အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ သတင်းထောက်များ အား လက်ခံတွေ့ဆုံပြီး မေးမြန်းချက်များကို အကျယ်တ၀င့် ရှင်းလင်းဖြေကြား

Friday, September 28, 2012






နေပြည်တော် စက်တင်ဘာ ၂၉
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ရောက်ရှိနေ သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ(၂၈)ရက် ဒေသစံတော်ချိန် နံနက်(၉)နာရီတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၌ ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ အာရ်အက်ဖ်အေနှင့် မြန်မာနေရှင်နယ်တီဗွီ တို့မှ သတင်းထောက်များအား လက်ခံတွေ့ဆုံသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် သတင်းထောက်များက လက်ပန်းတောင်းတောင် သတ္တုတွင်းလုပ်ငန်း နယ်မြေအတွင်းမှ ကျေးရွာများ ရွှေ့ပြောင်းရေးကိစ္စ၊ ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေမှု၊ အမေရိကန်-မြန်မာဆက်ဆံရေး၊ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှပို့ကုန်များ ပြန်လည်တင်သွင်းခွင့်ပြုသည့်အပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားအမြင်၊ အမေရိကန်-မြန်မာတပ် မတော်များအကြား အနာဂတ်ဆက်ဆံရေး အလားအလာ၊ မြန်မာနှင့်အမေရိကန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အလားအလာစသည်တို့ကို မေးမြန်းကြရာ နိုင်ငံတော်သမ္မတက မေးခွန်းတစ်ခုချင်းစီအား အကျယ်တ၀င့် ရှင်းလင်းဖြေကြားသည်။

ထို့နောက် ညနေ(၃)နာရီခွဲတွင် ခေတ္တတည်းခိုသည့် The Mark ဟိုတယ်ဧည့်ခန်းမ၌ အမေရိကန်ပြည်ထောင်စု The New York Times သတင်းစာမှ ပင်တိုင်ဆောင်းပါးရှင် Mr.Bill Keller က လာရောက်တွေ့ဆုံပြီး သိရှိလိုသည်များ ကို မေးမြန်းရာ နိုင်ငံတော် သမ္မတက ပြန်လည် ရှင်းလင်း ဖြေကြားသည်။  

 

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ Asia Society တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ နှင့် အင်တာဗျူး အပြည့်အစုံ

Thursday, September 27, 2012


 နေပြည်တော် စက်တင်ဘာ ၂၈

ရှေးဦးစွာ တက်ရောက်လာကြတဲ့ Asia Society မှ ပုဂ္ဂိုလ်များအားလုံးကို ကျွန်တော့် အနေနဲ့ မင်္ဂလာပါလို့ နှုတ်ခွန်းအရင် ဆက်သ အပ်ပါတယ်။

ပထမဦးဆုံး အနေနဲ့ ကျွန်တော် ပြောလိုတာကတော့ ကျွန်တော်တို့ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အကောင်အထည် ဖေါ်နေချိန်မှာ၊ အစောပိုင်း လာလတွေမှာ မြန်မာနိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ လာရောက် လေ့လာပြီးတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအပေါ်မှာ နိုင်ငံတ ကာကို ထောက်ခံ ပြောဆိုပေးခဲ့ကြတဲ့ Asia Society တာဝန်ရှိသူတွေကို ကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ ဖြစ်စေ၊ အမေရိကန် ပြည်ထောင်စုမှာပဲ ဖြစ်စေ ဒီမိုကရေစီ အုပ်ချုပ်မှု ပုံစံအရ အစိုးရ တစ်ရပ်ပြီးတစ်ရပ် ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပေါ်ပေါက်လာတဲ့ အစိုးရ အရပ်ရပ်ပေါ်မှာ မူတည်ပြီး အစိုးရ အချင်းအချင်း ဆက်ဆံမှု ပုံစံတွေလည်း ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ အစိုးရတွေ ဘယ်လိုပဲပြောင်းပြောင်း နှစ်နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူများ အချင်းချင်း ချစ်ကြည်ရင်းနှီး ဆက်ဆံမှုကတော့ ခိုင်မြဲစွာ တည်တံ့ကျန်ရစ်နေဖို့ အရေးကြီးပါတယ်။

