောင်နေတဲ့ အပြောင်းအလဲ Road Map ဆိုတာမျိုးပေါ့၊ တစ်ခုခုသတ်မှတ်ထားတာမျိုးရှိပါသလား ခင်ဗျ။


ဖြေ- ကျွန်တော်တို့အနေနဲ့ Road Map ဆိုပြီးတော့ သတ်သတ်မှတ်မှတ် ဒီလိုအစီအစဉ်ချထား တာတော့မရှိပါဘူး။ အခြေအနေအရ လုပ်နိုင်တဲ့ဟာတွေ၊ စဉ်းစားသင့်တဲ့ဟာတွေကို ကျွန်တော်တို့ အရင်လုပ်သွားပါမယ်။ အဲဒီတော့ တိုင်းပြည်ရဲ့အခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ လုံခြုံရေးအ ခြေအနေ၊ ဒါတွေကြည့်ပြီးတော့ ကိုယ့်တိုင်းပြည်ကောင်းဖို့ တိုင်းသူပြည်သားတွေနဲ့ပေါင်းပြီး ဒီလို ပဲ ကျွန်တော်တို့လုပ်သွားရမှာပါပဲ။ ကျွန်တော်ထင်တယ် ရှေ့ကိုတော့ ကောင်းမယ့်အလားအလာတွေ တော်တော်လေးမျှော်မှန်းလို့ ကျွန်တော်တို့ရတယ်။ ဘာကြောင့်လဲဆိုတော့ မနေ့ကလဲ ဂျပန်ဝန် ကြီးချုပ်နဲ့ ကျွန်တော်တွေ့တယ်။ ဘေးနားမှာထိုင်ပြီးတော့ နှစ်ယောက် ရင်းရင်းနှီးနှီး ပြောတယ်။ပြီးတော့လဲ သူက ကျွန်တော့်ကို တွေ့ဆုံကြဖို့ပြောလို့ ကျွန်တော်က သူနဲ့တွေ့ပါတယ်။ တွေ့တော့ မြန်မာနိုင်ငံရဲ့လတ်တလောဖြစ်ပေါ်တိုးတက်မှုတွေကို သူတို့လဲ ဒါကိုဝမ်းသာအားရဖြစ်တယ်။ အထူး သဖြင့်တော့ စီးပွားရေးအပိုင်းတွေမှာ ဂျပန်နိုင်ငံနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံကို လက်တွဲပြီးတော့ သူတို့လုပ်မယ်။ သူတို့လဲ အကူအညီပေးနိုင်တာကို သူတို့ကူညီပေးမယ်ဆိုပြီး မနေ့က ကျွန်တော်တို့ နှစ်ယောက်တွေ့ကြတဲ့အခါမှာ ၀န်ကြီးချုပ်ပြောသွားတယ်။ နောက်တော့ ဒီနေ့လဲ အစည်းအဝေး မှာ ဂျပန်ဝန်ကြီးချုပ်က ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်ပြီးတော့ ထောက် ခံပြောကြားသွားတာရှိပါတယ်။ အဲဒီတော့ဒီအချက်တွေပေါ်မှာမူတည်ပြီးတော့မှ ဂျပန်နဲ့ ကျွန်တော် တို့ကတော့ ရှေ့လျှောက်ပြီးတော့ ဆက်ဆံရေးတွေက ပိုပြီးတော့ကောင်းလာမယ်။ နောက်သူ့ဆီက ရင်းနှီးမြှုပ်နှံမှုတို့ ဘာတို့ ကျွန်တော်တို့ဆီရောက်လာလိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်တယ် ပေါ့နော်။


မေး- သမ္မတကြီးခင်ဗျာ၊ ကျွန်တော်ကျိုတိုသတင်းဌာနက မြတ်သူရပါ။ ကျွန်တော်သိချင်တာက သမ္မတကြီးရှင်းပြသလိုပဲ ပြည်တွင်းမှာ မတူညီတဲ့သဘောထားတွေကို အဆင်ပြေအောင်ညှိတဲ့အခါ မှာ ပြည်ပက ဖိအားတွေလျော့သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တဲ့အခါမှာ သူတို့သဘောထား တွေပြောင်းလဲလာတဲ့အခါမှာ အကျိုးဆက်တွေအရ အဲဒါကြောင့် သမ္မတကြီးအနေနဲ့ရှေ့လျှောက်ပြီး တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ရှိပါသလားခင်ဗျာ။


