နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ မိန့်ခွန်း ( ၃၁ ၊ ၀၃ ၊ ၂၀၁၁ )

Thursday, March 31, 2011

တက်ရောက် လာကြတဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ၊ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဆတက်ထမ်းပိုး တိုးပြီး ဆောင်ရွက် နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်း ဆက်သ လိုက်ပါတယ်။

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်ဟာ မနေ့က ပြီးဆုံးခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော် အစည်း အဝေး ကနေ ပြည်ထောင်စု အဆင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍ အသီးသီးမှာ တာဝန် ယူကြမယ့် အဖွဲ့ အစည်းများ၊ ပုဂ္ဂိုလ်များကို ရွေးချယ်တင်မြှောက် ပေးခဲ့သလို တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အသီးသီးကလည်း မိမိတို့ ဒေသ များမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး ကဏ္ဍ အသီးသီးမှာ တာဝန် ယူကြမယ့် ပုဂ္ဂိုလ်များကို ရွေးချယ် တင်မြှောက်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ နိုင်ငံတော်ရှေ့ဆက်သွားရမယ့် မူဝါဒလမ်းစဉ် (၇)ရပ်ရဲ့ နောက်ဆုံး အဆင့်ဖြစ်တဲ့ လွှတ်တော်မှ ရွေးကောက် တင်မြှောက်သော နိုင်ငံတော် အကြီးအကဲများနှင့် လွှတ်တော်မှ ဖွဲ့စည်းပေးသော အစိုးရ အဖွဲ့နှင့် အာဏာပိုင် အဖွဲ့အစည်း များဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ခြင်း ဆိုတဲ့ အဆင့်ကို အကောင်အထည် ဖော်ရတော့မှာ ဖြစ်ပါတယ်။

အဲဒီအဆင့်ကို အကောင်အထည် ဖော်တဲ့နေရာမှာ ကျွန်တော်တို့ အားလုံး သိရှိထားသင့်တဲ့ သဘောထားများ၊ လိုက်နာသင့်တဲ့ မူဝါဒ များကို ရှင်းလင်းပြောကြား လိုပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက် နိုင်ဖို့ အတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများကို တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် သူများ ဖြစ်တဲ့ အတွက် မူဝါဒလမ်းစဉ် (၇)ရပ်ရဲ့ နောက်ဆုံး အဆင့်ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်အောင် မဆုတ်မနစ် ကြိုးပမ်း လုပ်ဆောင်ဖို့ တာဝန် ရှိသူတွေလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့ ရှင်းလင်း ဆွေးနွေးမယ့် အချက်များ၊ လုပ်ငန်းစဉ်များဟာ နိုင်ငံတော်ရဲ့ အနာဂတ် လုပ်ငန်းစဉ်များ အတွက် အရေးကြီး တယ်လို့ ပြောချင်ပါတယ်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများ ခင်ဗျား
အစိုးရ အဖွဲ့သစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ် ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်လာအောင် ဝိုင်းဝန်ကြိုးပမ်း လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ဖို့အတွက် ဆိုရင် ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ အသီးသီးရဲ့ လုပ်ငန်းစဉ် များဟာ ပွင့်လင်းမှု ရှိရပါမယ်၊ တာဝန်ခံမှု ရှိရပါမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့ ကိုက်ညီမှု ရှိရပါမယ်၊ ပြည်သူလူထု ဆန္ဒ သဘောထားကို အလေးထား ရပါမယ်၊ အားလုံး ပါဝင်နိုင်မှု ရှိရပါမယ်၊ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းများဟာ သွက်လက်ပြီး ထိရောက်မှု ရှိဖို့ လိုအပ်ပါတယ်။

အစိုးရ အဖွဲ့ရဲ့ ဒုတိယ လုပ်ငန်းစဉ် ကတော့ ဒီမိုကရေစီ ကျင့်စဉ် (Democratic Practices) များ ထွန်းကားရေးပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်နိုင်ဖို့ အတွက် အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကနေ ပေါ်ထွက်လာတဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရား စီရင်ရေး မဏ္ဍိုင်များ ဟာလည်း သက်ဝင် လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ၄င်းတို့ရဲ့ ဆန္ဒ အတိုင်း လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ် တင်မြှောက် နိုင်ခွင့်နဲ့ မိမိကိုယ်တိုင် ရွေးချယ် ခံပိုင်ခွင့်များကို ရရှိနေပြီ ဖြစ်ပါတယ်။ ဒါတွေ အားလုံးဟာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ စနစ် ပေါ်ပေါက်နိုင်ဖို့ အတွက် လိုအပ်တဲ့ အခြေခံ ကောင်းများပဲ ဖြစ်ပါတယ်။

