နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ဧရာဝတီ နှင့် ပဲခူး တိုင်းဒေသကြီး နှစ်ခုမှ ရေဘေးသင့် ပြည်သူများထံ သွားရောက်အားပေး၍ သိန်း ၄ ထောင် ကျော် ပေးအပ်

Friday, August 24, 2012


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့အတွင်း ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ ကူညီစောင့်ရှောက် အားပေးရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအုန်းမြင့်၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေး၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် တပ်မတော် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာခဲ့ရာ နံနက် (၉)နာရီတွင် ရန်ကုန်မြို့သို့ ရောက်ရှိသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်း မြို့အနီးရှိ ဧရာဝတီတံတား (ညောင်တုန်း) စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ ကျောင်းကုန်းမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စု ဇရပ်ကွင်းအထွက်တိုးစိုက်ပျိုးရေး စခန်းသို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြပြီး ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရေကြီးနစ်မြုပ် သွားသော ဒေသများရှိ တောင်သူလယ်သမားများအား နိုင်ငံတော်မှ စိုက်ပျိုးစရိတ်နှင့် အရင်းအနှီး ထုတ်ပေးခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။






အဆိုပါ အခမ်းအနားသို့ ရေကြီး နစ်မြုပ်သွားသော မြို့နယ်(၈)မြို့ နယ် နှင့် ကျန် (၁၈)မြို့နယ်တို့ မှ တောင်သူလယ်သမား ကိုယ်စားလှယ် များ စုစုပေါင်း (၆၇၆) ဦး တက်ရောက်ကြသည်။ နိုင်ငံတော် သမ္မတကြီးမှ စိုက်ပျိုးစရိတ် အရင်းအနှီးများ ထုတ်ပေးရာတွင် တင်းပေါင်း ၈၀၉၅၈ တင်းအတွက် ငွေကျပ် ၄၀၄၇.၉ သိန်း ပေးအပ် လှူဒါန်းခဲ့ပြီး နိုင်ငံတော်သမ္မတကြီးသည် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးသို့ ဆက်လက်သွားရောက်ခဲ့သည်။


နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အတွက် လားရှိုးသိန်းအောင်၏ ဂုဏ်ပြုသီချင်း

Wednesday, August 22, 2012





ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတ မှ ပေးပို့သည့် သဝဏ်လွှာ နှင့် နောက်ဆက်တွဲ

Monday, August 20, 2012







.

နိုင်ငံတော်သမ္မတကြီးမှ ပြည်သူ့လွှတ်တော် ဥက္ကဌထံ ပေးပို့သည့် သဝဏ်လွှာ


လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်း သတ်မှတ်ပေးရေးနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥက္ကဌက ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့သည်။ ယင်းသဝဏ်လွှာပါ အကြောင်းအရာကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြည်သူလွှတ်တော် ဥကဌထံသို့သဝဏ်လွှာတစ်စောင် ယနေ့ပေးပို့သည်။

နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော် ဥက္ကဌထံသို့ပေးပို့သော သဝဏ်လွှာပါ ဖော်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရသည် ။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ကျနပ်လက်ခံနိုင်ခြင်း မရှိသဖြင့် သက်ဆိုင်သူများ အားလုံး အတွက် ထိခိုက်နစ်နာမှု အနည်းဆုံးဖြင့် သင့်မြတ်ပြီး တရားနည်းလမ်းကျသော ဆောင်ရွက်ချက်များ ဖြစ်လာစေရန် စေတနာကောင်းဖြင့် အကြံပြုပေးပို့ခြင်းအား ကျေးဇူးတင်ရှိပါသည်။

ပထမအချက်အနေဖြင့် နိုင်ငံတော်သမ္မတ၏ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က တင်သွင်းခဲ့သော တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန် အကြံပြုချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်ဟု သတ်မှတ် ပြောကြားနေခြင်းနှင့်စပ်လျဉ်း၍ အဆိုပါကော်မတီ ကော်မရှင်နှင့်အဖွဲ့တို့သည် ပြည်ထောင်စု အဆင့် အဖွဲအစည်းများ ဖြစ်လာပါက ပြည်ထောင်စုအဆင့်နှင့် လျော်ညီသည့် ငွေကြေးကိစများနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစရပ်များကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် စီမံဆောင်ရွက် ပေးရန် တာဝန်ရှိလာမည်ဖြစ်ပါသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ရန်လိုအပ်ပါသည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထား သည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် အကျုံးဝင်ခြင်း ရှိ မရှိ တိကျ ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည့် စကားရပ်ကို အနက်အဓိပါယ်ဖွင့်ဆိုပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းမေးမြန်းခဲ့ခြင်းဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်ကို အနက်အဓိပါယ်ဖွင့်ဆိုပေးရန် နိုင်ငံတော် ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခဲ့ခြင်းသည် လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့မှ အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါ သည်။

ဤကိစနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း” ဆုံးဖြတ်ချက် ချမှတ်ပြီး ဖြစ်ပါသည်။

ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၃ တို့အရ အပြီးအပြတ် အတည်ဖြစ်ပါသည်။ ဤကိစမှာ စစ်ဆေးကြားနာဆဲ အဆင့်မဟုတ်ဘဲ ဆုံးဖြတ်ချက် ချမှတ်ပြီးသည့် အဆင့်ဖြစ်၍ တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန်မှာ တရားရုံးများ၏ အစဉ်အလာနှင့်လုပ်ထုံးလုပ်နည်းများအရ မည်သို့မျှမဖြစ်နိုင်ပါသဖြင့် ဤကိစအား အစိုးရအဖွဲ့ အပေါ် နားလည်နိုင်မည်ဟု ယုံကြည်ပါသည်။

ဒုတိယအချက်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင် များအား ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် မတိုင်မီ ၄င်းတို့၏ ဆန္ဒအလျှောက် တာဝန်မှ အနားယူစေရေးကိစနှင့်စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်သည် နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရန်နှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရန်အတွက်သာ အပ်နှင်းထားခြင်းဖြစ်ပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ထားသော လုပ်ငန်း တာဝန်အရ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအားတာဝန်မှ အနားယူသွားစေရေး အတွက် နိုင်ငံတော်သမ္မတက ဆောင်ရွက်မည်ဆိုလျှင် ဥပဒေနှင့် ညီညွတ်မည်မဟုတ် သည့်အပြင် တရားမျှတမှုလည်းရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များကို တာဝန်မှ အနားယူစေရန်မှာလည်း ဆောင်ရွက်၍ မရနိုင်သည့်ကိစဖြစ်ပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့တွင် ပါဝင်သည့်ပုဂိုလ်များသည် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဌ (၂)ဦးတို့မှ ရွှေးချယ်၍ ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ်ကြပါသည်။ ထိုပုဂိုလ်များ သည် ဥပဒေရေးရာကျွမ်းကျင်၍ နှစ်ပေါင်းများစွာ တရားစီရင်ရေး အတွေ့အကြုံရှိသူ များဖြစ်သည့်အပြင် အချို့သောပညာရှင်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသား ညီလာခံတွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ပါသည်။

ဤဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ အပေါ်အမှားမှား အယွင်းယွင်းသော်လည်းကောင်း၊ ဘက်လိုက်၍ သော်လည်းကောင်း အဆုံးအဖြတ်ပေးကြမည့် ပုဂိုလ်များမဖြစ်နိုင်ဟု ယုံကြည်ပါသည်။

မိမိအပါအဝင် ပြည်သူ့ကိုယ်စားလှယ်အားလုံးသည် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာ ကျင့်သုံးဆောင်ရွက်ပါမည်။” ဟု လွှတ်တော်စတင်ကျင်းပစဉ်က ပြည်သူ့လွှတ်တော် သဘာပတိ၏ရှေ့မှောက်တွင် ကတိသစ္စာ သို့မဟုတ် ကျမ်းသစ်စာပြုထားကြသူများဖြစ် ကြပါသည်။ သို့ဖြစ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၂၃ ပါ ပြဌာန်းချက်များအရ မိမိအနေဖြင့် လိုက်နာရမည်ဖြစ်ပါသည်။

မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးစ ကမ္ဘာ့အလယ်တွင် မျက်နှာ ပွင့်လန်းကာစ အခြေအနေတွင်သာ ရှိပါသေးသည်။ သို့ဖြစ်ပါ၍ လက်ရှိအခြေအနေတွင် ဤအငြင်းပွားမှုပြဿနာကြောင့် မြန်မာနိုင်ငံဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေး မဏိုင်ကြီး (၃) ရပ်လုံးမှ အကောင်အထည် ဖော်နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ အရှိန်အဟုန်လျော့နည်းရပ်တန့် သွားခြင်းမရှိစေရန်နှင့် ပြည်သူသန်း(၆၀)၏ မျက်နှာကို ထောက်ထား၍လည်းကောင်း၊ မိမိတို့မဏိုင်ကြီး(၃)ရပ်၏ စည်းလုံးညီညွတ်မှုကို မထိခိုက်စေရန်အတွက် လည်းကောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့် အစား ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ သင့်လျော်ကောင်းမွန်မည်ဟု ယူဆပါသည်။

သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ပြန်ကြား ပါသည်။

ဒုတိယအကြိမ် စီမံကိန်းကော်မရှင်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကြီး နိဂုံးချုပ်အမှာစကားပြောကြား

Wednesday, August 15, 2012


ဒုတိယသမ္မတများနှင့်ပြည်ထောင်စုဝန်ကြီးများ

တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရဝန်ကြီးချုပ်များ

ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဒေသ ဥက္ကဌများ ခင်ဗျား

တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ အနေနဲ့ ဒီနေ့ အစည်းအဝေးမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို စနစ်တကျ တိုးတက်အောင်နဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ သွားလာရေးအတွက် နောင်လာနောက်သားများ အတွက်ပါ စဉ်းစားပြီး မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အစီအမံတွေကို ရေးဆွဲ အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်မှုများကို တင်ပြသွားကြတာ တွေ့ရှိရပါတယ်။