ဖြေ- ဒေါ်အောင်ဆန်းစုကြည်နဲ့ကျွန်တော်နဲ့လည်း တစ်ကြိမ်တွေ့ပြီးပြီ။ တွေ့ပြီးတော့ နှစ်ယောက် လုံးရဲ့ သဘောထားတွေကိုပြောခွင့်ဆိုခွင့်တွေကိုလဲ ကျွန်တော်တို့ တော်တော်လေးရတယ်။တချို့ အချက်တွေလဲ မတူတာတွေရှိတာပေါ့။ အဲဒီတော့ မတူတာတွေကိုတော့ ကျွန်တော်တို့ခဏဖယ်ထား ကြရအောင်။ တိုင်းပြည်ရဲ့အကျိုးစီးပွားပေါ့။ ဘုံအကျိုးစီးပွားအတွက်တူညီတာတွေကို ကျွန်တော်တို့ လက်တွဲပြီးလုပ်ကြရအောင်။ ဒီကနေ့ တိုင်းရင်းသားအားလုံးရဲ့ဆန္ဒက ဘာလဲပေါ့။ ဒီဟာကိုလဲ ကျွန်တော်တို့ဖော်ထုတ်ဖို့လိုတယ်။တိုင်းရင်းသားအားလုံးရဲ့ဆန္ဒက တိုင်းပြည်ကတည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံရှိချင်တယ်။ ဒီဟာ တစ်ချက်၊ နောက်တစ်ခါ ကိုယ့်တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ချင်တယ်။ ခေတ်မီတဲ့နိုင်ငံကျွန်တော်တို့ဖြစ်ချင်တယ်။အဲ့တော့ဒီနှစ်ချက်ကပြည်သူအား လုံးရဲ့ဆန္ဒပါ၊ ပြည်သူအားလုံးရဲ့ဆန္ဒဖြစ်တဲ့အတွက်ကြောင့် ခင်ဗျားဆန္ဒလဲဖြစ်တယ်။ ကျွန်တော့် ဆန္ဒလဲဖြစ်တယ်။ ဒါကိုခင်ဗျားလက်ခံလားဆိုတော့ သူလက်ခံတယ်။အဲတော့ဒီတိုင်းပြည်အကျိုးရှိ မယ့်ဟာတွေကို ကျွန်တော်တို့လက်တွဲပြီးလုပ်ကြရအောင်။ ဒီလိုပြောတဲ့အတွက်ကြောင့်လဲ အခု ဒါရွေးကောက်ပွဲတို့ဘာတို့ ပြန်ပြီးတော့ ပါတီကိုမှတ်ပုံတင်ရွေးကောက်ပွဲဝင် ဘာညာလုပ်တယ်ပေါ့။ ဘာတွေလုပ်မလဲဆိုတာ၊ ဘာကိုတွဲပြီးတော့ လုပ်ကြပြုကြမလဲဆိုတာ အခုချိန်ပြောဖို့တော့ ခက်တယ်။ သို့သော်လဲ ပြောနိုင်တာကတော့ တိုင်းပြည်အတွက် အကျိုးစီးပွားအတွက် ဘုံအကျိုးစီးပွားအ တွက်တော့ လက်တွဲပြီးတော့လုပ်ကြမယ်ဆိုတဲ့ဟာကတော့ ဒီလိုတော့ကျွန်တော်တို့ ပြောဆိုထား တာတွေရှိပါတယ်။