ဒီလို ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံမှုတစ်ခုကို အမေရိကန်ပြည်သူများနဲ့ မြန်မာနိုင်ငံပြည်သူများ အကြားမှာ ပေါက်ဖွားစေဖို့ အတွက် နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့ စရိုက်တွေ၊ စီးပွားရေးဆောင်ရွက်ပုံတွေ၊ အနုပညာတွေကို အပြန်အလှန် သိရှိနားလည်ကြဖို့ လိုအပ်ပါတယ်။ ဒီလို အာရှ တိုက်နိုင်ငံများနဲ့ အမေရိကန် ပြည်ထောင်စု အကြား အပြန်အလှန် နားလည်မှုရှိအောင် ဖော်ဆောင်ပေးနေတဲ့ Asia Society ရဲ့ အခန်းကဏ္ဍကို အလွန်ပဲ အရေးကြီးတယ်လို့ ပြောလိုပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာရုံ၊ လွှတ်တော်တွေ ပေါ်ပေါက်လာရုံ၊ ရွေးကောက်ပွဲတွေလုပ်ရုံနဲ့ အောင်မြင်မှုရနိုင်မှာ မဟုတ်ပါဘူး။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ကာလရှည်ကြာ ပျောက်ဆုံးနေ တဲ့ “Democratic Culture” လို့ဆိုတဲ့ “ဒီမိုကရေစီ ယဉ်ကျေးမှု” တစ်ရပ်ကို ပြန်လည်အသက်သွင်းရမှာ ဖြစ်ပါတယ်။

အခုအချိန်ဟာ ဒီမိုကရေစီစံနှုန်းတွေကို မိမိတို့ရဲ့ နိုင်ငံသားအားလုံးရဲ့ ရင်မှာ ကိန်းဝပ် ရှင်သန်လာအောင် ပြန်လည် လှုပ်နှိုးနေရတဲ့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေကို လက်ခံနားလည်ပြီး ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရန် ကြိုးပမ်း ဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။ ဒီကိစ္စကို ဆောင်ရွက် အကောင်အထည်ဖော်ရာမှာ အစိုးရ တစ်ရပ်တည်းရဲ့ အားနဲ့ ဆောင်ရွက်တာထက်၊ အရပ်ဘက်နဲ့ လူ့အဖွဲ့အစည်းများရဲ့ ကူညီဆောင်ရွက်မှုကိုလည်း ရယူရမှာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ လက်ခံ ယုံကြည်ထားပါတယ်။

မြန်မာ့လူ့ဖွဲ့အစည်းတွေ ရှင်သန်အားကောင်းလာစေဖို့အတွက် အကြံဉာဏ်တွေ၊ ဆွေနွေးညှိနှိုင်းမှုတွေ၊ စွမ်းဆောင်ရည် မြှင့်တင်မှုတွေကို Asia Society က ကူညီ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ဒီမိုကရေစီ ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်ဖို့အတွက် ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကဲ့သို့ မိတ်ဆွေကောင်း များကိုလည်း လိုအပ်ပါတယ်။ မြန်မာပြည်သူများနဲ့ အမေရိကန် ပြည်သူများအကြား ရင်းနှီးချစ်ကြည်မှု ပိုမိုမြင့်မားလာစေဖို့ အတွက် Asia Society အနေနဲ့ စိတ်ကောင်း စေတနာမှန်နဲ့၊ အကူအညီများ အကြံဉာဏ်များဖြင့်လည်း ပံ့ပိုးပေးသွား နိုင်မယ်လို့ မျှော်လင့်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ( ၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်း

 

( နယူးယောက်မြို့၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်)

အထွေထွေ ညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂ အထွေထွေ  အတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ ခင်ဗျား-

အဆွေတော်အား (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး သဘာပတိ အဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်တင်မြောက်ခြင်း ခံရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဆားဘီးယား နိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ကာလရှည်ကြာစွာကပင် ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါတယ်။ ယနေ့ ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းဖို့ အဆွေတော် ဦးစီးဦးရွက် ပြုတဲ့ အထွေထွေ ညီလာခံကြီးက စဉ်းစား ဆွေးနွေး ဆောင်ရွက်သွားလျက် ရှိပါတယ်။ အဆွေတော်ရဲ့ ဥာဏ်ပညာကြီးမြင့်မှု၊ အတွေ့အကြုံကြွယ်ဝမှု၊ သံတမန်ရေးရာ လိမ္မာပါးနပ်မှုတို့ကြောင့် ကျွန်တော်တို့ရဲ့ ဒီလိုဆွေးနွေးမှုတွေဟာ မျှော်မှန်းတဲ့ ရလဒ်များ ပေါ်ထွက်လာမယ်လို့ အလေးအနက် ယုံကြည်ပါတယ်။

အလားတူပဲ (၆၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးရဲ့ သဘာပတိအဖြစ်  အဆွေတော်ရဲ့ရှေ့က ဆောင်ရွက်ခဲ့တဲ့ မစ္စတာနာဇီး အယ်လ်နာဆာ ကိုလည်း ပြောင်မြောက်စွာ ခေါင်းဆောင်မှု ပေးနိုင်ခဲ့ခြင်းအတွက် တန်ဖိုးထား ကျေးဇူးတင် ရှိပါကြောင်း ပြောကြားလိုပါတယ်။

သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံဟာ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို စဉ်ဆက်မပြတ် ကျင့်သုံးလာခဲ့ပါတယ်။ ယင်းနိုင်ငံခြားရေး မူဝါဒရဲ့ အခြေခံ မူကြီးများထဲမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားရန် ပြဋ္ဌာန်းထားပါတယ်။ ဒီလို ထိန်းသိမ်းရာမှာ နိုင်ငံများအကြား ပေါ်ပေါက်လေ့ရှိတဲ့ သဘောထား ကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို အားပေးအားမြှောက်ပြုသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ယင်းရပ်တည်ချက် သဘောထားဟာ ယခု အထွေထွေ ညီလာခံကြီးအတွင်း အဆင့်မြင့် ပုဂ္ဂိုလ်များအဆင့် ဆွေးနွေးမှုများအတွက် အဆွေတော်မှ အဆိုပြု ချမှတ်ခဲ့တဲ့ ဘာသာရပ် ခေါင်းစဉ်ဖြစ်တဲ့ “နိုင်ငံတကာ အငြင်းပွားမှုများနဲ့ အရေးအခင်းများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ညှိနှိုင်းသွားရန် သို့မဟုတ် ဖြေရှင်းသွားရန်” ဆိုတဲ့ ခေါင်းစဉ်ရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါတယ်။

သဘာပတိကြီးခင်ဗျား-
ယခုနှစ် ဇွန်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ   Rio+20 အစည်းအဝေး ရလဒ်နှင့် ပတ်သက်ပြီး သဘောထားနဲ့ သုံးသပ်မှုတွေ အမျိုးမျိုး ပေါ်ထွက်ခဲ့ပါတယ်။ ယင်းအစည်းအဝေးကြီးမှာ ယခင် ကတိကဝတ်များကို ထပ်လောင်း အတည်ပြုနိုင်ခဲ့ခြင်း၊ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ဖော်ထုတ်လျက် ထောင်စုနှစ် ရည်မှန်းချက်များနှင့် ဆက်စပ်နိုင်ခြင်း၊ ရေရှည် တည်တံ့မည့် စွမ်းအင်ဆိုင်ရာ ကတိကဝတ်များ ရရှိခဲ့ခြင်း၊ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ လုပ်ဆောင်ချက်များကို ညှိနှိုင်း ဖော်ထုတ်နိုင်မည့် အစီအမံများ ချမှတ်နိုင်ခဲ့ခြင်း စတဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံ အားလုံး အနေနဲ့ ယင်းဆုံးဖြတ်ချက်များပါ ကတိကဝတ်များကို လက်တွေ့ ဆောင်ရွက်ချက်များ အဖြစ် ပြောင်းလဲ ဆောင်ရွက်သွားရန် လိုအပ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ နောင်လာမယ့် သားစဉ်မြေးဆက်များအတွက် ဘေးကင်းပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိနိုင်တဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုကို လက်ဆင့်ကမ်း နိုင်မှာ ဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား-
ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ တည်ထောင်စဉ် ကတည်းက ထားရှိခဲ့တဲ့ အခြေခံမူများကို ဖေါ်ဆောင်ရာမှာ တက်ကြွတဲ့ ခြေလှမ်းများနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဒီညီလာခံကြီးမှာ ပါဝင် တက်ရောက်လာခြင်း ဖြစ်ပါတယ်။

ယနေ့ အချိန်မှာ ကမ္ဘာကြီးမှာ အခွင့်အလမ်းသစ်တွေ ပေါ်ပေါက် နေသလို စိမ်ခေါ်မှု များနှင့်လည်း ကြုံတွေ့နေရပါတယ်၊ မြို့ပြ တည်ဆောက်မှုတွေ၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ သမိုင်းတင်လောက်တဲ့ နှုန်းထားနဲ့ ဖြစ်ပေါ်တိုးတက်နေပါတယ်။ ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုဟာလည်း ကမ္ဘာမြေကို ပိုမိုသေးငယ် စေယောင် ထင်ရပါတယ်။ တချိန်တည်းမှာဆိုသလို သဘာဝ ပတ်ဝန်းကျင်ဟာလည်း မကြုံဘူးတဲ့ ချိန်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်၊ ခြုံငုံပြီး ပြောရရင် ကမ္ဘာကြီးဟာ ယခင်ကာလများမှာ မရှိခဲ့တဲ့နှုန်းနဲ့ ပိုမိုလျင်မြန်စွာ ပြောင်းလဲလျက် ရှိနေပါတယ်။