တင်ပြချက်တွေရဲ့ အနှစ်ချုပ်လိုအပ်ချက်ကို သုံးသပ်ဆွေးနွေးရရင်

- ပထမလိုအပ်ချက်က ဘက်ပေါင်းစုံ ပြည့်စုံအောင် စဉ်းစားထားတဲ့ အစီအမံ (Plan) ရှိဖို့နဲ့ မြို့ကြီးပြကြီးဆိုရင် ကိုယ့်ရဲ့ ဌာနဆိုင်ရာ ကျွမ်းကျင်သူနဲ့ မရေးဆွဲနိုင်ရင် ပြည်တွင်းပြည်ပ ကျွမ်းကျင်သူပညာရှင်များ အကူအညီ ရယူပြီး ရေးဆွဲကြဖို့၊

- ဒုတိယလိုအပ်ချက်က ရေးဆွဲပြီးတဲ့ Plan ကို ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပြည်သူများ၊ ပညာရှင်များ၊ အသင်းအဖွဲ့ များနဲ့လွှတ် တော် ကိုယ်စားလှယ်များ အပါအဝင် အားလုံးသိအောင် ချပြပြီး အကြံဉာဏ် ပေးနိုင်အောင် ကျယ်ကျယ် ပြန့်ပြန့် ချပြဆွေးနွေး ထုတ်ပြန် ကြေညာ အကြံဉာဏ်ယူဖို့၊


- အကြံဉာဏ်ရယူ ဖြည့်စွက်အတည်ပြု ရေးဆွဲပြီးတဲ့ Master Plan ရလျှင် လမ်း၊ တံတား၊ အိုးအိမ်နဲ့ဆိုင်တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ် ဓါတ်အားမူဝါဒနဲ့ဆိုင်တဲ့ လျှပ်စစ်ဝန်ကြီးဌာန ၊မြို့ပြအုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာန အပါအဝင် အုပ်ချုပ်မှုဆိုင်ရာဌာနများ၊ စီမံ/စီးပွား ဝန်ကြီးဌာန၊ ဘဏ္ဍာ/အခွန်ဝန်ကြီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန စတဲ့ မြို့ပြအတွင်း အကျုံးဝင်တဲ့ ဌာနဆိုင်ရာများမှ ဥပဒေ၊ မူဝါဒ လုပ်ထုံးလုပ်နည်းများနဲ့ စပ်လဉ်း၍ ၄င်းတို့ရဲ့ကဏ္ဍအလိုက် စီမံကိန်းများနဲ့ ကိုက်ညီဆီလျော်မှု ရှိ/မရှိ သဘောထား မှတ်ချက်များ ရယူပြီး စီမံကိန်းကော်မရှင်သို့ တင်ပြ၍ လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ခွင့် ရယူရန် ဖြစ်ပါတယ်။

- စီမံကိန်း ကော်မရှင်မှအတည်ပြုခွင့်ပြချက် ရရှိပြီးပါက ဒေသန္တရ စီမံကိန်း ကာလတိုနှင့် ကာလရှည် စီမံကိန်းများတွင် ထည့်သွင်း ဖော်ပြ၍ လည်းကောင်း၊ လတ်တလော တစ်နှစ်ချင်း ဆောင်ရွက်ရန် ကိစ္စများကို တစ်နှစ်ချင်း ဒေသန္တရ စီမံကိန်းတွင် ထည့်သွင်းဖော်ပြ၍ လည်းကောင်း၊ လွှတ်တော်သို့ ပေးပို့ သဘောတူညီချက် ရယူထားရန် လိုအပ်ပါတယ်။


စီမံကိန်း (Plan) ရေးဆွဲ အတည်ပြု ခွင့်ပြုချက် ရပြီးတဲ့နောက် လက်တွေ့အကောင်အထည်ဖော်မှု အပိုင်းဟာကြီးမားပြီး ကာလရှည် ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်တဲ့ အတွက်

- လတ်တလော ပြည်သူတွေ နေရေးထိုင်ရေး ခက်တဲ့အပိုင်း၊ မီးဘေး စိုးရိမ်နေရတဲ့အပိုင်း၊မြို့ပြအင်္ဂါရပ်နဲ့ မညီညွတ်တဲ့ အပိုင်း၊ ရေမီး လိုအပ်ချက်အပိုင်း၊ သွားလာရေး လိုအပ်ချက် အပိုင်းတွေကို ၂၀၁၅ ခုနှစ် မတိုင်မီ နှစ်စဉ်တစ်နှစ်ချင်း အစီအမံကို ပြည်သူ့အကြားမှာ ပြည်သူ့ဆန္ဒနဲ့အညီ သိသိသာသာ တိုးတက်အောင် ပြောင်းလဲ ဆောင်ရွက်မယ့် လတ်တလောစီမံချက်နဲ့ အကောင်အထည်ဖော်ဖို့ လိုပါတယ်။

- ကာလတို့ လုပ်ရမယ့် လုပ်ငန်းတွေအပိုင်းမှာတော့ မြို့ပြရဲ့ အခြေခံ အဆောက်အဦ (Infrastructure) ပိုင်းကို နိုင်ငံတော် ဘတ်ဂျက်၊ အခွန်အကောက်ရငွေ၊ နိုင်ငံခြားချေးငွေ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှု ရရှိမှုအပေါ် လုပ်နိုင်မည့် ပမာဏ ခွဲဝေတွက်ချက်၍ နှစ်အလိုက် ဆောင်ရွက်နိုင်မယ့် ကာလတို စီမံကိန်းနဲ့ အကောင်အထည်ဖော်ဖို့ လိုပါတယ်။

- နောင်လူဦးရေ တိုးလာမယ့် အခြေအနေအတွက် မြို့ပြကို အလျားလိုက် ချဲ့ခြင်း၊ ဒေါင်လိုက်ချဲ့ခြင်းများ အတွက်ကို ရေရှည်စီမံကိန်းနဲ့ အကောင်အထည် ဖော်ဖို့ လိုပါတယ်။


လတ်တလောစီမံချက်နဲ့ အကောင်အထည်ဖော်ဖို့စဉ်းစားတဲ့အခါ

- မိမိတို့ နှစ်ရှည်အတွက် ကြိုတင်လျာထားတဲ့ Master Planကြီးကို မပျက်ယွင်းစေဘဲ ဇုန်ပိုင်းခြားပြီး
- လူနေရပ်ကွက်များအတွက် Residential Zone
- စက်မှု လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တို့ချဲ့လိုပါက Industrial Zone
- စီးပွားရေး လုပ်ငန်း အချက်အခြာ Commercial Zone
- Car Parking, Recreation Center ဘတ်စ်ကားယာဉ် သယ်ယူ ပို့ဆောင်ရေး၊မြို့ပတ်ရထား စသဖြင့် ပြည်သူအတွက် လတ်တလော လိုအပ်ချက်၊ ရင်းနှီးမြှုပ်နှံမှုများအတွက် လိုအပ်ချက်နှင့် အလုပ်အကိုင် အခွင့်အလမ်း အတွက် လိုအပ်ချက်များကို ဦးစားပေး ဆောင်ရွက်သွားဖို့ လိုပါတယ်။



လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာ

- လူအင်အားဖွဲ့စည်းမှု အပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးမြို့တော် အတွက် သက်ဆိုင်တဲ့ ပြည်ထောင်စုဝနကြီးဌာနများရဲ့ တိုင်းအဆင့်ဌာနများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများရဲ့ ကွပ်ကဲမှုအောက်ပေးပြီး ဖွဲ့စည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနများက မိမိတို့မူနဲ့ လူကို တိုက်ရိုက် ကွပ်ကဲထားတဲ့အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အနေနဲ့မြို့ပြဖွံ့ဖြိုး တိုးတက်မှုကို အရှိန်အဟုန်နဲ့ တစ်စုတစ်စည်းတည်း ဖွဲ့စည်း ဆောင်ရွက်နိုင်ဖို့ အခက်အခဲရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများက ဥပဒေ လုပ်ထုံးလုပ်နည်း (Legal Framework) ကိုသာ မတိမ်းစောင်းအောင် ထိန်းကျောင်းပေးပြီး မြေပြင်လက်တွေ့အကောင်အထည်ဖော်မှု အပိုင်းမှာ မိမိတို့ရဲ့ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ကွပ်ကဲမှုနဲ့ လိုအပ်သလိုဖွဲ့စည်း ဆောင်ရွက် စေမှသာလျှင် အောင်မြင်မှာ ဖြစ်ပါတယ်။

- အလားတူ ပြည်သူနဲ့ ထိတွေ့ဖြေရှင်းရတဲ့ထဲမှာ မြေနဲ့အိမ်ယာပိုင်ဆိုင်မှု ကိစ္စတွေပဲ ဖြစ်ပါတယ်။ ပြည်ထောင်စု ဝန်ကြီးဌာနများ အနေနဲ့ နိုင်ငံတော်က တိုက်ရိုက်ကော်မတီ ဖွဲ့စည်း တာဝန်ပေးအပ် ထိန်းသိမ်း ထားသည့် မြေ၊ အဆောက်အဦများမှတစ်ပါး ကျန်ဝန်ကြီးဌာန အစီအစဉ်ဖြင့် ရှိနေသည့် အဝန်းအဝိုင်းအတွင်းမှ မြေနှင့် အဆောက်အဦ များကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရများက စီမံကိန်းကော်မရှင်သို့ တင်ပြအတည်ပြထားသည်မြို့်ပြစီမံကိန်းနှင့် အညီ ဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြ လွှွှဲပြောင်းပေးသွားရမှာ ဖြစ်ပါတယ်။


- တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများကလည်း မြေနှင့်အိမ်ယာ စီမံခန့်ခွဲမှုများဟာ ပြသနာရှုပ်ထွေးတဲ့အတွက် ဥပဒေ လုပ်ထုံးလုပ်နည်းများ ထိန်းကျောင်းပေးရတဲ့ ပြည်ထောင်စုဝန်ကြီး ဌာနများရဲ့ သဘောထားမှတ်ချက် ရယူ တောင်းခံခြင်း မပြုဘဲ တိုက်ရိုက် စီမံခန့်ခွဲမှု မပြုလုပ်ပဲ ပြည်ထောင်စုအစိုးရသို့ ထိုသဘောထား မှတ်ချက်များနှင့် အတူ အသုံးပြု ခွင့် တင်ပြခွင့်ပြု ချက် ရယူသွားဖို့ လိုပါတယ်။

အချို့အောက်ခြေမြို့နယ်များမှာ မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းများက သူ့နည်းသူ့ဟန်နှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်း နေရာများ ချထားပေးခြင်း၊ ဘာသာရေးအဆောက်အဦ တိုးချဲ့မှုများကို မသိရှိခြင်း၊ အချို့ဓါတ်ဆီဆိုင် နေရာများကို ၄င်းတို့သဘောနှင့် ချထားခြင်းကြောင့် ပြည်သူများနဲ့ ပြဿနာ ဖြစ်ပွားခြင်းစတဲ့ ပြဿနာများကို ကြုံတွေ့နေတဲ့ အတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများက မြေ၊ အိမ်ယာကိစ္စများနဲ့ ပတ်သတ်ပြီး လုပ်ထုံးလုပ်နည်း မူတွေကို ချမှတ်၍ ပြည်ထောင်စု ဝန်ကြီးဌာနများရဲ့ ဥပဒေလုပ်ထုံး လုပ်နည်းများနဲ့အညီ ဖိဖိစီးစီးကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားဖို့နဲ့ ယခင်ဖြစ်ပျက်နေသော ကိစ္စများ ကိုလည်း ပြန်လည်သုံးသပ်ပြီး စနစ်တကျ ဖြေရှင်းသွားရန်နဲ့ မဖြေရှင်း နိုင်သော ကိစ္စရပ်များကိုအကြံပြုသုံးသပ် တင်ပြဖို့လိုပါတယ်။

- ဒါကြောင့် နိုင်ငံတော်အနေနဲ့ မြေယာခွဲဝေအသုံးချမှု စိစစ်ရေး ဆောင်ရွက်ရေးကော်မတီကို ဖွဲ့ စည်းပေးထားပြီး မြို့ပြဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းတွေမှာ ဥပဒေလုပ်ထုံးလုပ်နည်းများဟာ အရေးကြီးတဲ့အတွက် ဥပဒေ လုပ်ထုံး လုပ်နည်းများ အမြန်ရေးဆွဲ ပြဌာန်း ဆောင်ရွက်နိုင်အောင် စီစဉ်လျက် ရှိပါသည်။


- တစ်ဖက်ကလည်း မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြုပ် နှံကြသူများ အတွက် အခြားနိုင်ငံများကဲ့သို့ အဆင်ပြေ ချော မွေ့ခြင်း မရှိတဲ့ကိစ္စမှာ မြေနေရာရရှိရေး ကြန့်ကြာမှုများကြောင့် ဖြစ်တဲ့အတွက် ဒါဟာလည်း မြို့ပြစီမံကိန်း ကြိုတင်ရေးဆွဲ မထားနိုင်လို့ ပေါ်ပေါက်ရတဲ့ ပြဿနာထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်က ရင်းနှီးမြုပ်နှံမှု အပိုင်းမှာ မြေယာနဲ့ပတ်သက်ပြီး မြို့ပြစီမံကိန်းနှင့်အညီ ဖြစ်မှသာ ခွင်ပြုရမယ်လို့ အမိန့်ကြော်ငြာစာ ထုတ်ပြီးဖြစ်တဲ့အတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများအနေနဲ့ ရင်းနှီးမြုပ်နှံမှု အတွက် သဘောထားမှတ်ချက် ပေးတိုင်းမှာ

- ရင်းနှီးမြုပ်နှံမှု ခွင့်ပြုမည့်နေရာသည်မြို့ ပြစီမံကိန်းနှင့် ညီညွတ်မှု ရှိ/မရှိ

- ပြည်သူတို့၏ လူမှုစီးပွားရေးကို ထိခိုက်နိုင်မှု ရှိ/မရှိ

- သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု ရှိ/မရှိ

- မြို့နယ်ဒေသ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဒေသစီးပွားရေး ဖွံဖြိုး တိုးတက်မှုအတွက် အထောက်အကူ ဖြစ်/မဖြစ်

စတဲ့အချက်တွေကို မြို့နယ်အဆင့်က ပြီးစလွယ် တင်ပြတာမျိုး မဟုတ်ဘဲ စနစ်တကျ ကွင်းဆင်းစိစစ်လေ့လာ သုံးသပ်ပြီးမှ သဘောထားမှတ်ချက် ပေးဖို့လိုပါတယ်။

ပြည်သူတွေရဲ့ ရုံးကနားတွေနဲ့ ဆက်ဆံရတဲ့ ဒုက္ခ၊ ဟိုရုံးပြေး ဒီရုံးပြေး အချိန်ကုန်ပြီး ပိုက်ဆံကုန်တဲ့ ကိစ္စရပ်တွေဟာ နေရာတိုင်းမှာကြားနေရပြီး ဒီနေ့ပြည်သူတွေ အဆင်မပြေတဲ့ အထဲမှာ ဒီကိစ္စဟာ ထိပ်တန်းက ပါဝင်နေပါတယ်။ ဒါကြောင့် အခြားနိုင်ငံတွေမှာ တစ်နေရာတည်းမှာ ပြည်သူတွေ လုပ်ကိုင်ပြီးစီးမယ့် ရုံးပေါင်းစုံများကို စုစည်းထားပြီး ဆောင်ရွက်ပေးတာတွေ တွေ့ရှိရပါတယ်။ ဒါကြောင့် ရန်ကုန်နဲ့မန္တလေးမှာ နိုင်ငံတော်ပိုင် အဆောက်အဦတွေထဲက တိုင်းအဆင့်ရုံးများကို ပြည်သူတွေ တစ်နေရာတည်းနဲ့ ပြီးမယ့် လုပ်ငန်းစဉ်တွေအတွက် စုစည်းထားနိုင်အောင် ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းအစိုးရနဲ့ ပြည်ထောင်စု ဝန်ကြီးဌာနများ စီစဉ်ပေးဖို့ ပြောကြားလို ပါတယ်။ ဥပမာ - ကုန်သွယ်ရေးကိစ္စ လုပ်တယ်ဆိုရင် စီးပွားကူးသန်း၊ အကောက်ခွန်၊ ဘဏ်၊ ဆိပ်ကမ်း ကိစ္စရပ်တွေကို တိုင်းအဆင့် သို့မဟုတ် မြို့နယ် အဆင့် ရုံးပေါင်းစုံ စုစည်းပေးခြင်းမျိုး၊ အချို့ပတ်စပို့၊ ဗီဇာကိစ္စ နိုင်ငံခြားရေး၊ သတင်းတပ်ဖွဲ့၊ လူဝင်မှုကြီး ကြပ်ရေး စသဖြင့် မြို့နယ်အဆင့် စုပေါင်းရုံးတွေကို ဆောင်ရွက်ပေးနိုင်မှ ဒီနေ့ပြည်သူတွေ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို ကျော်လွှားပြီး Good Governance, Clean Government အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

နိဂုံး ချုပ် အားဖြင့် ဒီစီမံကိန်းကော်မရှင်က ချမှတ်လိုက်တဲ့ မူဝါဒများကို ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ အသေးစိတ် ပြန်လည်ညှိနှိုင်းပြီး နောက်တစ်ကြိမ်စီမံကိန်း ကော်မရှင် အစည်းအဝေးမှာ တင်ပြသွား ကြဖို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နှင့် VOA မြန်မာပိုင်း ဌာနမှူး တို့ တွေ့ဆုံခြင်း

Tuesday, August 14, 2012



ဦးသန်းလွင်ထွန်း ။ ။ အခုရက်ပိုင်းတွင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သတ်လို့ နိုင်ငံတကာကနေ မီးမောင်း ထိုးပြီးတော့ ပြောပြလာတဲ့ အရေးကြီးကိစ္စတစ်ခုက ရခိုင်ပြည် ရိုဟင်ဂျာကိစ္စပါပဲ။ အခုဆိုရင် မကြာခင်မှာ လူအခွင့်အရေး ကော် မရှင်အစည်းအဝေးပွဲတွေလုပ်တော့မယ်။ ကုလသမဂ္ဂအစည်းဝေးတွေလုပ်မယ်။ နိုင်ငံတကာ အစ္စလမ်မစ်ကောင်စီ (Organization of Islamic Council) အစည်းအဝေးတွေလုပ် တော့မယ်ဆိုတဲ့ နေရာမှာ မြန်မာနိုင်ငံ အနောက်ဘက် ခြမ်းမှာရှိ နေတဲ့ ရိုဟင်ဂျာ လို့ခေါ်ကြတဲ့ မူစလင်တွေအကြောင်း ပါရှိလာပါလိမ့်မယ်။ သူတို့ကို မြန်မာနိုင်ငံက အများ စုက လူအခွင့်ရေး ချိုးဖောက်မူတွေရှိနေတယ်လို့ စွပ်စွဲမူတွေရှိနေပါတယ်။ အဲဒီအတွက်ကြောင့် မကြာသေးခင်ကပဲ ဒီလူနည်းစုတွေကို ကူညီဖို့ဆိုပြီးတော့ ဆော်ရေအာရေဗီးယားနိုင်ငံကနေ ဒေါ်လာ သန်းငါးဆယ် လှူတာတို့ မကြာ သေးခင်ကပဲ တူရကီနိုင်ငံခြားရေး ၀န်ကြီးက အကူအညီတွေပေးသွားတာတွေရှိနေတော့ မြန်မာနိုင်ငံမှာ သမ္မတကြီး ဦးဆောင်တဲ့ ပြောင်းလဲမူတွေရဲ့ အကောင်းသတင်းတွေကြားထဲမှာ နိုင်ငံတကာကနေပြီးတော့ လူအခွင့်ရေးဆိုပြီး ထောက်ပြပြီး လူမျိုးရေး၊ ဘာသာရေးဖိနှိပ်မူ တွေရှိနေတယ်ဆိုပြီး ပြောဆိုမှုတွေကြားနေရပါတယ်။ အဲကိစ္စနဲ့ ပတ် သက်ပြီးတော့ သမ္မတကြီးရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်းသိချင်ပါတယ်။

