နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများအား တွေ့ဆုံ အမှာစကားပြောကြား

Friday, September 7, 2012


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့မွန်းလွဲ (၂) နာရီ (၁ဝ) မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများအား တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲ အခမ်းအနားသို့ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းနှင့် ဦးလှထွန်း၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား ရေးရာ ဝန်ကြီးများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အမှာစကားပြောကြားရာ၌ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်း ဖြစ်ပါတယ်။ အားလုံး ကျန်းကျန်းမာမာ ရှိကြစေရန် ရှေးဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများဟာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အတွင်းရှိ သက်ဆိုင်ရာလူမျိုးစုများ၏ ကိုယ်စားလှယ်များဖြစ်သည် နှင့်အညီ မိမိတို့လူမျိုးစုများ၏ အရေးအရာကိစ္စများကို တာဝန်ယူဆောင်ရွက်ပေးရန် တာဝန်ရှိသူများ ဖြစ်ကြပါတယ်။ ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရများနဲ့ တန်းတူရည်တူ ဆက်ဆံနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ် ပေးခဲ့သည့် အတိုင်း ဥပဒေရေးရာ ကိစ္စများကို ပြင်ဆင်ပေးနိုင်ဖို့နဲ့ လိုအပ်တဲ့ အုပ်ချုပ်မှုကိစ္စအဝဝတို့ကို ဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ ခေါ်ယူတွေ့ဆုံခြင်း ဖြစ်ပါတယ်။တိုင်းရင်းသားလူမျိုး ရေးရာ ဝန်ကြီးများအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရတို့နဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်မည့် အပြင် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့နဲ့လည်း တိုက်ရိုက် ထိတွေ့ဆက်ဆံနိုင်အောင် သမ္မတရုံးတွင် ပြည်ထောင်စုဝန်ကြီးတစ်ဦးနှင့်အတူ ဝန်ကြီးဌာနတစ်ခုကိုလည်း ဖွင့်လှစ် ပေးထားပြီးဖြစ်၍ အထက်အောက်နဲ့ ဘေးတိုက် ဆက်သွယ်ဆောင်ရွက် နိုင်တော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုပေါင်း (၁၀၀) ကျော်ရှိပြီး အားလုံးဟာ တိုင်းပြည်ရဲ့ နယ်နိမိတ်အဝန်းအဝိုင်း တစ်ခုတည်းအောက်တွင် အတူနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ဖြစ်ကြတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို တန်းတူရည်တူ ရရှိကြရမည့်အပြင် တူညီသည့် တာဝန်များကို လည်းအတူတကွ ထမ်းရွက်ကြရမှာ ဖြစ်ပါတယ်။ တူညီတဲ့ အဓိကတာဝန်ကတော့ ပြည်ထောင်စုကြီးအတွင်း ဥမကွဲသိုက်မပျက် အတူတကွ ပူးပေါင်းနေထိုင်ရေးနဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ဖြစ်ပါတယ်။ ပြည်ထောင်စုကြီး မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေး ဆိုတဲ့ အဓိကတာဝန်ကြီး (၃) ရပ်ဟာ နိုင်ငံသားတိုင်း ရာသက်ပန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမယ့် တူညီသောတာဝန် ဖြစ်ပါတယ်။ ဒီတာဝန်ကိုမိမိတို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် လက်တွဲ ပူးပေါင်း ထမ်းဆောင် သွားကြရမှာဖြစ်တယ်။

နယ်စပ်ဒေသတွေဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေဆဲဖြစ်တယ်။ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စီးပွားရေးစတဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တာ အားလုံးအသိဘဲ ဖြစ်ပါတယ်။ ဒါဟာ လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခတွေကြောင့် ဖြစ်တယ်။ ယခုအခါ နှစ်ပေါင်းကြာရှည်ခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်း သွားအောင် မိမိတို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက် နေတယ်။ ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများအနေနဲ့ မိမိတို့ လူမျိုးစုတွေကို ဦးဆောင်ပြီး ပူးပေါင်းပါဝင် ကူညီလုပ်ဆောင်ပေးကြဖို့ လိုတယ်။

နောက်တစ်ခုကတော့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကိစ္စ ဖြစ်တယ်။ ဘိန်းစိုက်ပျိုးမှု ပပျောက်အောင်၊ အခြားသော ဝင်ငွေရအလုပ်အကိုင်များနဲ့ အစားထိုးနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဆေးပြားများ ချက်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှုများကိုလည်း မြန်မာနိုင်ငံ မူးယစ်ဗဟိုနဲ့ အစွမ်းကုန် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြဖို့ လိုတယ်။ နယ်စပ်ဒေသတွေမှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဦးဆုံး လိုအပ်ချက်ဟာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဖြစ်တယ်။ သို့မှသာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်မယ်။ ယခုအခါ ကိုယ့်ဒေသကိုယ်ဖွံ့ဖြိုးအောင် ဝန်ကြီးတွေကိုယ်တိုင်က တာဝန်ယူပြီးအပြိုင်အဆိုင် လုပ်ကြရမယ်။ လိုအပ်ချက်တွေကို အထက်က ဖြည့်ဆည်းပေးနိုင်တာတွေ ဖြည့်ဆည်းပေးမယ်။နိဂုံးချုပ်အနေဖြင့် ဒီကနေ့ မိမိတို့အစိုးရရဲ့ ရည်မှန်းချက်ဟာ ပြည်သူ အများစု၏ ဆန္ဒဖြစ်သော တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်တယ်။