ယခု ကျင်းပတဲ့ ညီလာခံကြီးမှာ ၂၀၁၅ ခုနှစ်အလွန် ဖွံ့ဖြိုး တိုးတက်ရေး လျာထားချက်များ ဖော်ထုတ်ရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့ ကိစ္စရပ်များကို အလေးထား ဆွေးနွေး ဆောင်ရွက်ခြင်းဟာ အချိန်အခါနဲ့ သင့်မြတ် လျော်ကန်မှုရှိကြောင်း ပြောကြားလိုပါတယ်။

သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ တိုးတက် အောင်မြင်မှုအချို့ ရရှိနေပါတယ်။ ဒီအောင်မြင်မှုတွေကို လွယ်လွယ်ကူကူနဲ့ ရရှိတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပြောကြားလိုပါတယ်။

ယခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အခွင့်အလမ်း ကောင်းတွေ ပေါ်ပေါက်နေသလို စိမ်ခေါ်မှု အသစ်တွေနဲ့လည်း ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ မြန်မာနိုင်ငံ ပြည်သူများဟာ အံ့အားသင့်ဖွယ် အပြောင်းအလဲများကို ဆောင်ကျဉ်းနိုင်ခဲ့ကြ ပါတယ်။ ကျွန်တော်အနေနဲ့ ယခုလို သမိုင်းဝင် အချိန်မှာ မိဘပြည်သူများအတွက် မြန်မာနိုင်ငံ သမ္မတအဖြစ်နဲ့ တာဝန်များ ထမ်းရွက်ပေးနေရခြင်းကိုလည်း များစွာ ဂုဏ်ယူမိပါတယ်။

ကျွန်တော်တို့ အစိုးရသစ် အနေနဲ့ လွန်ခဲ့တဲ့ (၁)နှစ်ခွဲခန့်က စတင် တာဝန်ယူခဲ့တဲ့အချိန်မှ စပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနဲ့ အဓိကအားဖြင့် ပြည်သူများနဲ့အတူ တက်ညီလက်ညီ နောက်ပြန် မလှည့်စတမ်း ပုံဖော်ခဲ့ကြပါတယ်။ ယခင်က အာဏာ(၃) ရပ် ကို တစ်ပေါင်းတည်းကျင့်သုံးခဲ့တဲ့ အာဏာပိုင် အစိုးရစနစ်ကနေ ဒီမိုကရေစီ နည်းလမ်းကျပြီး အပြန်အလှန် ထိန်းကြောင်းမှု စနစ်တွေ ပါတဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဖော်ဆောင် နိုင်ခဲ့ပါတယ်။

စိန်ခေါ်မှုတွေ အများအပြား ရှိနေပေမယ့်လည်း ဂုဏ်ယူဖွယ် အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ ပေါ်ထွက်လာနေပြီ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ပြည်ပမှာ ရောက်နေတဲ့ မြန်မာ့နိုင်ငံရေး အင်အားစုများကို သိက္ခာရှိစွာ ပြန်လည် ဝင်ရောက်ခွင့် ပေးခဲ့ခြင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို အထူး သန့်သန့်ရှင်းရှင်း အောင်မြင်စွာ ကျင်းပပေးနိုင်ခြင်း၊ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်ဆိုရမယ့် သတင်းမီဒီယာအတွက် ကန့်သတ်ထားတဲ့ စာပေ စိစစ်ရေးကို ပယ်ဖျက်ပေးခြင်း၊ အင်တာနက် လွတ်လပ်စွာ အသုံးပြု ခွင့်ပေးခြင်း၊ အလုပ်သမားနှင့် အလုပ်ရှင်အသင်းအဖွဲ့များ ဖွဲ့စည်း တည်ထောင်ခွင့်နှင့် ပြည်သူများ နိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင်ခွင့်ပေးခြင်းစတဲ့ ဆောင်ရွက်ချက်များကို ဖော်ဆောင် နိုင်ခဲ့ပါတယ်။

