နိုင်ငံတော် သမ္မကြီး၏ မြစ်ဆုံစီမံကိန်းဆိုင်ရာ သဝဏ်လွှာ

Friday, September 30, 2011

သို့

ဥက္ကဋ္ဌ

ပြည်သူ့လွှတ်တော်/ အမျိုးသားလွှတ်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အကြောင်းအရာ။ သဝဏ်လွှာပေးပို့ခြင်း

၁။ ပထမအကြိမ် ပြည်သူ့လွှတ်တော်/ အမျိုးသား လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို ပြည်သူတို့၏ အကျိုးငှာ အားသွန်ခွန်စိုက် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့ လွှတ်တော်/ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။ တစ်ချိန်တည်း၌ပင် မိမိတို့ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ အနေဖြင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ်များထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက် ရှိပါသည်။

၃။ တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ တူညီသော မျှော်မှန်းချက်သည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုးရေးတို့ ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရသည် တိုင်းရင်းသား ပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးအတွက် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆက်သွယ်ကမ်းလှမ်း ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးဒေသ(၂) ''ဝ''အဖွဲ့နှင့် အထူးဒေသ(၄) အဖွဲ့တို့သည် ပြည်နယ်အဆင့် သဘောတူညီချက်များ ရရှိခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများပင် စတင် ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါသည်။ အချို့အဖွဲ့ များသည်လည်း ပြည်နယ် အစိုးရများထံ ငြိမ်းချမ်းရေး ရယူရန် ဆက်သွယ် ဆောင်ရွက်မှုများ ရှိနေပါသည်။

၎။ တစ်ချိန်တည်း၌ပင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား တိုင်းရင်းသားများ အားလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသသို့ ပြန်လာလိုပါက ပြန်လာနိုင်ရန် စိစစ်လက်ခံခဲ့ရာ တချို့ ပြန်လာနေကြပြီ ဖြစ်ပါသည်။ အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စများကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာ အတွင်းမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ အမျိုးသား အကျိုးစီးပွား အတွက် ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ပါတီအချို့နှင့် အင်အားစုအချို့ တို့သည် အစိုးရ အခက်အခဲ အကျပ်အတည်း တွေ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ကြံရွယ်၍ လှုပ်ရှားလုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရ ပါသည်။

၅။ တိုင်းပြည် ခေတ်မီဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးကို အရှိန်အဟုန်မပျက် တိုးတက်အောင် ဆောင်ရွက်ရင်း စက်မှုနိုင်ငံ ထူထောင်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် စက်မှုနိုင်ငံ ထူထောင်နိုင်ရန် လျှပ်စစ်စွမ်းအင် လိုအပ်ချက်သည် အဓိကကျပါသည်။ လျှပ်စစ်စွမ်းအင် ရရှိနိုင်သည့် နည်းလမ်းများအနက် အဏုမြူစွမ်းအင် ထုတ်လုပ်သုံးစွဲရေးမှာ ကမ္ဘာ့ဖြစ်စဉ်များအရ အန္တရာယ် ကြီးမားလှသည့် အပြင် ငွေကြေး မပြည့်စုံမှု၊ နိုင်ငံရေးအရ အများသူငါ လက်မခံမှု တို့ကြောင့် မိမိတို့နိုင်ငံအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ကျောက်မီးသွေးသယံ ဇာတမှာလည်း တစ်နိုင်ငံလုံးအတွက် လုံလောက်မှု မရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ အသိပင် ဖြစ်ပါ ၆။ မြန်မာ့ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ ထွက်ရှိသော်လည်း ပြည်ပ အရင်းအနှီးများဖြင့် ထုတ်လုပ်သည့် ကိစ္စဖြစ်၍ မိမိတို့ လိုအပ်သလောက် မရနိုင်ဘဲ အချို့အဝက်သာ ခွဲဝေရရှိပါသည်။ ပြည်ပ ချေးငွေဖြင့် အရင်းအနှီးအချို့ ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည် ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများ အရစ်ကျ ပေးဆပ်နေရသည့် အခြေအနေ ဖြစ်ပါသည်။ ကုန်းတွင်း၌ သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်နေသော်လည်း ပြည်တွင်းသုံးစွဲရန် အတွက်ပင် လုံလောက်မှု မရှိသေးပါ။

၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲဖြစ်သော ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် သဘာဝက ပေးထားသော မြစ်ချောင်းများ ရှိနေသဖြင့် အဆိုပါ မြစ်ချောင်းများမှ ပြည်တွင်း ပြည်ပအရင်းအနှီးများ ရယူ၍ လျှပ်စစ် ဓာတ်အားထုတ်ယူ နိုင်ရေးအတွက် တပ်မတော်အစိုးရ လက်ထက်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခင်က ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ (၂) ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၇) ရုံသာရှိခဲ့ပြီး စုစုပေါင်း စက်တပ်ဆင်အား (၅၂၉) မဂ္ဂါဝပ်သာရှိခဲ့ရာမှ နောက်ထပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ(၂၃)ရုံ၊ စက်တပ်ဆင်အား (၂၈၃၁) မဂ္ဂါဝပ် တိုးတက် ဆောင်ရွက်ခဲ့ပါသည်။

၈။ နှစ် (၃ဝ) လျှပ်စစ် မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ် စီမံကိန်း (၆၄) ခုနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ (၃)ခု အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အား မဂ္ဂါဝပ် (၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများ ရှိပါသည်။ အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ မြစ်ညာ မြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံ စီမံကိန်း(၈)ခု အပါအဝင် ဖြစ်ပါသည်။

၉။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ငွေကြေး အရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန် စတင်ခဲ့ရာ ယခုအခါတွင် အဆိုပါမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထု အတွင်း အောက်ပါ စိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပါသည်-

(က)

ကချင်ပြည်နယ် အတွက်သာမက မြန်မာနိုင်ငံ အတွက်ပါ သဘာဝက ပေးထားသော (Land Mark) ဖြစ်သည့် မြစ်ဆုံ သဘာဝအလှအပ ပျောက်ကွယ်သွားနိုင်ခြင်း၊

(ခ)

မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေနစ်မြုပ်၍ ၄င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံး ပျက်စီးသွားနိုင်ခြင်း၊

(ဂ)

ပုဂ္ဂလိကများမှ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်၍ စီးပွားဖြစ်စိုက်ပျိုးထားသည့် ရော်ဘာ စိုက်ခင်းများနှင့် ကျွန်းစိုက်ခင်းများ ပျက်စီးသွားနိုင်ခြင်း၊

(ဃ)

ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်များ အရည်ပျော်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံ ဆည်ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကျေပျက်စီးမှုရှိနိုင်ခြင်း၊

(င)

ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်ခြင်း စသည်ဖြင့် ပြည်သူအချို့မှ စိုးရိမ်ပူပန်မှု ရှိနေကြသည်ကို မိမိတို့ ကြားသိနေရပါသည်။

၁ဝ။ မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ် တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိ ပါသည်။ သို့ပါ၍ မိမိတို့ အစိုးရ လက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင် သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူ လက်ခံအောင် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။

(သိန်းစိန်)

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


ရက်စွဲ။ ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
နေရာ။ ။ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ခန်းမ၊ နေပြည်တော်

အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့်  ဥပဒေပြဋ္ဌာန်း

Thursday, September 29, 2011

အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့်  ဥပဒေပြဋ္ဌာန်း

အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ

(၂ဝ၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁။)

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်

(၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ (က) အမြတ်ခွန်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ခ) ဤဥပဒေသည် ၂ဝ၁၁-၂ဝ၁၂ စည်းကြပ်နှစ်အတွက်မှစ၍ အာဏာတည်စေရမည်။

၃။

(က)

၂ဝ၁၁-၂ဝ၁၂ စည်းကြပ်နှစ်အတွက်မှစ၍ အမြတ်ခွန်ဥပဒေအရ စည်းကြပ်ရန် ကိစ္စရပ်များကို ဝင်ငွေခွန် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရမည်။


( ခ )

ပုဒ်မခွဲ (က)အရ ဆောင်ရွက်ရာတွင် အခွန်ထမ်းက အမြတ်ခွန်ဥပဒေပုဒ်မ ၁၂ အရ ပေးသွင်းထားသော အခွန်ကို ခုနှိမ်ပေးရမည်။

၎။ ၂ဝ၁၁-၂ဝ၁၂ စည်းကြပ်နှစ်မတိုင်မီက အမြတ်ခွန်ဥပဒေအရ စည်းကြပ်ရန် ကိစ္စရပ်များနှင့် ဆောင်ရွက်ဆဲ ကိစ္စရပ်များကို အမြတ်ခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆက်လက် ဆောင်ရွက်ရမည်။