ဒီအခြေခံကောင်း များကနေ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို ခိုင်ခိုင်မာမာ၊ အနှစ်သာရ ရှိရှိ၊ မှန်မှန်ကန်ကန် ကျင့်သုံးနိုင်ဖို့ ဆိုရင် အစိုးရအဖွဲ့အတွင်းမှာရော၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ မှာရော၊ ပြည်သူလူထု အတွင်းမှာပါ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားဖို့ လိုအပ်ပါတယ်။ အဲဒီလို ထွန်းကားဖို့ ဆိုရင် ပြည်သူများ အနေနဲ့ မိမိတို့ရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးများကို ကျင့်သုံးရာမှာ ဥပဒေ နဲ့အညီ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ကျင့်ဝတ်များ နဲ့အညီ ကျင့်သုံးဖို့ လိုအပ်ပါတယ်။

အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများ ဘက်ကလည်း အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖြစ်စေ၊ ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများကို အကောင်အထည် ဖော်ရာမှာ ဖြစ်စေ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများကို ဟန့်တားပိတ်ပင် သကဲ့သို့ မဖြစ်စေဘဲ၊ အဲဒီ အခွင့်အရေး များကို နည်းမှန်လမ်းမှန်နဲ့ ပြည်ထောင်စုရဲ့ အကျိုးစီးပွား၊ လူမှု အဖွဲ့အစည်းရဲ့ အကျိုးစီးပွား များကို မထိခိုက်စေဘဲ ကျင့်သုံးနိုင်အောင် ကူညီထိန်းကျောင်း ပေးဖို့ အတွက်သာ ရည်ရွယ် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

အလားတူပဲ မိမိတို့ လုပ်ငန်း တာဝန်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာမှာ ပြည်သူများရဲ့ သဘောထားတွေ၊ တုန့်ပြန်မှုတွေ ကိုလည်း အလေးထားဖို့ လိုအပ်ပါတယ်။ အဲဒီလို ပြည်သူများ ကရော အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့ အစည်းများ အနေနဲ့ပါ လွတ်လပ်မှုနဲ့ တာဝန်သိမှု၊ လွတ်လပ်မှုနဲ့ စည်းကမ်းရှိမှု များကို မှန်မှန်ကန်ကန် ကျင့်သုံးကြမယ် ဆိုရင် မြန်မာ့ လူ့ အဖွဲ့အစည်းဟာ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာ သေချာပါတယ်။

ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများနဲ့ ဒုတိယ ဝန်ကြီးများ ခင်ဗျား

နောက်ထပ် အလေးထား လုပ်ဆောင်ရမယ့် လုပ်ငန်း တစ်ခုကတော့ တရားဥပဒေ စိုးမိုးရေး ဖြစ်ပါတယ်။ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော် အဖြစ် တည်ဆောက်နိုင်ဖို့ အတွက် တရားဥပဒေ စိုးမိုးရေးဟာ မဖြစ်မနေ လိုအပ်ပါတယ်။ တရား ဥပဒေ စိုးမိုးရေး အတွက် လုပ်ဆောင်ရာမှာ တရား စီရင်ရေး အဖွဲ့အစည်းများမှာ တာဝန်ရှိသလို ဥပဒေ စိုးမိုးရေး ဆိုင်ရာ အဖွဲ့အစည်း များ မှာလည်း တာဝန်ရှိပါတယ်။