လက်ရှိရောက်ရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ဟာဆိုလျှင် မတူညီသော နိုင်ငံရေးအင်အားစုများ ပိုမို ပါဝင်လာပြီး ယင်းတို့အကြား စိတ်ရှည် သည်းခံနိုင်စွမ်း၊ သဘောထားကြီးနိုင်စွမ်း မြင့်မားလာမှု နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်နိုင်သည့် နယ်ပယ် ချဲ့ထွင်နိုင်မှု၊ ပြည်သူလူထု အများစုကို တိုးမြှင့်ကိုယ်စားပြုနိုင်မှု၊ တာဝန်ခံမှု ပိုမိုမြင့်မားလာမှုစတဲ့ ဒီမိုကရေစီရဲ့ အခြေခံ လက္ခာဏာများ ပိုမိုပေါ်ထွန်း လာနေပါတယ်။ ကျွန်တော်တို့ အစိုးရနဲ့ သက်ဆိုင်သူ အားလုံးအကြား နိုင်ငံရေး သည်းခံမှု ရှိရှိဖြင့် မျက်နှာစုံညီ ဆွေးနွေးအဖြေရှာခြင်းဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ဓလေ့သစ်ကို စတင် ပုံဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား-
ယခင်က နိုင်ငံရေး အဓိက အတိုက်အခံ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် သာမက ယခုအခါမှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လွှတ်တော် ကော်မတီ၏ ဥက္ကဋ္ဌ အနေနဲ့ လွှတ်တော် စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေရိကန် ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာတွေ ကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်ဝမ်းမြောက် ဂုဏ်ယူပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ဂုဏ်သရေကို မြှင့်တင်ခြင်း ဖြစ်ပါတယ်။ ဒီလို မြှင့်တင်နိုင်မှုကြောင့် အခြေခံနိုင်ငံရေး တည်ငြိမ်မှုကို တည်ဆောက်နိုင်ပြီး ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေးအတွက် အထူးလိုအပ်တဲ့ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အာမခံ ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား-
ဥပဒေပြုရေး မဏ္ဍိုင်ကိုကြည့်လျှင်လည်း လွှတ်တော် အစည်းအဝေးများမှာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို ထိရောက်စွာ ဆောင်ရွက်လာနိုင်ပြီး၊ အရေးကြီးတဲ့ ဥပဒေများကို ဒီမိုကရေစီ နည်းကျကျ အတည်ပြု ပြဋ္ဌာန်းလာနိုင်ပြီ ဖြစ်ပါတယ်။

ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားတဲ့ စီးပွားရေး ဖွံ့ဖြိုးမှုစနစ် တစ်ရပ်သို့ ဦးတည်သွားခြင်း မရှိစေရန်၊ အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီစေရန်၊ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှု မရှိစေရန်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေရန်၊ နိုင်ငံတကာ အလုပ်သမား အခွင့်အရေး တွေနဲ့အညီ ရရှိစေရန်တို့အတွက် လိုအပ်တဲ့ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေး ဆောင်ရွက်လျက် ရှိနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ ကဲ့သို့သော သဘာဝ သယံဇာတတွေ ထုတ်ယူ သုံးစွဲတဲ့ ကဏ္ဍမှာ ပွင့်လင်းမြင်သာပြီး ဘက်လိုက်မှုကင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်အောင် ဆောင်ရွက်နေပါတယ်။

သဘာပတိကြီးခင်ဗျား-
စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင် ပဋိပက္ခများအားလုံး ချုပ်ငြိမ်းသွားအောင် ဦးစွာ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ရှေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တစ်ရပ်ရရှိဖို့ကိုလည်း ကျွန်တော်တို့ အလေးထား ဆောင်ရွက် နေပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ နှစ်ပေါင်းများစွာ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာကို အဆုံးသတ်နိုင်ဖို့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့ (From War To Peace) ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်နဲ့အညီ ကြိုးပမ်း ဆောင်ရွက် နေပါတယ်။ ယခုအခါမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိပြီးဖြစ်ပါတယ်။ နှစ်ဖက် အပြန်အလှန် ယုံကြည်မှုတွေကို ကြိုးပမ်းတည်ဆောက်လျက် နှစ်ဖက် ဆွေးနွေးပွဲတွေကို ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်သွားပြီး တိုက်ခိုက်မှုတွေ လုံးဝ အဆုံးသတ်စေမည့် အပြီးသတ် သဘောတူညီမှု ရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကုစားနိုင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီ ခေါင်းဆောင်များနဲ့ ကချင် တိုင်းရင်းသား လက်နက်ကိုင် တို့အကြား အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၊ ယုံကြည်မှု တည်ဆောက်မှုများ ဆောင်ရွက်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခကြောင့် မည်သည်ဘက်က ဖြစ်စေ အသက်နှင့် အိုးအိမ် ပစ္စည်း ဆုံးရှုံးမှုရှိရင် မြန်မာနိုင်ငံအတွက် ဆုံးရှုံးခြင်းပဲ ဖြစ်တယ်လို့ ခံယူထားပါတယ်။