ဒါကြောင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်အောင်၊ ပြည်ပဖိအားတွေ လျော့ပါးသွားအောင် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးအောင်၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း၊ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် ပြည်ပအရင်းအနှီးများ ဖိတ်ခေါ်ပြီး မိမိတို့ ပြည်သူများ အကျိုးရှိစေမည့် စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ ထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေတယ်။

အစိုးရ၏ ရည်မှန်းချက်များ အောင်မြင်အောင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများမှလည်း မိမိတို့လူမျိုးစုများနဲ့ အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန် တိုက်တွန်းပါတယ်။ ယင်းနောက် တိုင်းရင်းသားရေးရာ ဝန်ကြီးများက မိမိတို့ တိုင်းရင်းသား လူမျိုးများအလိုက် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးလှထွန်း၊ ဦးစိုးမောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး တို့က တိုင်းရင်းသားရေးရာဝန်ကြီး များဆိုင်ရာဥပဒေကို ပြင်ဆင်ရေးဆွဲဆောင်ရွက်နေမှု၊ လစာ၊ အဆောင်အယောင်နှင့် ခံစားခွင့်များ တိုးမြှင့် ပေးမည့် အခြေအနေနှင့် နယ်စပ်ဒေသ များအပါအဝင် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တိုင်းရင်းသား ရေးရာဝန်ကြီးများ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေ များကို ပြန်လည် ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တိုင်းရင်းသား များ၏ စာပေနှင့် ယဉ်ကျေးမှုကိစ္စနှင့်ပတ်သက်၍ မူလတန်းအဆင့်တွင် ကျောင်းချိန်ပြင်ပ၌ သင်ကြားပေးရန် ပညာရေး ဝန်ကြီးဌာနက စီစဉ် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ထိုသို့ သင်ကြားရာတွင် ဒို့တာဝန် အရေး သုံးပါးကို ထိခိုက်စေမည့် အသုံးအနှုန်း၊အပြောအဆိုများ မပါရှိစေရေး သတိပြု ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ကျန်သည်များကို လွတ်လွတ်လပ်လပ် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ကျောင်းချိန်အတွင်း သင်ကြားရန်မှာမူ မိမိတို့ နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃ဝ) ကျော် ရှိသည့်အတွက် သင်ကြားပေးရန် အခက်အခဲရှိပါကြောင်း၊ သို့သော်လည်း ဒေသရှိ တိုင်းရင်းသားများ အနေဖြင့် ၎င်းတို့နှင့် သက်ဆိုင်သည့် စာပေကို သင်ကြားလိုသည် ဆိုပါက ဆောင်ရွက်နိုင်ရန် ကျောင်းရှိ ဆရာ၊ဆရာမများကို သင်ကြားပေးရန် ဆောင်ရွက်ပေးနေပါကြောင်း၊ သက်ဆိုင်ရာ ကျောင်းများအနေဖြင့် သင်ကြားပေးရန် အခက်အခဲရှိပါက သက်ဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှု ကော်မတီက ကူညီဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုနှင့် ပတ်သက်၍ အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခင်နှစ်များက တိုင်းရင်းသားများ ပါဝင်ယှဉ်ပြိုင်ရသည်မှာ နည်းပါးပါကြောင်း၊ ယခုနှစ်မှစ၍ မြန်မာ တိုင်းရင်းသား တို့၏ အဆို၊အက၊အရေး၊ အတီးပြိုင်ပွဲကို မိမိနေထိုင်ရာ တိုင်းဒေသကြီး၊ မိမိနယ်ခံပြည်နယ်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားပါကြောင်း၊ ယင်းသို့ ပါဝင်ယှဉ်ပြိုင်ပြီးနောက် ဆုရရှိသူများကို ပြည်နယ် အစီအစဉ်ဖြင့် ဆုပေးသွားမည်ဖြစ်ပါကြောင်း၊ တစ်ဖန် ဗဟိုတွင်ကျင်းပသည့် ပြိုင်ပွဲတွင်လည်း ပြည်နယ်၌ဆုရခဲ့သည့် အဖွဲ့များ၊ ပုဂ္ဂိုလ်များကို ထပ်မံဖိတ်ခေါ်၍ ဂုဏ်ပြုချီးမြှင့် ဆုပေးသွားမည် ဖြစ်ပါကြောင်း၊ ဤသည်များမှာ တိုင်းရင်းသား တို့၏ စာပေနှင့် ယဉ်ကျေးမှုအတွက် ပြည်ထောင်စုအစိုးရက စီစဉ်ဆောင်ရွက် ပေးထားမှု ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးများ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့၏ အစည်းအဝေးများတွင် ဆွေးနွေးစရာရှိပါက