တရားစီရင်ရေး အဖွဲ့အစည်းများ အနေနဲ့ တရားဥပဒေ စိုးမိုးရေး အတွက် လုပ်ဆောင်ရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အညီ လွတ်လပ်စွာ တရား စီရင်ရေး၊ ဥပဒေအရာ ကန့်သတ်ချက် များမှအပ ပြည်သူ့ ရှေ့မှောက်တွင် တရားစီရင်ရေး၊ အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့် ရရှိရေး ဆိုတဲ့ တရားစီရင်ရေး မူများအတိုင်း ရပ်တည် လုပ်ဆောင်သွားဖို့ လိုပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြည်ထောင်စု တရား လွှတ်တော်ချုပ် ကို စာချွန်တော် အမိန့်များ ထုတ်ဆင့်ခွင့် အာဏာအပ်နှင်း ပေးထားသလို မြန်မာနိုင်ငံ သမိုင်းမှာ ပထမဆုံး အကြိမ်အဖြစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကိုလည်း ဖွဲ့စည်း ပေးထားပြီး ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်း များဟာ နိုင်ငံတော်ရဲ့ အဓိက မဏ္ဍိုင်ကြီး သုံးခုအနက် တစ်ခု အပါအဝင် ဖြစ်တဲ့ တရား စီရင်ရေး မဏ္ဍိုင် မယိမ်းယိုင် ရအောင် ထိန်းသိမ်းစောင့်ရှောက် သွားရမှာ ဖြစ်သလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များကို အဓိပ္ပါယ် ဖွင့်ဆိုခြင်း၊ ဥပဒေပြု အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်း များရဲ့ လုပ်ဆောင်ချက် များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီ မညီ စိစစ်ခြင်း တို့ကို မှန်မှန်ကန်ကန် တိတိကျကျ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဥပဒေ စိုးမိုးရေး ဆိုင်ရာ အဖွဲ့အစည်းများ အနေနဲ့ ကလည်း ဥပဒေ စိုးမိုးရေးကို အကောင်အထည် ဖော်ရာမှာ ကျောသား ရင်သား မခွဲခြားဘဲ လုပ်ဆောင်ဖို့၊ မိမိတို့ ကိုယ်တိုင်ကလည်း တရား ဥပဒေကို စံနမူနာပြ စောင့်ထိန်းဖို့ လိုပါတယ်။ တရားရေး မဏ္ဍိုင် ကလည်း ဖြောင့်မတ် မှန်ကန်မယ်၊ ဥပဒေ စိုးမိုးရေး ဆိုင်ရာ အဖွဲ့အစည်း များကလည်း ဥပဒေ နဲ့အညီ ပြုမူကျင့်ကြံ လုပ်ကိုင်ကြမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးပြီး စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။

တရားဥပဒေ စိုးမိုးရေးလိုပဲ နောက်ထပ် အလေးထား လုပ်ကိုင်ရမယ့် လုပ်ငန်းစဉ် တစ်ခုကတော့ အစိုးရ လုပ်ငန်းများ လျင်မြန် သွက်လက်ရေးနဲ့ ထိရောက်မှု ရှိရေးပဲ ဖြစ်ပါတယ်။ အစိုးရ အဖွဲ့အနေနဲ့ လက်ရှိ (၅)နှစ် စီမံကိန်းပါ ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ဖို့ အတွက် အရှိန်အဟုန်နဲ့ ဆက်လက် ဆောင်ရွက်သွားဖို့ လိုပါတယ်။ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ အနေနဲ့ နိုင်ငံတော် အတွက် လိုအပ်တဲ့ အခြေခံ ကောင်းများ တည်ဆောက် ပေးခဲ့ပြီး ဖြစ်တဲ့အတွက် အဲဒီ အခြေခံကောင်း များကို အသုံးပြုပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး စသည်ဖြင့် ကဏ္ဍပေါင်းစုံမှာ အောင်မြင်မှုများ၊ ရလဒ် ကောင်းများ ရရှိအောင် လုပ်ဆောင် သွားရမှာ ဖြစ်ပါတယ်။