သမ္မတကြီးဦးသိန်းစိန် ။ ။ ဒီဟာလေးလဲ ကျွန်တော်ပြောချင်ပါတယ်။ ဒီဟာတော့ ကျွန်တော်တို့ ဒီမိုကရေစီ လမ်း ကြောင်းကို ချီတက်နေတဲ့နေရာမှာ မမျှော်လင့်ပဲ တွေ့ကြုံလာတဲ့ အခက်အခဲ တစ်ခုပါ။ ဒီရခိုင်မှာ ဖြစ်ပျက်တဲ့ကိစ္စက လည်း တကယ်တော့ ဒီလူတစ်စုက နေပြီးတော့ ခုနကလိုဒီ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူတစ်ခုကို ကျူးလွန်လိုက် တဲ့အတွက် မခံမရပ်နိုင်ဖြစ်ပြီးတော့ ဟိုဘက်အုပ်စုနဲ့ ဒီဘက်အုပ်စုနဲ့ ဖြစ်ကြပြုကြရင်းနဲ့ နောက်ဆုံးတော့ အုပ်စုချင်းက ကြီးထွားလာတာ။ ကြီးထွားလာပြီးတော့ အချင်းချင်း သတ်တဲ့ဖြတ်တဲ့အဆင့်ရောက်လာတယ်။ နောက်တစ်ခါ ဆိုး တာက ခုနကလို တစ်ဘက်နဲ့တစ်ဘက် မီးရှို့တယ်။ ဒီဘက်ကလည်း မီးရှို့ သူတို့ဘက်ကလည်း မီးရှို့ တစ်ခါဆိုရင် ကိုယ်အိမ်ကိုယ်မီးရှို့ပြီးတော့ ထွက်ပြေးပေမယ့် ဒီမီးကနေ ကူးစက်ပြီးတော့ လောင်တာတွေရှိတယ်။ ဖြစ်စဉ်ကတော့ ခုနကလို ရာဇာဝတ်မူ တစ်ခုပေါ်မှာ အကြောင်းပြုပြီးတော့ မခံမရပ်နိုင်ဖြစ်တဲ့အတွက် လူအုပ်စုအထိ ကူးစက်သွားပြီး တော့ ဒီလိုဖြစ်ကြ ပြုကြတာပါ။ အဲမှာနေနေကြတဲ့ သူတွေက နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာလဲ သိပ်ပြီးတော့ မတွေ့ရဘူးပါဘူး။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်လဲ မတွေ့ခဲ့ရပါဘူး။

ကျွန်တော်ပြောချင်တာက ဒီလိုဖြစ်ပျက် မူတွေဟာ ဘာသာရေးကြောင့် ဖြစ်တာလဲ မဟုတ်ပါဘူး။ လူမျိုးရေးကြောင့် ဖြစ်တာ လဲမဟုတ်ဘူး။ သို့သော်လည်း အခန့်မသင့်တဲ့ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မူပေါ်မှာ ခုနကလို မခံမရပ်နိုင်တွေဖြစ်ပြီးတော့ တစ်ဘက်နဲ့တစ်ဘက် ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေနဲ့ ဒီလိုဖြစ်တာပါ။ အမှန်တော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေက တကယ့် တကယ်ကြတော့လည်း တခြားနိုင်ငံတွေမှာ ဖြစ်နေတာတွေနဲ့စာရင် အင်မတန့်အင်မတန်မှ နည်းပါတယ်။ သေဆုံး တာဆိုရင်လည်း ရာဂဏန်းတောင်မရှိ ပါဘူး။ နောက်တစ်ခါ ထိခိုက်ဒဏ်ရာရတာဆိုရင်လည်း တစ်ရာပတ်ဝန်းကျင် လောက်ပဲ ရှိပါတယ်။ အိမ်တွေကို တစ်ဖက်နဲ့တစ်ဖက် မီးရှို့ကြတဲ့အတွက်ကြောင့် အိမ်ပေါင်း ငါးထောင်နီးပါးလောက် မီးလောင်သွားတာပါ။ ငါးထောင်နီးပါးလောက် မီးလောင်တဲ့အတွက် ဒီအိမ်တွေမှာနေနေကြတဲ့ ဒီဘက်ကလည်း ရခိုင် တိုင်းရင်းသားတွေပေါ့ ဟိုဘက်ကလည်း ဘင်္ဂလီတွေဆိုကြပါစို့။ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ကြတာပေါ့ ။ အိုးမဲ့အိမ်မဲ့ တွေက ဘယ်လောက်လောက်ရှိလဲဆိုတော ဒီကနေ့ ခြောက်သောင်းလောက်ရှိတယ်။ ခြောက်သောင်းလောက်ရှိတဲ့အတွက် ကျွန်တော်တို့က အခု နှစ်ဖက်ပေါ့ တစ်ဖက်က လည်း ဆိုကြပါစို့ ရခိုင်တိုင်းရင်းသားဒုက္ခသည် တစ်ဖက်ကလည်း ဘင်္ဂါလီ ဒုက္ခသည် အခုဆိုရင် စခန်း (၅၃) ခုဖွင့်ပြီးတော့မှ ဒီကနေ့ သူတို့ကို ကူညီတဲ့လုပ်ငန်းတွေ ကယ်ဆယ်တဲ့ လုပ် ငန်းတွေ ပြန်လည်ထူထောင်တဲ့ လုပ်ငန်းတွေလုပ်နေရပါတယ်။ ဒီလုပ်ငန်းတွေကို ကျွန်တော်တို့က ဒီမြန်မာနိုင်ငံမှာရှိ နေတဲ့ UN အေဂျင်စီကအဖွဲ့တွေနဲ့ပေါင်းပြီး လုပ်နေပါတယ်။ NGO တွေ INGO တွေ ဒီအဖွဲ့တွေနဲ့ ကျွန်တော်တို့ ပေါင်း ပြီး ပွင့်လင်းမြင်သာမူရှိအောင် လုပ်နေပါတယ်။ ပထမအဆင့်ကတော့ စားဖို့အတွက်ပေါ့။ စားဖို့အတွက်ကလည်း လူ ခြောက်သောင်းလောက်ကို ကျွေးရပြုရတဲ့အလုပ်က တကယ်တော့လည်း ကျွန်တော်တို့နဲ့ချည့်ပဲ မနိုင်ပါဘူး။ ခုနကလို ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်နေတဲ့ UN အဖွဲ့စည်းတွေ အန်ဂျီအိုတွေ သူတို့ရဲ့ အကူအညီတွေလဲ များစွာယူရပါတယ်။ ဒီအဖွဲ့တွေလဲ ကျွန်တော်တို့ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ တစ်အချက်က စားဖို့အတွက်၊ ဒါတွေကို အားသွန် ခွန်စိုက် လုပ်ပေးနေရပါတယ်။ နှစ် အချက် ယာယီနေနိုင်ဖို့အတွက် ယာယီနေနိုင်ဖို့ ဆိုတာလဲ တဲထိုးပေးရတာပဲ။ တဲတွေဘာ တွေကလည်း ကျွန်တော်တို့မှာ လုံလုံလောက် လောက်မရှိတော့ ဒီ UN အဖွဲ့အစည်းတွေက ကူညီတာတို့ဘာတို့ အများကြီး အကျိုးရှိခဲ့ပါတယ်။ ဒီဒေသဟာ မိုးသိပ်များတဲ့ဒေသ ဖြစ်တယ်။ မိုးသိပ်များတဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့် လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့အတွက် Shelters တွေ လိုအပ်လာပါတယ်။ ဒါကြောင့် အခုဆိုရင်သူတို့တွေ နေဖို့ပြုဖို့အတွက် ဆောက်ပေးဘာပေးနဲ့ နှစ်ဖက်စလုံးကို ဆောက်ပေးနေပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ခုနကလို မသင့်တင့်လို့ အုပ်စု ချင်းဖွဲ့ပြီးတော့ ဖြစ်ရာကနေပြီးတော့ ဒီလိုကျွန်တော်တို့ အိမ်တွေ မီးလောင်မှုတွေ ဒုက်္ခသည်အဖြစ်တွေရောက်လာတာ ပါ။ လူမျိုးရေးအရ ကျွန်တော်တို့ ဖိနှိပ်တာတွေလဲ မဟုတ်ပါဘူး။ ဒီကနေ့ သူတို့ စွပ်စွဲနေသလို လူမျိုးတုံး သတ်ဖြတ် တာတို့ ဒါတွေဟာ ကျွန်တော်တို့ကြားရတော့ တော်တော်လေးစိတ် မကောင်းဖြစ်ရပါတယ်။ အင်တာနက်တွေထဲမှာလဲ ကျွန်တော်တို့ ပုံတွေ တွေ့ပါတယ်။ အလောင်းတွေဆိုရင် တစ်ပုံတစ်လွင့်ကြီး ဒါတွေဟာ တစ်ခြားနိုင်ငံမှာဖြစ်ပျက်တာ တွေကို သက်သက် လုပ်ကြံပြီးတော့ ချဲ့ကားပြီးတော့ လုပ်တာတွေဖြစ်ပါတယ်။ ဒါ ဒီမှာဖြစ်တဲ့ အဖြစ်အပျက် တွေ မဟုတ်ပါဘူး။ အဲတော့ တစ်ဖက်ကလည်း NGO အဖွဲ့ အစည်းတွေနဲ့ UN အဖွဲ့အစည်းတွေနဲ့ ပွင့်လင်းမြင်သာမူရှိအောင် ပူးပေါင်းပြီးတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ပေးနေသလိုပဲ ဒီကနေ့ ခုနကလို မူစလင်နိုင်ငံက အကြီး အကဲတွေပေါ့ ဟိုတလောကဆိုရင် တူရကီနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး လာပါတယ်။ နောက်တစ်ခါ တူရကီ ၀န်ကြီး ချုပ်ရဲ့အမျိုးသမီးလဲပါလာတယ်။ အင်အားကလည်း လေးငါးခြောက်ဆယ် ခုနှစ်ဆယ်လောက်ရှိပါတယ်။ ကျွန်တော်နဲ့ လည်း တွေ့တယ် ကျွန်တော်ကလည်း ဒီကိစ္စတွေကို ရှင်းပြီးတော့ ပြတယ်။ ပြပြီးတော့ On Ground ကိုလဲပို့ပေးပါ တယ်။ ပို့ပေးပြီးတော့ သူတို့ကိုယ်တိုင်သွားပြီးတော့ ကူညီကယ်ဆယ်တဲ့ ပစ္စည်းတွေ ဘာတွေ ဒါတွေလဲ နှစ်ဖက် မျှမျှတတပါပဲ။ တစ်ဖက်ကလည်း ခုနလို ဘင်္ဂလီ ဒုက္ခသည်တွေကို သွားပြီး တွေ့သလို တစ်ဖက်ကလည်း ရခိုင်ဒုက္ခ သည်တွေကို တွေ့တယ်။ ပြီးတော့ ဟိုဘက်က မူစလင်ဘာသာကိုးကွယ်တဲ့ သူတွေ၊ ဒီဘက်က ဗုဒ္ဓဘာသာ ကိုးကွယ် တဲ့သူတွေ သွားတဲ့လူကိုယ်တိုင်က မူစလင်ဘာသာဝင်ဖြစ်ပေမယ့်လည်း ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့ လေးလေးစား စားတွေ့တာပြုတာတို့ ဒါမျိုးတွေ တွေ့ပေးတာတို့ ကျွန်တော်တို့ရှိပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ ဒီရက်ပိုင်း အတွင်းမှာ အင်ဒိုနီးရှားကနေပြီးတော့ ကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်း ဥက္ကဌ မစ္စတာကာလာဆိုတာ ဟိုတုန်း က ဒုသမ္မတပါပဲ။ ဟိုတုန်းတည်းက ဒုသမ္မတတုန်းက ကျွန်တော် အင်ဒိုနီးရှားသွားလည်ပတ်ရင်းနဲ့ Call တွေ ဘာတွေ တွေ့ဖူးတော့ ကျွန်တော်နဲ့ ရင်းနှီးနေပါတယ်။ သူလာတဲ့အတွက်ကြောင့် ကျွန်တော်ဝမ်းသာသွားတယ်။ ဒါကြောင့်မို့လို့ သူ့လည်းရှင်းပြတယ်။ သူသွားချင်တယ်ဆိုလို့လည်း မိုးထဲလေထဲမှာ လွှတ်ပေးလိုက်တော့ သူတို့လည်း အကူညီတွေ ဘာတွေ ဆက်ပြုပြီးတော့ ပေးဖို့အတွက်လုပ်နေပါတယ်။ ဒါတွေဟာ ခုနကလို တစ်ဖက်က လုပ်ကြံစွပ်စွဲနေတာတွေ မဟုတ်ဘူး ဆိုတာကို သက်သေသာဓကနဲ့ တစ်ဖက်ကလည်း ပွင့်လင်းမြင်သာ အောင်လုပ်နေတာတွေရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သူတို့တောင်းဆိုနေတဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ပေးဖို့ဆိုတာရော စုံစမ်းမူ တွေ လုပ်ပေးဖို့ဆိုတာရော ဖြစ်လာနိုင်မလားခင်ဗျာ။