သဘာပတိကြီးခင်ဗျား-
အထက်မှာ ပြောကြားခဲ့တဲ့အတိုင်း ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေကို မမှိတ်မသုံ လုပ်ဆောင်နေချိန်မှာပဲ မျှော်လင့်မထားခဲ့တဲ့ အခက်အခဲ အချို့လည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနှင့် စပ်လျဉ်းလို့ ပထမဆုံး ပြောလိုတဲ့ အချက်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မခွဲဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံလုံခြုံခြုံ နေထိုင်နိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ စပ်လျဉ်းလို့လည်း ဘက်လိုက်မှုကင်းဖို့ အာမခံချက် ပေးထားတဲ့ လွတ်လပ်သော အမျိုးသားအဆင့် စုံစမ်းရေးကော်မရှင် တစ်ရပ်ကို ကဏ္ဍ နယ်ပယ်အသီးသီးနဲ့ ဟိန္ဒူ၊  မူဆလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာပေါင်းစုံမှ ပြည်သူများ လေးစားသည့် ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပေးပြီး ဖြစ်ပါတယ်။ ဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေကိုလည်း ဤကော်မရှင်အနေနဲ့ ကျွန်တော်ဆီကို တင်ပြလာမှာ ဖြစ်ပါတယ်။

ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ စပ်လျဉ်းလို့ ထင်သာမြင်သာ ရှိစေရန်နဲ့ မိမိတို့ အနေနဲ့ အလေးထား ဆောင်ရွက်နေကြောင်း သိရှိကြစေရန် အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ကိုယ်စားလှယ်အဖွဲ့နဲ့ အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ နိုင်ငံတကာ သံတမန်များစတဲ့ ကိုယ်စားလှယ်အဖွဲ့များကို ရခိုင်ပြည်နယ်ကို မျက်မြင်ကိုယ်တွေ့ သွားရောက် လေ့လာဖို့ စီစဉ်ပေးခဲ့ပါတယ်။ ကူညီထောက်ပံ့လိုတဲ့ အဖွဲ့များကိုလည်း ၎င်းတို့အနေနဲ့ အသိုက်အဝန်း နှစ်ခုစလုံးကို ခွဲခြားမှု မရှိဘဲ အကူအညီ ပေးအပ်မည် ဆိုပါက ကူညီထောက်ပံ့နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။

ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စဟာ နေ့ချင်းညချင်း အဖြေရှာနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ မိမိတို့ အစိုးရ အနေနဲ့ ရေတိုရေရှည် စီမံချက်များ ချမှတ်ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှုထောင့်ပေါင်းစုံက ချဉ်းကပ် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ မိမိနယ်စပ်မျဉ်းတွေ လုံခြုံဖို့ ဆောင်ရွက်ခွင့်၊ နိုင်ငံ အချုပ်အခြာ အာဏာကို ကာကွယ်ပိုင်ခွင့်နှင့် ကာကွယ်နိုင်ခွင့် ရှိတယ်လို့လည်း ကျွန်တော်တို့ အနေနဲ့ ရိုးသားစွာ ယုံကြည်ပါတယ်။ ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာ စံနှုန်းကျင့်ထုံးများနှင့် ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အလွန် နက်နဲခက်ခဲပြီး စိတ်ရှည်ဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော် ကောင်းစွာ သတိပြုမိပါတယ်။ တစ်ချိန်တည်း မှာပဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံများ၊ နိုင်ငံတကာ အသိုက်အဝန်း တစ်ရပ်လုံး အနေနဲ့ မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည် ထောက်ခံမှုနဲ့ အကူအညီများ ပေးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ချဉ်းကပ်နည်း အသစ်တွေနဲ့ ရှုမြင် ချဉ်းကပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာ ရှိတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဝိုင်းဝန်းဖန်တီး ပေးဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြင်ပ အကူအညီများအပေါ် သက်သက်အပေါ် မှီခို ရပ်တည်ခြင်းထက် မိတ်ဖက်နိုင်ငံ တစ်နိုင်ငံအနေနဲ့ ပူးပေါင်းလက်တွဲ လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်။

သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံဟာ ယခုဆိုရင် ခေတ်သစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ မိသားစုဝင် နိုင်ငံအဖြစ် ကဏ္ဍပေါင်းစုံမှာ ပိုမိုကျယ်ပြန့် နက်ရှိုင်းစွာ ပါဝင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများ အလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သရေရှိတဲ့ နိုင်ငံတစ်ခု အဖြစ် ရပ်တည်ရင်း ၂၁ ရာစုရဲ့ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်း သွားမယ် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

သဘာပတိကြီးခင်ဗျား-
လက်ရှိ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အနေနဲ့ ဒုတိယအကြိမ် အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ရွေးချယ်ခြင်း ခံရသည့် အပြင် ၎င်း၏ အောင်မြင်သည့် လုပ်ဆောင်မှုများအတွက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။