၅။ အမြတ်ခွန်ဥပဒေပုဒ်မ ၁၉ အရ ခွင့်ပြုသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များသည် ဝင်ငွေခွန် ဥပဒေအရ ခွင့်ပြုသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ အဖြစ် ဆက်လက် အကျိုးသက်ရောက် စေရမည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေကို

ပြင်ဆင်သည့် ဥပဒေ

(၂ဝ၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂။)

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်

(၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်)

ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေတွင် ပါရှိသော “President of the Republic of the Union of Myanmar may ” ဆိုသည့် စကားရပ်ကို “ Ministry of Finance and Revenue of the Union Government may, with the approval of the Union Government” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။ မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (၉)ကို အောက်ပါအတိုင်း အစားထိုးရမည် -

“(9)

Collector includes any Revenue Officer and any officer delegated by the Director General of the Internal Revenue Department;”

၎။ မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေပုဒ်မ ၉ တွင်-

(က) ပုဒ်မခွဲ (က)၏နောက်၌ ပုဒ်မခွဲ (ခ)ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -

“(b)

amend or enhance all or any of the amounts or values, description of instruments and proper stamp duties mentioned in this Act including Schedule 1 annexed thereto, and”

( ခ ) ပုဒ်မခွဲ (ခ)ကို ပုဒ်မခွဲ (ဂ) အဖြစ် ပြန်လည် အမှတ်စဉ်ရမည်။

၅။ မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေပုဒ်မ ၂ဝ ကို အောက်ပါအတိုင်း အစားထိုးရမည် -

“Duty for

any money

expressed in foreign currencies”

“20. Where an instrument is chargeable with ad valorem duty in respect of any money expressed in any currency other than that of the Republic of the Union of Myanmar, such duty shall be payable in that foreign currency at the rate of one par centurm on such amount or value instead of any proper stamp duty mentioned in schedule 1 annexed in this Act”

၆။ မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၄၉ တွင်ပါရှိသော “by the President of the Republic of tne Union of Myanmar” ဆိုသည့် စကားရပ်ကို “by the Ministry of Finance and Revenue of the Union Government, with the approval of the Union Government” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၇။ မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၇ဝ၊ ပုဒ်မခွဲ(၁)ကို အောက်ပါအတိုင်း အစားထိုးရမည်-

“Institution and conduct of prosecutions.”

“70.(1) No Prosecution in respect of any offence punishable under this Act shall be instituted without the prior sanction of the Ministry of Finance and Revenue of the Union Government.”

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်သည့်  ဥပဒေပြဋ္ဌာန်း

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂ဝ၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃။)

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်

(၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်)

ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ကုန်သွယ် လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေသည် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် အတွက်မှစ၍ အကျိုး သက်ရောက်စေရမည်။

၃။ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေတွင် ပါရှိသော ''ပြည်နယ် သို့မဟုတ် တိုင်းအခွန် ဦးစီးဌာနမှူး''ဆိုသည့် စကားရပ်ကို ''တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန် ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူး'' ဆိုသည့် စကား ရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၎။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၃ တွင်-

(က)

ပုဒ်မခွဲ(ဃ)၌ ပါရှိသော ''ပြည်ထောင်စု အစိုးရက'' ဆိုသည့် စကားရပ်ကို ''ပုဒ်မ ၆ အရပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက'' ဆိုသည့်  စကားရပ်ဖြင့် အစားထိုးရမည်။

(ခ)

ပုဒ်မခွဲ(င)ကို အောက်ပါအတိုင်း အစားထိုးရမည် -


''(င)

ရောင်းရငွေဆိုသည်မှာ ကုန်စည်ကို လက်ငင်းဖြစ်စေ၊ ကြွေးဖြင့်ဖြစ်စေ၊ အခြားဆိုင်းငံ့ စနစ်ဖြင့် ဖြစ်စေ၊ ကြိုတင် အရောင်းစနစ်ဖြင့် ဖြစ်စေ ရောင်းချ၍ ရငွေသို့မဟုတ် ရရန်ငွေကို ဆိုသည်။ ကုန်စည်ချင်း လဲလှယ်ခြင်း ဖြစ်လျှင် ယင်းသို့ ပြုလုပ်ရာတွင် သတ်မှတ်သည့် တန်ဖိုးကို ဆိုသည်။ ယင်းစကားရပ်တွင် ကုန်စည်ကို ထည့်သွင်း ထုပ်ပိုးသော ပစ္စည်း တန်ဖိုးလည်း ပါဝင်သည်။''