သမ္မတကြီးဦးသိန်းစိန် ။ ။ တစ်ခုကတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ နောက်ဆက်ပြီးတော့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဒီမှာ Press Conference တစ်ခုလည်း လုပ်လိုက်ပါတယ်။ ရန်ကုန်မှာရှိနေတဲ့ နိုင်ငံခြားသံတမန်တွေ ဒါတွေ ကျွန်တော်တို့အကုန်ဖိတ်ပါတယ်။ ကုလသမဂ္ဂအေဂျင်စီတွေ NGO တွေ ပြီးရင်၊ အဲဒီမှာ တိုက်ဆိုင်မူလို့ပြောရ ပါ့မယ့်။ မြန်မာနိုင်ငံရဲ့လူအခွင့်ရေးကိစ္စလုပ်နေတဲ့ မစ္စတာကင်းတာနားကလည်း ရောက်နေတယ်။ ရောက်နေတော့ သူ့လည်း ကျွန်တော်တို့ ဖိတ်လိုက်ပါတယ်။ သူကိုယ်တိုင်တက်တယ်။ နောက်နေ့မှာ On Ground ကိုပြတယ်။ ဒီကိစ္စ ဟာ ကျွန်တော်တို့ရဲ့ ပြည်တွင်းမှာဖြစ်ပျက်တဲ့ ကိစ္စလေးတစ်ခုပဲ ဖြစ်တယ်။ တစ်နိုင်ငံလုံးကိုလည်း ကူးစက်သွားတာ လည်း မရှိဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရန်ကုန်မှာလဲ မူစလင်တွေအများကြီးနေတယ်။ ရှိတယ်။ ဗုဒ္ဓဘာသာဝင် တွေရှိတယ်။ ခရစ်ယာန်တွေရှိတယ်။ ဟိန္ဒူတွေလဲရှိတယ်။ တခြားမြို့ကြီးတွေမှာလဲ ဒီအတိုင်းပဲ ဘာမှ ဒီနေရာတွေမှာ ဖြစ်တာပြုတာမရှိပဲနဲ့ ရခိုင်ပြည်နယ်က ဒီကွက်ကွက်လေးတစ်ခုမှာပဲဖြစ်တာပါ။ ဒါ ကျွန်တော်တို့ ပြည်တွင်းရေးကိစ္စ သက်သက်ပဲ ဖြစ်တယ်။ အခုလည်း ကျွန်တော်တို့ နိုင်နိုင်နင်းနင်းနဲ့ လုံခြုံရေးအရလည်း ထိန်းသိမ်းထားနိုင်ပြီ၊ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သတ်လို့ ဒါလဲကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဆီမှာလည်း လွတ်လပ်တဲ့ လူအခွင့်ရေးကော်မရှင် ဖွဲ့ထားတာရှိပါတယ်။ လူအခွင့်ရေးကော်မရှင်ကိုလည်း ဒါလေးကို စစ်ဆေးပေးပါ လို့ ဆိုပြီးတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒီလိုလုပ်နေတဲ့အတွက်ကြောင့် ပြည်ပကနေပြီးတော့ အင်တာနေရှင် နယ် issue တစ်ခုလို စစ်မယ်ပြုမယ်ဆိုရင်တော့ ဒါတွေကိုဒီမှာလာပြီးမလုပ်သင့်ပါဘူး။ ကိုယ်တိုင်းပြည်တွင်းမှာ ကိုယ် ပြည်တွင်းရေးကိစ္စလည်း ဖြစ်တယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်း ကျွန်တော်တို့လုပ်နေတာဖြစ်တဲ့အတွက် ကြောင့် ပြည်ပအဖွဲ့တွေ ဖွဲ့ပြီးတော့မှ ဒီလိုစစ်မယ်ပြုမယ်ဆိုရင် ဒါတော့ မဖြစ်သင့်တဲ့ကိစ္စလို့ ကျွန်တော်ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သမ္မတကြီး အခုနက ပြောသလိုပဲ လူမျိုးရေး ဘာသာရေးကိစ္စ မဟုတ်ဘူး။ အဓိကရုဏ်း မဟုတ်ဘူးဆိုပေမယ့် ဒေသတွင်းမှာနေနေတဲ့ အသိုင်းအ၀ိုင်းနှစ်ခုကြားမှာ တစ်ဖက်နဲ့ တစ်ဖက် ရေရှည်ဖြစ်နေခဲ့တဲ့ မုန်းတီးမူဆိုတာက ကျွန်တော်တို့လည်း ငြင်းလို့မရတဲ့ ကိစ္စပါ။ အဲလို မုန်းတီးမှုဆိုတဲ့ကိစ္စ ဒီထက်ပိုပြီး ပြန့်ပွားမလာ အောင် အတူယှဉ်တွဲပြီးနေနိုင်အောင် သမ္မတကြီးတို့အနေနဲ့ ဘယ်လိုစီမံချက်တွေချပြီး ဘယ်လိုဖြေရှင်းမူတွေလုပ်သွား ဖို့ ရှိပါသလဲ။