သို့သော် အဲဒီလို လုပ်ဆောင်ရာမှာ ရည်မှန်းချက် အောင်မြင်ရေး အတွက် လုပ်ထုံး လုပ်နည်းများ၊ စည်းကမ်းများကို လျစ်လျူ ရှုခြင်း၊ ကုန်ကျစရိတ်နှင့် အလေအလွင့် များကို အလေး မထားခြင်း စတဲ့ အစွန်းတရား များကို ရှောင်ရှားဖို့ လိုပါတယ်။ နောက်ပြီး မိမိတို့ အစိုးရ အဖွဲ့ဟာ ပြည်ထောင်စု လွှတ်တော်မှ တစ်ဆင့် ပြည်သူများကို တာဝန်ခံရတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် ပြည်သူ့ဆန္ဒ သဘောထားနဲ့ လိုအပ်ချက်များ ကိုလည်း အလေးထားဖို့ လိုအပ်ပါတယ်။
တစ်ဖက်ကလည်း စတုတ္ထ မဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လိုအပ်ပါတယ်။ စာနယ်ဇင်း များက တစ်ဆင့် ပြည်သူတွေ သိသင့်တဲ့ အချက်များကို အသိပေး သွားဖို့ လိုသလို စာနယ်ဇင်းများက အပြု သဘောဆောင် အကြံပြုချက် များကိုလည်း အလေးထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ရဲ့ လုပ်ငန်းများ လျင်မြန် သွက်လက်ရေးနဲ့ ထိရောက်မှု ရှိရေးအတွက် နောက်ထပ် လိုအပ်ချက် ကတော့ ဝန်ကြီး ဌာနများ အတွင်း ပူးပေါင်း ဆောင်ရွက်မှုနဲ့ ပေါင်းစပ် ညှိနှိုင်းမှု ကောင်းမွန်ရေးပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပြည်ထောင်စု အစိုးရ သာမက တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရများပါ ရှိလာပြီ ဖြစ်တဲ့ အတွက် အစိုးရ အဖွဲ့များ အတွင်း ပူးပေါင်း ဆောင်ရွက်မှုနဲ့ ပေါင်းစပ် ညှိနှိုင်းမှု ကောင်းမွန်ရေးဟာ ပိုပြီး အရေးကြီး လာပြီ ဖြစ်ပါတယ်။ ယနေ့ ဆောင်ရွက် နေရတဲ့ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများဟာ ကြီးမား ကျယ်ပြန့်တဲ့ အတွက် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ ဌာန တစ်ခုတည်း စွမ်းအားနဲ့ လုပ်ဆောင်လို့ မရနိုင်ပါဘူး။ ဒီလိုပဲ ပြည်ထောင်စု အဆင့် တစ်ခုတည်း၊ တိုင်းဒေသကြီး အဆင့် တစ်ခုတည်း၊ ပြည်နယ် အဆင့် တစ်ခုတည်း နဲ့လည်း အကောင် အထည်ဖော် ဆောင်ရွက်လို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် အစိုးရအဖွဲ့အတွင်းမှာ အထက်အောက်နဲ့ ဘေးတိုက်ပူးပေါင်း ဆောင်ရွက်ရေး၊ ပေါင်းစပ် ညှိနှိုင်းရေးဟာ အုပ်ချုပ်ရေး လုပ်ငန်းများ လျင်မြန် သွက်လက် ထက်မြက်ရေး အတွက် အလွန် အရေးကြီး ပါတယ်။

ပြည်ထောင်စု အဆင့် အဖွဲ့အစည်း များမှ အကြီးအကဲများ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ ဝန်ကြီးများနဲ့ ဒုတိယ ဝန်ကြီးများ ခင်ဗျား

အခုဆိုရင် အိမ်နီးချင်း နိုင်ငံများနဲ့ နိုင်ငံတကာ အသိုင်းအဝန်း အားလုံးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပေါ်ထွက်လာတဲ့ အစိုးရ အဖွဲ့ရဲ့ ပုံသဏ္ဍာန်က ဘာလဲ၊ လုပ်ငန်း တာဝန်တွေကို ဘယ်လို ထမ်းဆောင်မှာလဲ၊ ပြည်ထောင်စု အဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့် အစိုးရ အဖွဲ့များရဲ့ ဆက်ဆံမှု၊ ပေါင်းစပ် ညှိနှိုင်းမှု အခြေအနေက ဘယ်လိုလဲ ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့် နေကြပြီ ဖြစ်ပါတယ်။