(ဂ)

ပုဒ်မခွဲ(တ)၏ နောက်၌ ပုဒ်မခွဲ(ထ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် -


''(ထ)

မြို့နယ် အခွန်ဦးစီးဌာနမှူး ဆိုသည်မှာ ဤဥပဒေအရ အခွန်ထမ်းက ပေးဆောင်ရမည့် အခွန်ကို စည်းကြပ် ကောက်ခံရန် တာဝန် ပေးထားသည့် သက်ဆိုင်ရာ မြို့နယ် အခွန် ဦးစီးဌာနမှူးရုံး၏ တာဝန်ခံ အရာရှိကို ဆိုသည်။ ယင်းစကားရပ်တွင် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး၌ အခွန်စည်းကြပ် ကောက်ခံရန် တာဝန်ပေးအပ်ထားသော ဦးစီးအရာ ရှိများလည်း ပါဝင်သည်။''

၅။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၇ တွင်ပါရှိသော ''ဝန်ဆောင်မှုရငွေ'' ဆိုသည့် စကားရပ်ကို ''ဆောင်ရွက်သည့် ဝန်ဆောင်မှု'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၆။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၈ တွင်-

(က)

''ပြည်ထောင်စု အစိုးရသည်'' ဆိုသည့် စကားရပ်ကို ''ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနသည်'' ဆိုသည့် စကားရပ်ဖြင့် အစား ထိုးရမည်။

(ခ)

ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၂)၌ပါရှိသော ''စတင်သောနှစ်အပါအဝင် တစ်ဆက်တည်းသုံးနှစ်အထိ'' ဆိုသည့် စကားရပ်ကို ''စီးပွားဖြစ် စတင်သောနေ့မှ တစ်ဆက်တည်း၃၆ လအထိ'' ဆိုသည့် စကားရပ်ဖြင့် အစား ထိုးရမည်။

၇။ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ)တို့တွင် ပါရှိသော ''အခွန်ကျသင့်သော'' ဆိုသည့် စကားရပ် အသီးသီးကို ပယ်ဖျက်ရမည်။

၈။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၄ တွင်-

(က)

ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည် -


''(ဂ)

အခွန်ထမ်းတင်ပြသော စာရင်း အထောက် အထားများမှ ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေကို မှန်ကန်စွာ မရရှိနိုင်လျှင် မြို့နယ် အခွန်ဦးစီးဌာနမှူးသည် လိုအပ်သော အခြားသက်သေခံ အထောက်အထားများကို စိစစ်ပြီး အခွန်စည်းကြပ်ရမည် ။''

(ခ)

ပုဒ်မခွဲ(ဂ)၏နောက်၌ ပုဒ်မခွဲ(ဃ)အဖြစ် အောက်ပါ အတိုင်း ဖြည့်စွက်ရမည် -


''(ဃ)

အခွန်ထမ်းက နှစ်ချုပ် ကြေညာလွှာ ပေးပို့ရန်၊ စာရင်း အထောက်အထား တင်ပြရန် သို့မဟုတ် လာရောက် အစစ် အဆေးခံရန် ပျက်ကွက်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ရရှိထားသော သတင်း အချက်အလက်များကို အခြေပြု၍ အခွန်ကို ခန့်မှန်း စည်းကြပ် နိုင်သည်။ အခွန် မစည်းကြပ်မီ မည်သူ့ကိုမဆို ခေါ်ယူ စစ်ဆေးခြင်း၊ လိုအပ်သည့် သတင်း အချက်အလက်များ တောင်းယူခြင်းကို ပြုလုပ်နိုင်သည်။''

၉။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)နှင့် (ဃ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် -

''(က) ပြည်ပသို့အပြီးအပိုင်ထွက်ခွာသွားမည့်သူ၊

( ခ ) လုပ်ငန်းရပ်စဲသူ၊

( ဂ ) ဖျော်ဖြေမှုကျင်းပသူ။''

၁ဝ။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၁၉ တွင်-

(က) ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်းအစားထိုးရမည် -

''(က) အခွန်ထမ်းက မကျေနပ်လျှင် အောက်ပါသူများထံ အယူခံဝင်နိုင်သည်-

(၁)