မေး- နောင်လာမယ့်ငါးနှစ် အခုဆက်ပြီးသွားမယ့် ငါးနှစ်အတွင်းကို တွေ့ကြုံရမယ့်စိန်ခေါ်မှုတွေ သမ္မတကြီးအနေနဲ့ ဘယ်လိုကျော်လွှားဖို့၊ ရင်ဆိုင်ဖို့စဉ်းစားထားပါသလဲ။ တိုးတက်ဖြစ်ပေါ်လာတဲ့ ဖြစ်ပေါ်မှုတွေကို နိုင်ငံတကာကလဲ အသိအမှတ်ပြုထားပါတယ်။ အဲဒီလိုတိုးတက်မှုတွေရှေ့ဆက် ပြီးသွားဖို့ ဘယ်လိုမဟာဗျူဟာနဲ့ဆက်ပြီးတော့သွားဖို့ စိတ်ကူးထားပါသလဲ။

ဖြေ- နောက်ဖြစ်လာမယ့် ပြဿနာ၊ နောင်ဘာဖြစ်လာမလဲဆိုတာ အခုလိုပြောလို့တော့မရသေးဘူး ပေါ့။ ပြဿနာဖြစ်လာတဲ့အပေါ်မှာမူတည်ပြီးတော့မှ အဖြေရှာပြီးတော့ ကျော်လွှားနိုင်ဖို့လုပ်ရမှာပါ။ နောက်တစ်ခုကတော့ ဒီမိုကရေစီ ကျွန်တော်တို့ရှင်သန်ဖွံ့ဖြိုးဖို့အတွက်ပေါ့ ဟုတ်တယ်မ ဟုတ်လား၊ ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးဖို့အတွက်ကတော့ ကျွန်တော်တို့က အခုမှအစိုးရသက်တမ်းက ရှစ်လပဲရှိသေးတယ်။ နောက် ကျွန်တော်တို့လူတွေကလဲ ဒီမိုကရေစီရဲ့ အတွေ့အကြုံတွေသိပ်ပြီးမရှိ သေးပါဘူး။ အဲဒီတော့ ဟိုနိုင်ငံတွေနဲ့သွားပြီးတော့ နိုင်းဆလို့တော့ ကျွန်တော်တို့က မရသေးပါဘူး။ အထူးသဖြင့် နယ်စပ်တွေမှာဆိုရင် ကျောင်းတွေဖွင့်ပေးဖို့အများကြီးလိုတယ်။ စာတွေသင်ပေးဖို့ အများကြီးလိုတယ်။ အဲဒီတော့ ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးဖို့အတွက်ကတော့ အချက်သုံးချက်လို တယ်။ ပထမတစ်ချက်ကတော့ နိုင်ငံတော်လုံလုံခြုံခြုံနဲ့ တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့ရှိဖို့ လိုတယ်။ ဒုတိယအချက်ကတော့ စီးပွားရေးအရေးကြီးပါတယ်။ စီးပွားရေးတိုးတက်လာဖို့ စီးပွား ရေးတောင့်တင်းဖို့လိုပါတယ်။ တတိယအချက်ကတော့ လူ့စွမ်းအားအရင်းအမြစ်တွေ လူတွေဟာ ပညာတွေတတ်ကြပြုကြတယ်ဆိုလို့ရှိရင် ဘာပဲဖြစ်ဖြစ်သူစဉ်းစားတယ်။ တွေးခေါ်နိုင်တယ်။မှား တာမှန်တာကိုသူခွဲခြားပြီးတော့ သိနိုင်ပြုနိုင်တယ်။ အဲ့တော့ ဒါပြည်သူ့ရဲ့အဆုံးအဖြတ်ပေါ်မှာပဲ ကျွန်တော်တို့ မူတည်တယ်။ ဒီမိုကရေစီရှင်သန်ဖို့အတွက်က ဘာလုပ်မလဲဆိုရင် တစ်အချက်က တည်ငြိမ်အေးချမ်းအောင် ကျွန်တော်တို့လုပ်မယ်၊ ကြိုးစားပြီးတော့၊ ဒုတိယအချက်ကတော့ စီးပွား ရေးဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့လုပ်မယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ကိုယ့်နိုင်ငံ ၀န်နဲ့အားနဲ့ ကျွန်တော်တို့က မနိုင်ဘူး၊ မနိုင်တော့ ဘာလုပ်ရမလဲဆိုတော့ အခုပြည်ပအရင်းအနှီး တွေ ဒါတွေကို ကျွန်တော်တို့က ဖိတ်ခေါ်ရမယ်။ အဲဒီတော့ပြည်ပအရင်းအနှီးတွေကို ဟိုတုန်းကလဲ မဖိတ်ခေါ်ဘူးလားဆိုတော့ ဖိတ်ခေါ်တယ်။ သို့သော်လဲ ကျွန်တော်တို့မှာ ဆန်ရှင်ရှိတယ်။ စီး ပွားရေးအရတားဆီးထားတာတွေရှိတယ်။ ငွေကြေးအရ ခုနကလိုကျွန်တော်တို့ကိုတားဆီးထားတာ ရှိတယ်၊ အခု သူတို့နဲ့ကျွန်တော်တို့ဆက်ဆံမှုပြေလည်လာတာနဲ့အမျှ ဒါတွေကလဲ တဖြည်းဖြည်း ဖြေလျှော့လာမယ်လို့ ကျွန်တော်တို့တွက်ပါတယ်။ တစ်ဖက်ကလဲ ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမယ့် အဖွဲ့တွေကို ချိတ်ဆက်ပေးထားပါတယ်။ ဥပမာ ထားဝယ်တို့ ဘာတို့ ရေနက်ဆိပ်ကမ်းတို့ဘာတို့၊ နောက်တစ်ခါ အထူးစီးပွားရေးဇုန်တို့ ဘာတို့ အဲဒီမှာလုပ်ဖို့ရှိတယ်။ ကျောက်ဖြူမှာဆိုရင်လဲ တရုတ် တို့အရင်းအနှီးလုပ်နေတာတွေရှိတယ်။ အလားတူပဲ ရန်ကုန်အနီးနားတစ်ဝိုက်မှာလဲရှိတယ်။