သမ္မတကြီးဦးသိန်းစိန် ။ ။ မှန်ပါတယ်။ ဒီကိစ္စက ခုနကလို ရေရှည်လုပ်သွားရမယ့် ကိစ္စပါပဲ။ အခုချိန်မှာ Tension က အတော်လေးမြင့်နေတဲ့အချိန်မှာ Cool Down ဖြစ်အောင် တစ်ဖက်ကလည်း ရခိုင်တိုင်းရင်းသားပါတီ တွေရှိပါတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားပါတီက ပါတီအကြီးအကဲတွေနဲ့လည်း ကျွန်တော်တို့ တွေ့ပါတယ်။ တွေ့ပြီးတော့ ဒီကနေ့ ခုနကလို ကမ္ဘာကြီးကလည်း ကျဉ်းမြောင်းသွားပြီ ရွာကြီးတစ်ရွာလိုဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း သူ့လူမျိုး ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ ခွဲခြားလို့မရဘူး။ ကျွန်တော်တို့ရဲ့အမြင်က လူသားဆိုတဲ့ အမြင်နဲ့ မြင်ရမယ်။ ဒီကနေ့ ကမ္ဘာမှာလဲ လူအခွင့်ရေးဆိုတဲ့ ကိစ္စကို ရှေ့တန်းတင်ပြီးတော့ ပြောကြားလာတယ်။ အားလုံးလူသားဆိုတဲ့အမြင်နဲ့ မြင် ပါ။ လူအခွင့်အရေးဆိုတာကို ကျွန်တော်တို့ ခုနကလိုမထိခိုက်အောင် လုပ်ဖို့လိုပါတယ်။ ရခိုင်တိုင်းရင်းသားတွေကို ကျွန်တော်တို့က စကားဆယ်ခွန်း တစ်ဆယ့်ငါးခွန်းပြောတာနဲ့ ခင်ဗျားတို့က တစ်ခွန်းပြောတာ ပိုပြီးတော့ ထိရောက်ပါ တယ်။ ခင်ဗျားတို့ကလည်း ဒါလေးကိုဝင်ပြီး သဘောထားတွေ စိတ်ထားတွေ ဒါအမြင်မှန်ရလာအောင် ပြောင်းလဲလာ အောင် လုပ်ပေးပါဆိုပြီးတော့ အချိန်ယူပြောင်းရမယ့် သဘောဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ငြင်းလို့မရအောင် ဥပဒေနဲ့ ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ၁၉၈၂ခုနှစ် ဥပဒေဆိုတာရှိပါတယ်။ ၁၉၈၂ခုနှစ် ဥပဒေဆိုတာ ကလည်း ဒီမှာနေထိုင်နေကြတဲ့ လူတွေနဲ့ပတ်သတ်ပြီးတော့ အကာအကွယ်ပေးထားတာတွေရှိပါတယ်။ အကြမ်းဖျဉ်း ကျွန်တော်သိရသလောက် ဆိုရင် ၁၉၄၈ခုနှစ် မတိုင်ခင်က ဒါ ဟိုတုန်းကတော့ လယ်လုပ်ဖို့ဆိုပြီးတော့ ခေါ်ပြုလာကြ တာပဲ။ ခေါ်လာရင်းနဲ့ မပြန်ပဲ ဒီမှာသောင်တင်ပြီးတော့ နေနေကြတာပေါ့။ ၁၉၄၈ခုနှစ် မတိုင်ခင်ကနေပြီးတော့ ရောက် လာတဲ့ မိဘတွေကမွေးဖွားတဲ့ Third Generation က မြေးတို့ဘာတို့ ရောက်လာတဲ့အခါမှာ နိုင်ငံသားအဖြစ်နဲ့ အခုန ကလို အသိအမှတ်ပြု ပေးဖို့ဆိုတဲ့ ဥပဒေထဲမှာ ပါပြီးသားဖြစ်ပါတယ်။ ဒီဥပဒေကို ပီပီပြင်ပြင်နဲ့ ပြန်ပြီးတော့ အသုံးချပြီး တော့ အနာဂတ်မှာ လူအဖွဲ့အစည်းတွေဟာ ခုနကလို သင့်သင့်တင့်တင့်ဖြစ်အောင် လူသားတွေဆိုတဲ့ အမြင်မျိုးရှိလာ အောင် လူ့အခွင့်အရေးတွေကို ခုနကလို ရှေ့တန်းကနေ ဦးစားပေးပြီးစဉ်းစားတတ်လာအောင် ဒါတွေက ကျွန်တော်တို့ အချိန်ယူပြီးတော့လုပ်သွားရမှာဖြစ်တယ်။ အခုက ဘာအရေးကြီးလဲဆိုတော့ ပညာရေးက အရေးကြီးတယ်။ ဟိုဘက် ပိုင်းမှာ ဘင်္ဂါလီတွေနဲ့ပတ်သတ်ပြီးတော့ စာသင်ကျောင်းတို့ဘာတို့ ထိထိရောက်ရောက်မရှိဘူး။ များသောအားဖြင့် ဘာသာရေးတွေနဲ့ ပတ်သတ်ပြီးတော့ သင်တဲ့ကျောင်းတွေပဲရှိတယ်။ အခြေခံကတော့ ပညာရေးပါပဲ။ ပညာရေးကို ကျွန်တော်တို့ ထိထိရောက်ရောက် ဖြစ်အောင် ပညာရေးစနစ်ကို ကျွန်တော်တို့က ထူထောင်ပေးမယ်။ ပညာတတ် တယ်ဆိုရင် အတွေးအခေါ်ရှိလာမယ်။ မှားတယ်မှန်တယ်ဆိုတာကို ခွဲခြားတတ်လာမယ်။ ဟိုမှာ တိုးလာတဲ့ လူတွေ ထက် လက်ရှိလူက ပေါက်ဖွားတဲ့နူန်းက ပိုများပါတယ်။ ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ နောက်ထပ်ဝင်ရောက်လာတဲ့ သူတွေကမရှိသလောက်နည်းပါတယ်။ ဟိုးတုန်းကရှိနေတဲ့ သူတွေကပေါက်ဖွား မူတွေ သိပ်များတယ် ။ အိမ်ထောင်စုတစ်စုဆိုရင် ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက်ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီပေါက်ဖွားလာတဲ့ တိုးပွားလာတဲ့ အင်မတန်ဆင်းရဲနေတဲ့ လူစုတွေကို ထောက်ပံ့ပေးဖို့ ရံပုံ ငွေတွေလိုတာလည်းအမှန်ပါပဲ။ ဒီနေရာမှာ အစောက ကျွန်တော်ပြောခဲ့သလို ဆော်ဒီအာရေဗီးယားနိုင်ငံကနေပြီး တော့ ဒေါ်လာသန်းငါးဆယ် လှုမယ်ဆိုတဲ့ ကိစ္စမျိုး၊ နိုင်ငံတော်အစိုးရဆီကနေပြီးတော့ တဆင့် အဲဒီလိုဒေသတွင်းမှာ သွားပြီးတော့ ဖွံ့ဖြိုးမှုတွေလုပ်ပေးဖို့ ဖြစ်လာရင်တော့ကောင်းတာပေါ့။ ဒါ သမ္မတကြီးတို့လည်း ကြေနပ်စရာဖြစ်ပါလိမ့် မယ်။ အဲဒီလိုမဟုတ်ပဲနဲ့ ဒီနိုင်ငံတကာမှာ လူ့အခွင့်အရေးအတွက်ဆိုပြီးတော့ ဒီလူတွေအတွက် အပြင်ဘက်မှာရှိနေ တဲ့ ဆော်သြော်ပေးနေတဲ့ အဖွဲ့အစည်းတွေကို တဆင့်ထောက်ပံ့ပေးလိုက်တဲ့အနေအထားမျိုးကိုရောက်သွားမှာရော သမ္မတကြီးတို့အနေနဲ့ မစိုးရိမ်ဘူးလား။

သမ္မတကြီးဦးသိန်းစိန် ။ ။ စိုးရိမ်ပါတယ်ခင်ဗျ ကျွန်တော်တို့ကလည်း သူတို့ကိုချဉ်းကပ်ပြီးတော့ လာသမျှတွေကိုပြော နေတာပါ။ ခင်ဗျားတို့ ကူညီမယ်ပြုမယ်ဆိုရင်တော့ နှစ်ဘက်မျှမျှတတနဲ့ကူညီပါ လက်တွေ့ခုနကလို ဒုက္ခခံစားနေတဲ့ သူတွေကို ထိထိရောက်ရောက်နဲ့ကူညီပေးဖို့လိုပါတယ်။ ကျွန်တော်တို့လည်း ခင်ဗျားတို့ ကူညီပေးတဲ့ဟာတွေကို ထိထိ ရောက်ရောက်နဲ့ ဒီလူတွေလက်ထဲကိုရောက်သွားအောင်လုပ်ပေးမယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော်တို့က သူ တို့နဲ့တွေ့တိုင်းတွေ့တိုင်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောပါတယ်။ မသက်ဆိုင်တဲ့သူတွေဆီကိုရောက်သွားမှာလည်း ကျွန်တော်တို့စိုးရိမ်ပါတယ်။



ဦးသန်းလွင်ထွန်း ။ ။ ဒေသတွင်းက အခြေနေနဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေရဲ့ တင်ပြမှုနဲ့ ပြည်ပမီဒီယာ တွေရဲ့ဖော်ပြမှုတွေကြားမှာ တော်တော်များများကွဲလွဲမှုတွေ ရှိနေပါတယ်။ ပြည်တွင်းမီဒီယာတွေက အမျိုးသားရေး စိတ်ဓာတ် အမျိုးသားရေး အခြေခံတွေကိုအကြောင်းပြုပြီး တော်တော်လေး ပြင်းပြင်းထန်ထန်ဖော်ပြတာတွေတွေ့ခဲ့ ရပါတယ်။ ပြည်ပမီဒီယာတွေကတော့ ထုံးစံအတိုင်းပဲ လူ့အခွင့်ရေးကိုအခြေခံပြီး ဖော်ပြတယ်ဆိုတော့ နောက်ဆုံးမှာ ပြည်ပမီဒီယာတွေကိုတောင်မှပဲ တစ်ဖက်ကကျူးကျော်လာတဲ့သူတွေကို မြှောက်ပေးတယ်ဆိုတဲ့ပုံစံမျိုး စွပ်စွဲခံရတာ တွေရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သမ်္မတကြီးအနေနဲ့ ပြည်ပမီဒီယာတွေပြောကြားချက်ကို တစ်စုံတရာများ စိတ် အနှောက်ယှက်ဖြစ်ခဲ့တာတွေရှိခဲ့လားခင်ဗျ။