အခွန် ကျပ်သုံးသောင်းထက် ပိုလျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အခွန် ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးဌာနမှူး၊

(၂)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူး၏ ဆုံးဖြတ်ချက်ဖြစ်ပြီး အခွန် ကျပ်တစ်သိန်းထက် ပိုလျှင် အခွန်အယူခံ ခုံအဖွဲ့၊

(၃)

အခွန်အယူခံခုံအဖွဲ့၏ ဆုံးဖြတ်ချက်မှ ပေါ်ပေါက်သည့် ဥပဒေရေးရာ ပြဿနာနှင့် စပ်လျဉ်းလျှင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊''

(ခ) ပုဒ်မခွဲ(စ)ကို အောက်ပါအတိုင်း အစားထိုးရမည် -

''(စ)

အခွန်သည် ကျပ် သုံးသောင်းထက် မပိုလျှင် မြို့နယ် အခွန်ဦးစီးဌာနမှူး၏ အမိန့်သည် လည်းကောင်း၊ အခွန်သည် ကျပ်တစ်သိန်းထက် မပိုလျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူး၏ ဆုံးဖြတ်ချက်သည် လည်းကောင်း၊ အခွန်သည် ကျပ်တစ်သိန်း အထက်ဖြစ်ပြီး ဥပဒေရေးရာ ပြဿနာ မပေါ်ပေါက်လျှင် အခွန် အယူခံခုံအဖွဲ့၏ အဆုံးအဖြတ်သည် လည်းကောင်း အပြီးအပြတ် ဖြစ်စေရမည်။

၁၁။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင်-

(က)

ပုဒ်မ ၂၁ ၌ပါရှိသော ''တစ်ဆယ် ရာခိုင်နှုန်းထက် မပိုသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင် စေနိုင်သည်'' ဆိုသည့် စကားရပ်ကို ''တစ်ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်စေရမည်'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ခ)

ပုဒ်မ ၂၁-က ၌ပါရှိသော ''ပြည်ထောင်စု အစိုးရက'' ဆိုသည့် စကားရပ်ကို ''ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနက'' ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း၊ ''ကျသင့်အခွန်၏ တစ်ဆယ် ရာခိုင်နှုန်းထက် မပိုသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်စေနိုင်သည်'' ဆိုသည့် စကားရပ်ကို ''ကျသင့်အခွန်၏ တစ်ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်စေရမည်'' ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း အစားထိုးရမည်။

၁၂။ ကုန်သွယ် လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၂ တွင် -

(က)

ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၃)၌ပါရှိသော ''တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးထောင်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အပြစ်ပေးနိုင်သည်'' ဆိုသည့်စကားရပ်ကို ''တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်းခံရမည်'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ခ)

ပုဒ်မခွဲ(ခ)၌ပါရှိသော ''သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သောင်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ အပြစ်ပေးနိုင်သည်'' ဆိုသည့်စကားရပ်ကို ''သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၃။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၇ တွင် ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည် -

''(က)

ကုန်စည်တစ်မျိုးမျိုးကိုရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှုတစ်ရပ်ရပ် ဆောင်ရွက်ခြင်းအတွက် နိုင်ငံခြားငွေရရှိလျှင် ယင်းနိုင်ငံခြားငွေအပေါ် ကျသင့်စေရမည့် အခွန် နှုန်းကို သတ်မှတ်နိုင်သည်။''

၁၄။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၈၊ ပုဒ်မခွဲ(ခ)ကို အောက်ပါအတိုင်း အစားထိုးရမည် -

''(ခ)

ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ရငွေအမျိုးအစား တစ်ရပ်ရပ် အတွက် ဖြစ်စေ၊ အခွန်ထမ်း အမျိုးအစား တစ်ခုခုအတွက် ဖြစ်စေ ဤဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ(ခ)အရ တောင်းခံသည့်အခါ တင်ပြနိုင်ရန် မည်သည့် အချက်အလက်များပါဝင်သည့် စာရင်းများ ထားရှိရမည်ကို အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်နိုင်သည်။''

၁၅။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၉ ကို အောက်ပါအတိုင်း အစားထိုးရမည် -

''၂၉။

ဤဥပဒေပါပြဋ္ဌာန်းချက်များ ထမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည်-


(က)

လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။


( ခ )

လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။''

၁၆။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၃၁ နှင့် ပုဒ်မ ၃၂ တို့ကို ပယ်ဖျက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်  ဥပဒေပြဋ္ဌာန်း

ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂ဝ၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄။)

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်

(၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်)

ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေသည် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် အတွက်မှစ၍ အကျိုး သက်ရောက်စေရမည်။

၃။ ဝင်ငွေခွန်ဥပဒေတွင် ပါရှိသော -

(က)

''စည်းကြပ်မှုအဖွဲ့''ဆိုသည့် စကားရပ်ကို ''မြို့နယ်အခွန် ဦးစီးဌာနမှူး'' ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

(ခ)

''ပထမ အယူခံအဖွဲ့''ဆိုသည့် စကားရပ်ကို ''တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးဌာနမှူး'' ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

(ဂ)

''ဒုတိယအယူခံအဖွဲ့''ဆိုသည့် စကားရပ်ကို ''အခွန်အယူခံခုံအဖွဲ့'' ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၎။ ဝင်ငွေခွန် ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ည)ကို အောက်ပါအတိုင်း အစားထိုးရမည် -

''(ည)

ပုဂ္ဂိုလ်စု ဆိုသည်တွင် အစုစပ်လုပ်ငန်း၊ ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်း၊ ကုမ္ပဏီ၊ တစ်ဦးချင်း ပုဂ္ဂိုလ်တို့ စုပေါင်းထားသည့် အဖွဲ့အစည်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မှတ်ပုံတင်၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့၊ သမဝါယမအသင်းနှင့် နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ ပါဝင်သည်။''

၅။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဒ)၏ နောက်တွင် ပုဒ်မခွဲ(ဓ)၊ ပုဒ်မခွဲ(န)တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

''( ဓ )

မြို့နယ် အခွန်ဦးစီးဌာနမှူး ဆိုသည်မှာ ဤဥပဒေအရ အခွန်ထမ်းက ပေးဆောင် ရမည့်အခွန်ကို စည်းကြပ် ကောက်ခံရန် တာဝန် ပေးထားသည့် သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၏ တာဝန်ခံ အရာရှိကိုဆိုသည်။ ယင်းစကားရပ်တွင် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး၌ အခွန်စည်းကြပ် ကောက်ခံရန် တာဝန်ပေးအပ်ထားသော ဦးစီးအရာရှိများလည်း ပါဝင်သည်။

(န)

ပျက်ကွက်သူဆိုသည်မှာ အောက်ပါတို့ကိုဆိုသည် -


(၁)

ဤဥပဒေအရ တောင်းခံထားသည့် အခွန်အားလုံးကို ဖြစ်စေ၊ တချို့တစ်ဝက် ကိုဖြစ်စေ သတ်မှတ်ထားသည့် သို့မဟုတ် တိုးမြှင့် သတ်မှတ် ပေးထားသည့် အချိန်ကာလအတွင်း ပေးဆောင်ရန် ပျက်ကွက်သူ၊


(၂)

ဤဥပဒေအရ သတ်မှတ်ထားသည့် အတိုင်း အခွန်ကို ပင်ရင်းမှ နုတ်ယူပေးသွင်းရန် ပျက်ကွက်သူ။''

၆။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆၊ ပုဒ်ခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) (ဂဂ)တွင် ပါရှိသော ''အခွန်ထမ်း သို့မဟု တ် အိမ်ထောင်ဖက်၏ အသက်အာမခံ'' ဆိုသည့် စကားရပ်အစား ''အခွန်ထမ်းနှင့် အိမ်ထောင်ဖက်၏ အသက်အာမခံ'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၇။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၇ တွင်ပါရှိသော ''ပြည်ထောင်စု အစိုးရသည်'' ဆိုသည့် စကားရပ်ကို ''ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနသည်'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၈။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၁ ပါ ရှင်းလင်းချက်ကို အောက်ပါအတိုင်း အစားထိုးရမည်-

''ရှင်းလင်းချက်။

စီးပွားရေးလုပ်ငန်း ဆိုသည်တွင် ငွေချေးသက်သေခံ လက်မှတ်များ၊ ငွေချေး စာချုပ်များ၊ ဒီဘင်ချာ လက်မှတ်များ အပါအဝင် အတိုးငွေရရန် အတွက် ငွေမြှုပ်နှံခြင်းတို့လည်း ပါဝင် သည်။''

၉။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(က)၏ နောက်တွင် ရှင်းလင်းချက်ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