ဒီလို အထူးစီးပွားရေးဇုန်တွေပေါ်လာမှ၊ စက်ရုံကြီးတွေပေါ်လာမှ လူတွေက အလုပ်ရကြမယ်။အလုပ်ရ မှပဲ ၀င်ငွေရမယ်။ ၀င်ငွေရမှပဲ စားနိုင်ပြုနိုင်မယ်။ ဒီစက်ရုံကြီးတွေအလုပ်ရုံကြီးတွေမရှိဘဲနဲ့က တော့ ကျွန်တော်တို့မရနိုင်ဘူး။ ဒီကနေ့ စိုက်ပျိုးရေးဆိုတာ ခင်ဗျားတို့လယ်ဆယ်ဧကစိုက်လို့ရှိ ရင်အိမ်ထောင်စုဆယ်စုလောက်ပဲ ထမင်းစားရမယ်။ ဆယ်ဧကလောက်မှာစက်ရုံကြီးတစ်ရုံတည် လိုက်မယ်ဆိုရင် အိမ်ထောင်စုက ခင်ဗျားတို့ထောင်နဲ့ချီပြီးအလုပ်အကိုင်တွေ ကျွန်တော်တို့ရလာ မယ်။ ထမင်းစားရမယ်။ နောက်တစ်ခုက လူတွေရဲ့အဆင့်အတန်းပေါ့၊ ပညာရေးအဆင့်အတန်း ဒီဟာလဲ ကျွန်တော်တို့အများကြီးလိုပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လဲ ကျွန်တော်တို့လူမျိုးတွေရဲ့ ပညာအဆင့်အတန်းမြင့်မားလာအောင် စာတွေပေတွေတတ်လာ အောင်မှားတာမှန်တာတွေခွဲခြား ပြီးတော့ စဉ်းစားသုံးသပ်တတ်အောင် ဒါတွေက ပညာရေးအပေါ်မှာအများကြီး မူတည်ပါတယ်။ဒါတွေလဲကျွန်တော်တို့ဆက်ပြီးတော့ လုပ်ဖို့ပြုဖို့ရှိပါတယ်။ အဲဒီတော့ ဒီမိုကရေစီအတွေ့အကြုံတွေ ကျွန်တော်တို့များလာမယ်။ ဒီမိုကရေစီအလေ့အ ကျင့်တွေ ကျွန်တော်တို့များလာမယ်ဆိုလို့ရှိရင် ဒီစနစ်ကြီးဟာ တဖြည်းဖြည်းချင်းရှင်သန်လာမယ်။ ဒါတွေကိုဆက်ပြီး ကျွန်တော်တို့ကြိုးစားပြီးလုပ်သွားရမယ်။ ကျွန်တော်တစ်ယောက်တည်းလုပ်လို့ မရဘူး၊ အစိုးရအဖွဲ့တစ်ဖွဲ့တည်းနဲ့လဲ လုပ်လို့မရဘူး၊ ဒီထဲမှာလွှတ်တော်ရဲ့ ပြည်သူ့ရဲ့ဆန္ဒတွေလဲ ကျွန်တော်တို့ရယူရမယ်၊ ပြည်သူပြည်သားတွေကလဲ ၀ိုင်းဝန်းပြီးတော့ထောက်ခံအားပေးပြီးတော့ မှ ဒီလိုလုပ်မှ ကျွန်တော်တို့ရမယ်။ ဒီမိုကရေစီရှင်သန်အောင် ကျွန်တော်တို့က လမ်းကြောင်းလေး ကတော့ မှန်နေပြီ၊ ဒီလမ်းအတိုင်းရည်မှန်းချက်ကိုရောက်အောင်သွားဖို့လိုတယ်။ တစ်ယောက်တည်း သွားလို့မရဘူး၊ အကုန်လုံးဝိုင်းပြီးတော့ လက်တွဲပြီးတော့သွားဖို့လိုတယ်။