သမ္မတကြီးဦးသိန်းစိန် ။ ။ ကျွန်တော်တို့က စိုးရိမ်ပါတယ်။ စိုးရိမ်တယ်ဆိုတာက ခုနလိုဆက်နွယ်ပြီးမှ အကြမ်းဖက်မှု တွေ ဒီလောက်ထိကိုယ့်နိုင်ငံပေါ်မှာ ကူးစက်လာမှာတွေ တော်တော်လေး ကျွန်တော်တို့က စိုးရိမ်မိပါတယ်။ တစ်ချို့ သတင်းတွေဟာ လုပ်ကြံဖန်တီးမှုတွေရှိသလို တစ်ဖက်က ခုနလို မွတ်စလင်ဘာသာ ကိုးကွယ်တဲ့သူတွေကို နှိုးဆွပြီး ဖော်ပြတဲ့ သတင်းတွေအင်တာနက်သတင်းတွေ ကျွန်တော်တို့အများကြီးတွေ့ရပါတယ်။ ဒီအတွက် ကျွန်တော်တို့မှာ တော်တော်လေး စိတ်ပူနေရပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်ပအနေနဲ့ ကျွန်တော်တို့သံရုံးတွေထဲက အီဂျစ်မှာရှိ နေတဲ့သံရုံးဆိုရင် ဆန္ဒလာပြတာတွေ ရှိခဲ့ပါတယ်။ သာမာန်ဆန္ဒပြတာတော့ လူ့အခွင့်ရေးပါပဲ။ ပြဿနာမရှိပါဘူး။ သို့သော်လဲ သံရုံးထဲဝင်ပြီးတော့ နိုင်ငံတော်အလံတွေဘာတွေ ဖြုတ်ချတာတော့ ဒါမျိုးတွေ ဖြစ်တဲ့အခါ အဲဒီမှာရှိတဲ့ မိသားစုတွေသံရုံးဝန်ထမ်းတွေအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ နောက်တစ်ခါ အင်ဒိုနီးရှားမှာလဲ အလားတူပါပဲ ကျွန်တော်တို့စိုးရိမ်ရပါတယ်။ ဒီကိစ္စတွေကို မှန်မှန်ကန်ကန်နဲ့ သိအောင်ဆိုပြီး ကျွန်တော်အနေနဲ့သက်ဆိုင်ရာနိုင်ငံ အကြီးကဲတွေဆီ ကိုယ်တိုင်စာရေးပါတယ် ကုလသမဂ္ဂ မစ္စတာ ဘန်ကီမွန်းထံကိုလည်း ကျွန်တော် စာရေးပါတယ်။ ဖြစ်စဉ်အမှန်က ဒီလိုဒီလို ဖြစ်တာပါ။ ဒါဟာ လူမျိုးရေး ဘာသာရေး မဟုတ်ပါဘူး၊ တပြည်လုံးမှာဖြစ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ နေရာလေး တစ်နေရာမှာ ကွက်ပြီးဖြစ်တဲ့ကိစ္စဖြစ်တယ်။ အဲဒီတော့ အင်ဒိုနီးရှားကသမ္မတကလည်း ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့ ကျွန်တော်စာရေးပါတယ်။ မလေးရှားက ၀န်ကြီးချုပ်ဆိုလည်း ဒီအတိုင်းပဲ ကျွန်တော်တို့ဆီ အလည်ပတ်လာသွားတာ သိပ်ပြီးမကြာသေးပါဘူး။ အဲဒီတော့ ဒီပြဿနာတွေကို ကျွန်တော်တို့ မကြီးထွားစေချင်ပါဘူး။ ပြဿနာအစတုန်းကတော့ လူမျိုးရေးစိတ်ဓာတ်နဲ့ ပြည်တွင်းမီဒီယာတွေက ရေးပါတယ်၊ သို့သော်လည်း နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေက သူတို့သိလာပါတယ်။ ဒါတွေက လူသားချင်းစာနာမှုအမြင် နဲ့မြင်ရမယ်။ လူ့အခွင့်အရေးကို ကျွန်တော်တို့ ထိခိုက်လို့မရဘူးဆိုတဲ့ အမြင်တွေ သူတို့ရှိလာပါတယ်။ ဒါတွေကို သူတို့ သိလာတဲ့ ဒီလိုအမြင်ပြောင်းတဲ့ တချိန်ထဲမှာပဲ ပြည်ပက အမြင်တွေကတော့ ကျွန်တော်တို့နဲ့ ပြောင်းပြန်ဖြစ်လာတယ်။ ပြောင်းပြန်ဖြစ်လာတဲ့အတွက် ကိုယ့်နိုင်ငံအတွက်တော့ ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ စိုးရိမ်မိတဲ့အတွက် နောက်ဒါမျိုး တွေမဖြစ်ရအောင် ခုနကလိုကျွန်တော်တို့ဖိတ်ခေါ်တယ်။ ပြတယ်။ အခုဆိုရင်လဲ OIC တို့ဘာတို့က အတွင်းရေးမှူးလဲ ကျွန်တော်ဖိတ်ထားပါတယ်။ လာပါ။ ခင်ဗျားတို့လာကြည့်ပါ ကျွန်တော်တို့ရှင်းလင်းပြပါမယ်။ On Ground လဲလိုက် ပြပါမယ်။ နောက်ဒါမျိုးတွေဖြစ်မှာစိုးတဲ့ စိုးရိမ်မှုလဲ ကျွန်တော်တို့စိတ်ထဲမှာရှိပါတယ်။


ဒုတိယအ ကြိမ် စီမံကိန်းကော်မရှင်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ပြောကြား သည့် မိန့်ခွန်း

Monday, August 13, 2012



ကျွန်တော်တို့ ဒီကနေ့အစည်းအဝေးကတော့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ကျွန်တော်တို့ ချမှတ်ခဲ့ကြတဲ့ Reform Stretegy နဲ့ပတ်သက်ပြီး မြို့ပြနဲ့ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ကြရန် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ City Plan ၊ Town Plan နဲ့ Village Plan တို့ ရေးဆွဲရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့ တို့ရဲ့ City Plan များကို လေ့လာဆွေးနွေး အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

မြို့ပြနဲ့ကျေးလက်စီမံကိန်းများရေးဆွဲရာမှာ ပြည်သူဗဟိုပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများရဲ့ အဆင့်အတန်းရှိစွာနေထိုင်နိုင်ရေး၊ လျှပ်စစ်မီး လုံလောက်စွာရရှိရေး၊ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေး၊ သွားလာမှုအဆင်ပြေစေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးစတဲ့ ပြည်သူတို့ရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရန် ဘက်ပေါင်းစုံမှ ထည့်သွင်စဉ်းစားပြီး ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဟာ အခြေခံလိုအပ်ချက်ဖြစ်သကဲ့သို့ အနာဂတ်မှာမြို့ပြများရဲ့ စနစ်ကျနမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း များစွာအရေးပါလာမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာလူဦးရေရဲ့ ၅၂.၁ ရာခိုင်နှုန်းဟာ မြို့ပြမှာနေထိုင်သူတွေဖြစ်ပါတယ်။ အာရှနဲ့ အရှေ့တောင်အာရှမှာတော့ လူဦးရေ သန်း (၆၀၀) ရှိတဲ့အနက် မြို့ပြမှာနေထိုင်သူဟာ ၄၄.၇ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ မြို့ပြမှာနေထိုင်သူဟာ ၃၂.၆ ရာခိုင်နှုန်းခန့် ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။

ရန်ကုန်မြို့ဟာ တစ်နိုင်ငံလုံးလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်၊ အထက်အောက်ထွက်ကုန်ဆုံတဲ့ မြို့ဖြစ်တဲ့အတွက် မြန်မာနိုင်ငံစီးပွားရေးရဲ့ အရေးကြီးတဲ့ မောင်းနှင်အားတစ်ရပ်ဖြစ်ပါတယ်။ အနာဂတ်မှာ အာရှဒေသရဲ့ အဆင့်အတန်းမီမြို့ကြီးတစ်မြို့ဖြစ်လာနိုင်တဲ့ အလားအလာများစွာရှိပါတယ်။ တစ်ချိန်ကဆိုရင် အာရှမှာ စံထားရတဲ့မြို့ တစ်မြို့ ဖြစ်ပါတယ်။

အလားတူ မန္တလေးမြို့ဟာဆိုရင်လည်း နိုင်ငံတော်ရဲ့ဗဟိုချက်မမှာ တည်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နဲ့ ကုန်သွယ်မှုအချက် အခြာကျတဲ့မြို့ကြီးတစ်မြို့ ဖြစ်လာမှာ ဖြစ်ပါတယ်။ ရန်ကုန်နဲ့မန္တလေးနှစ်ရပ် ပေါင်းဟာ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကျော် ရှိပြီး တစ်မျိုးသားလုံးအသားတင် ထုတ်လုပ်မှုတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းရှိတဲ့အတွက် ဒီမြို့ကြီးနှစ်မြို့ကို စံနမူနာထားပြီး ကျန်တဲ့ တိုင်းဒေသကြီးများနဲ့ ပြည်နယ်များရှိုမြို့များကိုလည်း မြို့ ပြအင်္ဂါရပ်နဲ့ညီအောင် ယခုကတည်းက မြို့ပြစီမံချက်များရေးဆွဲပြီး အနာဂတ်အတွက် မျှော်မှန်း တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