အလားတူပဲ ပြည်သူများ ကလည်း အစိုးရသစ်ရဲ့ အသွင် သဏ္ဍာန်နဲ့ အနှစ်သာရ၊ လုပ်နည်းလုပ်ဟန်၊ အနာဂတ် အစီအမံ စတာတွေကို မျှော်လင့်တကြီးနဲ့ စောင့်ကြည့် နေကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ဟာ အခုမှ မွေးဖွား ကာစပဲ ရှိပါသေးတယ်။ ရင့်ကျက်ဖွံ့ဖြိုး လာအောင် တည်ဆောက် ကြရဦးမှာ ဖြစ်ပါတယ်။ အဲဒီလို တည်ဆောက်တဲ့ နေရာမှာ နိုင်ငံတော်ရဲ့ အုပ်ချုပ်မှု ရေးရာ များကို တာဝန်ယူ ဆောင်ရွက်ရတဲ့ အစိုးရ အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ကဏ္ဍဟာ အင်မတန်မှ အရေးကြီး ပါတယ်။ အုပ်ချုပ်မှု ရေးရာ များဟာ ပြည်သူတွေရဲ့ နေ့စဉ် လူနေမှု ဘဝအပေါ် အဓိက လွှမ်းမိုးနေတဲ့ ကိစ္စများလည်း ဖြစ်ပါတယ်။ ပြည်သူတွေက စနစ်တစ်ခု ကောင်း မကောင်း ဆုံးဖြတ်ရာမှာ သူတို့ရဲ့ နေ့စဉ် လူနေမှု ဘဝအပေါ်မှာ ဘယ်လို အကျိုး သက်ရောက်တယ် ဆိုတာနဲ့ပဲ တိုင်းတာမှာ ဖြစ်ပါတယ်။

အုပ်ချုပ်မှု ယန္တရားက ပြည်သူတွေရဲ့ လူနေမှုဘဝ၊ လူမှုစီးပွား ဘဝကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက် ပေးနိုင်မယ်ဆိုရင်၊ ပြည်သူ့ ဝန်ထမ်းများက ပြည်သူတွေကို မျှမျှတတ ဆက်ဆံမယ် ဆိုရင်၊ ပြည်သူတွေဟာ တရား ဥပဒေရဲ့ ကာကွယ် စောင့်ရှောက်မှု အောက်မှာ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်မယ် ဆိုရင် ဒီအုပ်ချုပ်ရေး မဏ္ဍိုင်ကို ဖော်ဆောင် ပေးထားတဲ့ အခြေခံ ဥပဒေကို ယုံကြည် အားကိုးမှာပဲ ဖြစ်ပါတယ်။ ဥပဒေပြုရေး လုပ်ငန်းတွေကို ဆောင်ရွက် ပေးနေတဲ့ ဥပဒေပြု အဖွဲ့အစည်းတွေ၊ ဥပဒေပြု အဖွဲ့အစည်း များမှာ တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေကို ယုံကြည် အားကိုးမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်တဲ့ နေရာမှာ အခု ပထမဆုံး ငါးနှစ်ဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒီငါးနှစ်မှာ ကျွန်တော်တို့ အနေနဲ့ ခိုင်မာ မှန်ကန်တဲ့ ခြေလှမ်းတွေကို လှမ်းနိုင်မယ် ဆိုရင် အနာဂတ် နိုင်ငံတော်ရဲ့ ရှေ့ခရီးဟာ ဖြောင့်ဖြူးေ နပြီလို့ ဆိုနိုင်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ အတွက် မိမိတို့ အစိုးရဟာ အုပ်ချုပ်မှု စနစ် ကောင်းမွန်တဲ့ (Good Governance) အစိုးရကောင်း တစ်ရပ် ဖြစ်ရပါမယ်။ သန့်ရှင်းတဲ့ (Clean Government) အစိုးရ ဖြစ်ဖို့ လိုပါတယ်။

အစိုးရကောင်း တစ်ရပ်ဖြစ်ဖို့ အတွက် စီမံခန့်ခွဲမှု ကောင်းဖို့ လိုပါတယ်။ အုပ်ချုပ်မှု ကောင်းဖို့ လိုပါတယ်။ ပြည်သူတွေ အပေါ် စေတနာ ထားရပါမယ်။ ပြည်သူရဲ့ အကျိုးစီးပွားကို အကာအကွယ် ပေးရပါမယ်။ ပြည်သူကို အလုပ်အကျွေး ပြုကြရမှာ ဖြစ်ပါတယ်။