သဘာပတိကြီးခင်ဗျား-
ကျွန်တော်ရဲ့ မိန့်ခွန်းကို အဆုံးမသတ်ခင်မှာ အရေးကြီးတဲ့ အကြောင်းအရာ တစ်ရပ်ကို ပြောကြားခွင့်ပြု စေလိုပါတယ်။ အဲဒါကတော့ ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ သားကောင်း ဦးသန့် အကြောင်းပဲ ဖြစ်ပါတယ်။ ဦးသန့်အနေနဲ့ အဲဒီတုန်းကပဲ “တစ်ခုတည်းသော ကမ္ဘာ” (One World) ဟူသောအမြင် ကြိုတင်ရှိထားပြီး ဖြစ်ပါတယ်။ ဦးသန့်အနေနဲ့ ဒီကမ္ဘာကြီးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ပြီး မတူကွဲပြား ခြားနားမှုများ ရှိနေသော်လည်း လုံခြုံ ဘေးကင်းတဲ့ ကမ္ဘာကြီးအဖြစ် မျှော်မှန်းထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ ပြည်သူအားလုံးဟာ ကိုယ်ချင်းစာ တရား၊ နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ သည်းခံခွင့်လွှတ်မှု တို့ကို လိုက်နာ ကျင့်သုံး နိုင်ကြမယ်လို့လည်း ဦးတည် မျှော်မှန်းထားပါတယ်။ အမြော်အမြင်အရ လိုက်နာ ကျင့်သုံး နိုင်မယ်ဆိုရင် ပိုမိုငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ကမ္ဘာကြီး အဖြစ်သို့ ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။

ကျွန်တော့ အနေနဲ့ မြန်မာပြည်သူများ အနေနဲ့ ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ဘဲ၊ အစဉ်ထာဝရ ချီးကျူး ဂုဏ်ယူနေမည် ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။


 

နိုင်ငံတော်သမ္မတကြီး ဒေါက်တာဦးသိန်းစိန် တရုတ်နိုင်ငံ ခရီးစဉ် (အစ-အဆုံး)

Tuesday, September 25, 2012


 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပမည့် နဝမအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ယနေ့ နံနက် (၇) နာရီတွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းအထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။



နိုင်ငံတော်သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအောင်ကြည်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်နှင့် ဦးလှထွန်း၊ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်အောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ နေပြည်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချူပ်မောင်မောင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Lu Zhi တို့က နေပြည်တော်လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။



နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးသူရဦးသောင်းလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။


 မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ရောက်ရှိ လာခဲ့ကြရာ ယူနန်ပြည်နယ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ  မိသားစုများက ရင်းရင်းနှီးနှီးကြိုဆို နှုတ်ဆက်ခဲ့ကြသည်။


 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ယူနန်ကွန်မြူနစ် ပါတီအထွေထွေ အတွင်းရေးမှူးနှင့်အဖွဲ့ ဂါရဝပြုတွေ့ဆုံခဲ့သည်။



န၀မအကြိမ်မြောက် အာဆီယံ- တရုတ် ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်နင်းမြို့၌ ကျင်းပရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများ ကိုယ်စား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှ ဂုဏ်ထူးဆောင် ဦးဆောင်နိုင်ငံအဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ အဆိုပါ ကုန်စည်ပြပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယသမ္မတ Mr. Xi Jinping၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Thongsing Thammavong၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Tan Dung၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် အကြီးအကဲများ၊ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Mr. Ma Biao နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

 


နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရှီအန်းမြို့မှ ကီလိုမီတာ (၃၀) အကွာလင်ထုံအရပ် အရှေ့ဘက်၊ ကျွင့်တောင်ကုန်း၏  မြောက်ဘက်တောင်စွယ်ရှိ ရှေးဟောင်းစစ်သည်တော်များ၏  ရုပ်တုပြတိုက် (Terra- cotta Museum) သို့သွားရောက် လေ့လာကြသည်။

ရှေးဦးစွာနိုင်ငံတော်သမ္မတအားပြတိုက်အုပ်ချုပ်ရေးမှူး Mr. Cao Wei နှင့် တာဝန်ရှိသူများကကြိုဆိုပြီး ပြတိုက် (၁) အတွင်းရှိ ချင်မင်းဆက်၏ သင်္ချိုင်းဂူ အတွင်းတူးဖော် တွေ့ရှိရသည့် ရှေးဟောင်းစစ်သည် ရုပ်တုများအားလိုက်လံရှင်းလင်း ပြသသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ချင်မင်းဆက် မြင်းက စစ်ရထားပြတိုက် အတွင်းခင်းကျင်းပြသ ထားသည့် ရှေးဟောင်း မြင်းကစစ်ရထားများအား လိုက်လံကြည့်ရှု လေ့လာကြသည်။






ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာလီကျွင်းဟွာနှင့် ရှန်စီးပြည်နယ် နိုင်ငံခြားရေးရုံးမှ တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာ (၁၉) ရက် နံနက်ပိုင်းတွင် ရှီအန်းမြို့မှ ကီလိုမီတာ ၉၀ခန့်အကွာပေါင်ကျီးမြို့ (Boaji City)ရှိ ဗုဒ္ဓလက်ရိုးတော် ဌာပနာတိုက်တည်ရှိရာ ဖာမန်ဘုရားကျောင်းတော်သို့ သွားရောက်ဖူးမြော်ကြည်ညို ကြသည်။






ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ (၁၉) ရက် နံနက် (၁၁) နာရီ မိနစ် (၅၀) တွင် ယန်လင်းအဆင့်မြင့် လယ်ယာ စိုက်ပျိုးရေးသပ္ပံမြို့တော်ရှိ ယန်လင်း စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ် (Northwest Agriculture & Forest University) သို့ ရောက်ရှိရာ တက္ကသိုလ် ပါမောက္ခချုပ် Mr. Sun Quxin၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက ကြိုဆိုကြသည်။

ထို့နောက် မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် ယန်လင်းစိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့တက်ရောက်ကြပြီး နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များ ရှေ့မှောက်၌ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ထွဋ်နှင့် ယန်လင်း စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်ပါမောက္ခချုပ် Mr. Sun Quxin တို့သည် နားလည်မှု စာချွန်လွှာကို လတ်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ကြသည်။

ယင်းနောက် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ ယန်လင်း စိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ် ပါမောက္ခချုပ်ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ယန်လင်း စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ် ပါမောက္ခချုပ်က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ချီးမြှင့်ပေးအပ်သည်။





 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ (၂၀) ရက် နံနက် (၉) နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှင်းကျန့်မြို့၏ အထင်ကရဆိပ်ကမ်းဖြစ်သော Yantian International Container Terminal သို့ ရောက်ရှိကြရာ ရှေးဦးစွာ အစည်းအဝေးခန်းမ၌ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် Mr. Patrick LAM က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 ထို့နောက် တာဝန်ရှိသူတစ်ဦးက ရှင်းကျန့်မြို့ ဆိပ်ကမ်း စတင်တည်ဆောက်ခဲ့မှု၊ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ဆိပ်ကမ်း၏ လက်ရှိလုပ်ငန်းဆောင်ရွက် နေမှုတို့ကို ရှင်းလင်း တင်ပြသည်။

 ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရှင်းကျန့် ဆိပ်ကမ်းအတွင်း မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြသည်။







နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ (၂၁) ရက် နံနက် (၉) နာရီတွင် နန်နင်း မြို့ရှိ  Nanning International Convention & Exhibition Centre ၌ ကျင်းပသည့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားသည်။

အဆိုပါကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာရှီကျင့်ဖျင်၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် သွန်ဆင်းသမာ ဗောင်၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်း၊ မလေးရှား နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊အဆင့်မြင့်အရာရှိကြီးများ၊အာဆီယံ အတွင်းရေး မှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအပါအဝင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာသတင်းဌာနများမှ သတင်း ထောက်များ တက်ရောက်ကြသည်။
 နဝမအကြိမ်မြောက် အာဆီယံ- တရုတ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်းရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ Mr. Xi Jinping၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Thongsing Thammavong ၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Tan Dung နှင့် အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ် အကြီးအကဲများ၊ တရုတ်ပြည်သူ့သမ္မတတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် ကြသည်။






 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ (၂၁) ရက် မွန်းလွဲ (၃) နာရီတွင် နန်နင်းမြို့ရှိ ကွမ်ရှီးပြည်နယ် ပြည့်သူ့ ကွန်ကရက်ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများ ရှင်းလင်းခြင်းနှင့် တရုတ်စီးပွားရေး ကုမ္ပဏီကြီးများ၏ အမှုဆောင်အရာရှိ ချုပ်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် စက်တင်ဘာ (၂၁) ရက် ညနေ (၄) နာရီ (၂၅) မိနစ်တွင် နန်းနင်းမြို့ရှိ လိယွမ် ဧည့်ဂေဟာ International Conference Centre (ICC) ၌ တွေ့ဆုံဆွေးနွေးကြသည်။





ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွန်မြူနစ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Guo Shengkun နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Mr. Ma Biao နှင့် အဖွဲ့ဝင် များအား စက်တင်ဘာ (၂၁) ရက် မွန်းလွဲ (၂) နာရီတွင် နန်နင်းမြို့ လိယွမ် ဧည့်ဂေဟာ၌ လက်ခံတွေ့ဆုံသည်။






ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပသည့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက် (၁၁) နာရီမိနစ် (၄၀) တွင် နန်နင်းမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။





 
MYANMAR GAZETTE - မီးပြတိုက်