သို့သော်လည်း ဒီမြို့ကြီးနှစ်မြို့မှာ ဒီကနေ့ လျှပ်စစ်မီးမလုံလောက်မှု၊ သန့်ရှင်းသော သောက်သုံးရေမလုံလောက်မှု၊ ရေဆိုးစွန့်ထုတ်စနစ်မပြည့်စုံမှု၊ နေထိုင်သွားလာရေး အဆင်မပြေမှု၊ သဘာဝပတ်ဝန်းကျင် လေထုညစ်ညမ်းမှုစတဲ့ ပြဿနာတွေရှိနေတဲ့အတွက် ဒီပြဿနာတွေကို ကျွန်တော်တို့ အရင်ဆုံး ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ ကိုယ့်ခွန်ကိုယ့်အားနဲ့တင်မရနိုင်ပါဘူး။ ကျွန်တော်တို့မှာ အရင်းအနှီး လိုအပ်ချက်၊ နည်းပညာလိုအပ်ချက်နဲ့ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်တွေ ရှိနေတဲ့ အတွက် ပြည်ပကရင်းနှီးမြုပ်နှံမှုတွေ၊ ပြည်ပကသက်သာသောချေးငွေတွေ၊ အထောက်အပံ့ငွေတွေ၊ လူ့စွမ်းအားမြှင့်တင်ပေးမည့် သင်တန်းအကူအညီတွေ ရယူရမှာ ဖြစ်ပါတယ်။

ဒီလိုရယူနိုင်ဖို့အတွက် ဒီကနေ့ အရှေ့အနောက်မခွဲခြားတဲ့ဆက်ဆံရေးကို ကျွန်တော်တို့ ထူထောင်နေခြင်းဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာကဲ့သို့ ကျဉ်းမြောင်းသွားပြီ ဖြစ်တဲ့အတွက် ကိုယ့်တစ်နိုင်ငံတည်း ထည်းထည်း နေလို့မရတော့တဲ့ အခြေအနေမှာ နိုင်ငံအားလုံးနဲ့ သင့်တင့်အောင် လိုက်လျော ညီထွေ ဆက်ဆံနေရပါတယ်။ နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံ အကျိုးစီးပွားအတွက် ဆက်ဆံနေတာဖြစ်လို့ ကျွန်တော်တို့လည်း ကျွန်တော်တို့ နိုင်ငံအကျိုးစီးပွားအတွက် ဖြစ်ပေါ်လာနိုင်တဲ့အန္တရယ်ကိုသတိထားပြီး ဆက်ဆံနေခြင်း ဖြစ်ပါတယ်။ ဒီလိုဆက်ဆံခဲ့မှုကြောင့် ဒီကနေ့ ကျွန်တော်တို့ရရှိတဲ့အကျိုးအမြတ် ကတော့ ကမ္ဘာအလယ်မှာ တင့်တယ်လာယုံသာမက အလေးထားလေးစားခံရတဲ့ နိုင်ငံ ဖြစ်လာ ပါတယ်။

မြို့ပြများဖွံ့ဖြိုးတိုးတက်စေရန်အတွက်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး မြို့နေပြည်သူများရဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ မြို့ပြပတ်ဝန်းကျင်ကောင်း ဖြစ်ရေး၊ စက်မှုကိုအခြေခံတဲ့ အသေးစား၊ အလတ်စားစက်မှုကုန်ထုတ်လုပ်ငန်းများ ထူထောင်ရေး၊ လူများများ အလုပ်အကိုင်အခွင့်အလမ်းများရနိုင်တဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်သော အလုပ်ရုံစက်ရုံများထူထောင်ရေး၊ မြို့ပြအိမ်ယာများတည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် မြို့ပြအင်္ဂါရပ်နဲ့ညီအောင် ဒေသခံအစိုးရနဲ့ ပြည်သူလူထုအကြား ညှိနှိုင်းမှု ပုံစံများဖြင့် မူဝါဒများ ချမှတ်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒေသန္တရအုပ်ချုပ်မှုစနစ်အောက်မှာ မြူနီစီပယ် အဖွဲ့အစည်းကို ပြည်သူများရွေးချယ်ပေးတဲ့ ကိုယ်စားလှယ် အများစုနဲ့ စနစ်တကျ အမြန်ဖွဲ့ စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ မြုနီစီပယ်အက်ဥပဒေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတို့မှ ရေးဆွဲဆောင်ရွက် သွားကြရန် ဖြစ်ပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာစီမံချက်များ အမြန်ရေးဆွဲကြရန် ပြောကြားထားပြီး ဖြစ်ပါတယ်။ ကျေးရွာချင်းဆက်လမ်းများ၊ ကျေးရွာမှမြို့ပေါ်တက်သည့် လမ်းများ သွားလာဆက်သွယ်မှုလွယ်ကူအောင် အသစ်ဖောက်လုပ်ခြင်း၊ လမ်းဟောင်းကို ပြန်လည်ပြုပြင်ခြင်းများပြူလုပ်ရန်၊ ကျေးလက်စီးပွားရေးသည် လယ်ယာကုန်ထုတ် စိုက်ပျိုးမွေးမြူရေး အပေါ် အခြေခံတဲ့အတွက် လယ်ယာမြေစာရင်းများ၊ လယ်မဲ့ယာမဲ့ စာရင်းများ၊ အမှန်တကယ် မလုပ်ဘဲ ပစ်ထားသည့် လယ်ပျက်၊ ယာပျက်စာရင်းများ၊ အလုပ်လက်မဲ့စာရင်း များကို အမြန်ဆုံးကောက်ယူပြီး ကိုယ့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ့်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြိုနယ်အုပ်ချုပ်ရေးမှူးတို့အား တာဝန်ယူ၊ တာဝန်ခံစေပြီး စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြစ်ပါတယ်။

ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်များအားဖွဲ့ စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဘက်ဂျက်ခွဲဝေပေးခြင်း၊ ကိုယ့်ဒေသအတွင်း အခွန်အခများ ကောက်ခံခြင်း တို့အပြင်၊ ပြည်ပမှရရှိမည့်ချေးငွေနဲ့ အကူအညီ ပေးငွေများကိုလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အချိုးကျခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။ အလားတူ ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုများ ကိုလည်း မျှမျှတတဖြစ်အောင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ စီမံဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ပြောချင်တာကတော့ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်အောင် ကိုယ်ကိုယ်တိုင်၊ ကိုယ့်အစိုးရအဖွဲ့မှ တာဝန်ယူပြီး အပြိုင်အဆိုင်ကြိုးပမ်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း ဥပဒေနဲ့အညီ အရည်အချင်းရှိသူ၊ အဂတိ တရားကင်းရှင်းသူ၊ ရပ်ရွာအကျိုးကို အမှန်တကယ် ဆောင်ရွက်လိုသူများကို စနစ်တကျ အောက်ခြေမှရွေးချယ်ပေးစေပြီး ကိုယ့်ကျေးရွာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများ အကူအညီကိုရယူပြီး ကိုယ်တိုင်တာဝန်ယူ၊ တာဝန်ခံ၍ ဆောင်ရွက်ခိုင်းရမှာဖြစ်ပါတယ်။ ကျေးရွာများရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး တို့အပြင် တရားဥပဒေစိုးမိုးရေးကိုပါ ထိထိရောက်ရောက် ဆောင်ရွက်သွားစေရန် ဖြစ်ပါတယ်။

အဂတိလိုက်စားမှုဟာ အောက်ခြေအဆင့်ဆင့်မှာ နေရာတိုင်းလိုလို ရှိနေသေးတဲ့အတွက် တာဝန်ရှိသူအဆင့်ဆင့်တို့မှ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းသွားကြရမှာဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုဟာ ပေးသူရော ယူသူပါ အကျင့်ပျက်တဲ့ သိက္ခာမဲ့လုပ်ရပ်ဖြစ်တဲ့အပြင် အစိုးရရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူ ခြင်းများဖြင့် တားဆီးသွားကြရန်လိုအပ်ပါတယ်။ ဖြူစင်သန့်ရှင်းတဲ့ အစိုးရ တစ်ရပ်ဖြစ်ရေးအတွက် စွန်းထင်းနေတဲ့ဒီအမဲစက်ကို မိမိတို့အစွမ်းကုန်ချေဖျက် သွားကြဖို့ တိုက်တွန်းပါတယ်။ အောက်ခြေကဘယ်လိုပဲလုပ်လုပ်၊ လုပ်သမျှ အားလုံးဟာ အထက်အကြီးအကဲမှာသာတာဝန်ရှိတယ်လို့ ခံယူပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက် သွားကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်အောင် ခွဲဝေဆောင်ရွက်ရာမှာ တည်ငြိမ်အေးချမ်းရေး၊ လူ့အဖွဲ့ အစည်းလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ အဓိက လိုအပ်ချက်တစ်ရပ်ဖြစ်တဲ့အတွက် ကိုယ့်ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုရှိအောင်၊ လူ့အဖွဲ့အစည်းလြုံခုံအောင်၊ တရားဥပဒေစိုးမိုးအောင်၊ ဥပဒေများနဲ့အညီ ထိရောက်စွာ ဆောင်ရွက် သွားကြရန်နှင့် ခေတ်စနစ်နဲ့အညီ လူမျိုးစုတစ်စုနဲ့တစ်စု သဟဇာတဖြစ်ရေး၊ အတူတကွ ပူးပေါင်းနေထိုင်ရေး၊ လူမျိုးဘာသာ၊ ယောကျာ်းမိန်းမ မခွဲခြားဘဲ လူ့အခွင့်အရေးများကို နယ်ပယ်ကဏ္ဍအသီးသီးမှာ လေးစားလိုက်နာရေးတို့ကို အထူး အလေးထားပြီး ဆောင်ရွက်ကြရန်လိုအပ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် ရန်ကုန်မြို့နဲ့ မန္တလေးမြို့ တို့ရဲ့ City Plan ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစီအစဉ်များကို လေ့လာပြီး မိမိတို့ ဒေသရှိ မြို့များ၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းဆောင်ရွက် သွားကြရန် ဖြစ်ပါတယ်။

 
MYANMAR GAZETTE - မီးပြတိုက်