သန့်ရှင်းတဲ့ (Clean Government) ဖြစ်ဖို့ အတွက်ကတော့ အဂတိတရား ကင်းရှင်းဖို့ လိုပါအပ်တယ်။ လာဘ်ပေး လာဘ်ယူ ခြင်းဟာ တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာကို ထိခိုက် စေခြင်းကြောင့် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိတာဝန် ယူရတဲ့ အဖွဲ့အစည်းအား လည်းကောင်း ကင်းကင်းရှင်းရှင်း ရှိအောင် ထိန်းကျောင်းကြပ်မတ် သွားကြဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်က အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို တစ်လွဲအသုံးချပြီး မိမိ အပေါင်းအသင်း ရောင်းရင်းတွေ ဖြစ်လို့ အခွင့်အရေး ပိုပေးတာတွေ၊ မိမိရဲ့ ဆွေမျိုး သားချင်းတွေ ဖြစ်လို့ အခွင့်အလမ်းတွေ ပိုပြီး ဖန်တီး ပေးတာတွေ မလုပ်မိဖို့ အထူး အရေးကြီး ပါတယ်။ ဒါတွေကို ရှောင်ကြဉ်နိုင်မှ သန့်ရှင်းတဲ့ (Clean Government) အဖြစ် မှတ်ကျောက် တင်ခံ ကြရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ် အနေနဲ့ ကျွန်တော် အထူး အလေးထား ပြောကြား လိုတာကတော့ ကျွန်တော်တို့ တိုင်းပြည်ဟာ ကြွယ်ဝ ချမ်းသာတဲ့ တိုင်းပြည် အဆင့်ကို မရောက်သေးဘူး ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ယခင့် ယခင်ကနဲ့ စာရင် တပ်မတော် အစိုးရ လက်ထက်မှာ တိုးတက်လာတာ မှန်သော်လည်း စားဝတ်နေရေး ပြည့်စုံဖူလုံမှု မရှိသူတွေ၊ တစ်နေ့စာ တစ်နေ့ ရှာဖွေစားသောက် နေရတဲ့ လက်လုပ် လက်စားသမားတွေ၊ အလုပ်အကိုင် မရှိသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလို ဆင်းရဲနွမ်းပါး သူတွေ ရှိနေလျက်နဲ့ နိုင်ငံတော်ကို ဦးစီးဦးဆောင် ပြုကြမယ့် ကျွန်တော်တို့ အဆင့်ဆင့်သော အစိုးရအဖွဲ့ အနေနဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေး ဆိုသော်လည်း ဒီအခွင့်အရေး တွေကို အပြည့်အဝ မယူသင့်ကြ ဘူးလို့ ယူဆပါတယ်။

ဒါကြောင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ (၁ဝ)ရက်နေ့စွဲနဲ့ ထုတ်ပြန် ခဲ့တဲ့ ဥပဒေအမှတ်၊ ၂/၃/၄/၅ တို့အရ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင် များရဲ့ လစဉ် ချီးမြှင့်ငွေကို နိုင်ငံတော်၏ လက်ရှိ အခြေအနေ၊ နိုင်ငံတော်၏ ငွေရေးကြေးရေး အခြေအနေနဲ့ နိုင်ငံသား များ၏ အကျိုးကို ရှေးရှုသော အားဖြင့် မိမိတို့ ခံစားခွင့် ပြုထားသော လစဉ် ချီးမြှင့်ငွေများကို အပြည့်အဝ ခံစားခြင်း မပြုဘဲ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဗဟို အဖွဲ့အစည်း အသီးသီးတွင် တာဝန် ထမ်းဆောင် ခဲ့သည့် ပုဂ္ဂိုလ်များ၏ ခံစားခဲ့သော လစဉ် ထောက်ပံ့ငွေ အတိုင်းသာ ခံစားသွားမှာ ဖြစ်ပါတယ်။

ထို့အပြင် လွှတ်တော် ကိုယ်စားလှယ် အသီးသီးရဲ့ တင်ပြချက်များ အရ နိုင်ငံ့ ဝန်ထမ်များရဲ့ လစာနှင့် ပင်စင်လစာ တို့ကိုလည်း နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုကို အခြေခံ၍ နိုင်ငံတော် အတွင်း လှည့်လည်သုံးစွဲ နေသော ငွေကြေး အခြေနေ၊ ငွေကြေး ဖောင်းပွမှုနှုန်းနှင့် ကုန်ဈေးနှုန်း အခြေအနေ၊ တစ်မျိုးသားလုံး၏ အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးတို့ကို ထည့်သွင်း စဉ်းစားပြီး သင့်လျော်သော အချိန်ကာလတွင် တိုးမြှင့် ဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံး ချုပ်အပ်ပါတယ် ခင်ဗျား။

ရက်စွဲ။ ။ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်
နေရာ။ ။ သမ္မတအိမ်တော်၊ နေပြည်တော်

0 comments:

 
MYANMAR GAZETTE - မီးပြတိုက်