တင်ပြ၍ အစည်းအဝေးသို့ တက်ရောက်နိုင်ပါကြောင်း၊ ထို့အတူ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့က တိုင်းရင်းသားရေးရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ ဆွေးနွေးညိုနှိုင်းဖွယ်ရာ ရှိသဖြင့် အစည်းအဝေး ဖိတ်ကြားပါကလည်း တက်ရောက်ရမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် တစ်နှစ်လျှင်နှစ်ကြိမ် တွေ့ဆုံနိုင်အောင် ကြိုးစားဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အလားတူ တိုင်းရင်းသားရေးရာ ဝန်ကြီးများ အားလုံးကို နှစ်စဉ်ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားကြီးသို့ တက်ရောက်ရန် ဖိတ်ကြားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးအသီးသီး၏ စာပေနှင့်ယဉ်ကျေးမှု၊ အနုပညာ နှင့်ပတ်သက်၍ ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားပါကြောင်း၊ တိုင်းရင်းသား စာပေများ သင်ကြားမှုနှင့်ပတ်သက်၍ အချို့နေရာများတွင် အခက်အခဲမရှိ သော်လည်း အခက်အခဲရှိသော နေရာများလည်း ရှိပါကြောင်း၊ ဥပမာအားဖြင့် ရှမ်းပြည်နယ်တွင် ရှမ်းစာပေတစ်ခုတည်းကို သင်ပေး၍ မရပါကြောင်း၊ အခါ၊ ဓနု၊ လားဟူ၊ ဝ၊ လွယ်၊ ကော်စသည်ဖြင့် ကျန်တိုင်းရင်းသား လူမျိုးစုများ၏ စာပေများလည်း ရှိနေကြပါကြောင်း၊ အစိုးရ၏ စီမံချက်တွင် ထည့်သွင်း ဆောင်ရွက်မည် ဖြစ်သော်လည်း မိမိနည်း မိမိဟန်ဖြင့်လည်း တတ်နိုင်သရွေ့ ဆောင်ရွက် ကြစေလိုကြောင်း၊ ယင်းသို့ သင်ကြားပေးရာတွင် လိုအပ်သည်များ ရှိပါက မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် တတ်နိုင်သမျှ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နေရာတော်တော်များများတွင် ပစ်ခတ်မှုများ မရှိသလောက် အေးချမ်းသွားပြီ ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လုံခြုံမှုရှိလာပြီဟု ဆိုရမည်ဖြစ်ပါကြောင်း၊ လုံခြုံမှုရှိလာသဖြင့် မိမိတို့အသက်မွေး ဝမ်းကျောင်း အလုပ်များအား စိတ်ချလက်ချ လုပ်ကိုင်နိုင်ပြီ ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ကျန်သည့်အဖွဲ့များနှင့် အထိုက်အလျောက် အောင်မြင်မှုများ ရရှိနေပြီဖြစ်ပါကြောင်း၊ KIO/ KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည်ဆိုပါက မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပတ်သက်၍ တော်တော်များများ အောင်မြင်မှုရပြီဟု ဆိုရမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း ရာနှုန်းပြည့်ရရန်အတွက်မူ အချိန်ယူ၍ ဆွေးနွေး ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ ဦးစွာ အပစ်အခတ်ရပ်စဲရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးမှု ဆောင်ရွက်ရန်မှာမူ တစ်နေရာနှင့်တစ်နေရာ၊ လူမျိုးစု တစ်စုနှင့်တစ်စု၊ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု မတူညီကွဲပြားသောအချက်များရှိသဖြင့် အချိန်ယူဆွေးနွေးပြီး ဆုံးဖြတ်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ပြီးလျှင် နောက်ဆုံးအဆင့်အနေ ဖြင့် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်ပါကြောင်း၊ လတ်တလောတွင် အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ပထမအဆင့်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဖြစ်ပါကြောင်း၊ ထိုသို့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆွေးနွေးရာတွင် တိုင်းရင်းသားရေးရာဝန်ကြီးများ အပါအဝင် တိုင်းရင်းသား လူမျိုးအားလုံး ဝိုင်းဝန်းဆောင်ရွက်မှသာ ပိုမိုအဆင်ပြေ ချောမွေ့မည် ဖြစ်ပါကြောင်း၊ ဝန်ကြီးများအနေဖြင့် မိမိတို့ အစိုးရအဖွဲ့နှင့်အတူ လက်ရည်တစ်ပြင်တည်း လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားပြီး တွေ့ဆုံပွဲကို ညနေ(၃)နာရီ(၄၅)မိနစ် တွင် ရုပ်သိမ်းလိုက်သည်။

0 comments:

 
MYANMAR GAZETTE - မီးပြတိုက်