ယုံကြည်ချက်အပြည့်ဖြင့် အစည်းဝေးခန်းထဲဝင်လာသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်



ဗွီအိုအေမြန်မာပိုင်းမှ မှတ်တမ်းတင်မှု


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

Friday, November 4, 2011

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁။)

၁၃၇၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက်

(၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်)


ပြည်ထောင်စုလွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။

ဤဥပဒေကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင် စေရမည်။

၂။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ဂ)ကို အောက်ပါအတိုင်း အစားထိုးရမည် -


“(ဂ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာရေး၊”

၃။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(င)ကို ပယ်ဖျက်ပြီး ပုဒ်မခွဲ (စ)ကို ပုဒ်မခွဲ (င)၊ ပုဒ်မခွဲ (ဆ) ကို ပုဒ်မခွဲ(စ)၊ ပုဒ်မခွဲ(ဇ) ကို ပုဒ်မခွဲ(ဆ)၊ ပုဒ်မခွဲ(ဈ)ကို ပုဒ်မခွဲ(ဇ) အဖြစ် ပြောင်းလဲသတ်မှတ်ရမည်။

၎။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂(က)(၁)တွင် အောက်ပါ ရှင်းလင်းချက်ကို ဖြည့်စွက်ရမည်-


“ရှင်းလင်းချက်။

လွှတ်တော်သက်တမ်း တစ်ရပ်စီအတွက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးသည့် နောက်ပိုင်းတွင် မှတ်ပုံတင်ခွင့်ရရှိသော ပါတီသည် ယင်း လွှတ်တော်သက်တမ်းအတွင်း ကျင်းပ ပြုလုပ်သော ကြားဖြတ် ရွေးကောက် ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင် ဖြစ်စေ၊ မဲဆန္ဒနယ် သုံးနယ်ထက် မနည်း ကျင်းပပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲ များ၌ အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင် ဖြစ်စေ ယင်းသို့ ၀င်ရောက် ယှဉ်ပြိုင်မှု မပြုခြင်းသည် ဤပြဋ္ဌာန်းချက်နှင့် အကျုံးဝင်စေ ရမည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။



(ပုံ) သိန်းစိန်



နိုင်ငံတော်သမ္မတ



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

 
MYANMAR GAZETTE - မီးပြတိုက်