''ရှင်းလင်းချက်။

မြေ သို့မဟုတ် မြေနှင့် အဆောက်အအုံ ငှားရမ်းခြင်း ဆိုရာတွင် ကိုယ်ပိုင် မဟုတ်သည့် မြေ သို့မဟုတ် မြေနှင့် အဆောက် အအုံအား ထပ်ဆင့် ငှားရမ်းခြင်းလည်း ပါဝင်သည်။''

၁ဝ။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၃ တွင် ပါရှိသော ''ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း'' ဆိုသည့် စကားရပ်အစား ''ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၁။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၅ ကို အောက်ပါအတိုင်း အစားထိုးရမည်-

''၁၅။

(က)

မည်သူမဆို နှစ်တစ်နှစ်အတွင်း အခွန် စည်းကြပ် ထိုက်သော စုစုပေါင်းဝင်ငွေ သို့မဟုတ် အခြေပစ္စည်းမှ မြတ်စွန်းငွေရှိလျှင် ထိုသို့ ဝင်ငွေရရှိချိန်၌ ဝင်ငွေခွန် ပေးဆောင်ရန် တာဝန်ရှိစေရမည်။


( ခ )

မည်သူ့အားမဆို နှစ်တစ်နှစ် အတွင်း အခွန် စည်းကြပ် ထိုက်သော စုစုပေါင်းဝင်ငွေ သို့မဟုတ် အခြေပစ္စည်းမှ မြတ်စွန်းငွေ ရှိသည်ဟု ယူဆလျှင် မြို့နယ်အခွန်ဦးစီး ဌာနမှူးသည် ရရှိထားသည့် သတင်း အချက် အလက်များပေါ် အခြေပြုလျက် ဝင်ငွေခွန် ပေးဆောင်ရန် တောင်းခံနိုင်သည်။''

၁၂။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆ တွင်-

(က)

ပုဒ်မခွဲ(က)၌ ''သို့ရာတွင် အခြေပစ္စည်းမှ မြတ်စွန်းငွေ ဖြစ်ပါက အခြေပစ္စည်းကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း အခွန် ပေးဆောင်ရမည်။''ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

(ခ)

ပုဒ်မခွဲ(င)၌ ပါရှိသော ''ပြည်ထောင်စု အစိုးရက အမိန့်ကြော် ငြာစာ ထုတ်ပြန်၍'' ဆိုသည့် စကားရပ်ကို ''ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ဂ)

ပုဒ်မခွဲ (ဆ)၌ ''ယင်းသို့ ပျက်ကွက်သည့် အတွက် ပေးဆောင်ရမည့် ဒဏ်ငွေကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ ထုတ်ပြန် သတ်မှတ် နိုင်သည်။'' ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

(ဃ)

ပုဒ်မခွဲ(ဇ)၌ ပါရှိသော ''တစ်ဆယ် ရာခိုင်နှုန်းထက် မပိုသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင် စေနိုင်သည်'' ဆိုသည့် စကားရပ်ကို ''တစ်ဆယ် ရာခိုင်နှုန်းနှင့် ညီမျှသော ငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်စေရမည်။'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၃။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၁၉ နှင့် ပုဒ်မ ၃၂ တို့တွင် ပါရှိသော ရှင်းလင်းချက်များကို ပယ်ဖျက် ရမည်။

၁၄။ ဝင်ငွေခွန် ဥပဒေတွင် ပုဒ်မ ၂၁၊ ပုဒ်မခွဲ(က)၊ ပုဒ် မ ၃၃ ၏ ရှင်းလင်းချက်၊ ပုဒ်မ ၃၅ ၏ ရှင်းလင်းချက်၊ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မ ၄၇၊ ပုဒ်မခွဲ(ဂ) နှင့် ပုဒ်မ ၅ဝ တို့တွင် ပါရှိသော ''ပြည်ထောင်စု အစိုးရ''ဆိုသည့် စကားရပ်ကို ''ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန''ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၁၅။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ(က)တွင် ပါရှိသော ''မြန်မာနိုင်ငံ အမြတ်ခွန် အက်ဥပဒေအရ ဖြစ်စေ၊ ဤဥပဒေအရ ဖြစ်စေ၊''ဆိုသည့် စကားရပ်ကို ''ဤ ဥပဒေအရ''ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၆။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၁ ကို အောက်ပါအတိုင်း အစားထိုးရမည်-

''၃၁။

ပြည်ထောင်စုအစိုးရသည်-


(က)

အခြားနိုင်ငံတစ်ခုခု သို့မဟုတ် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်း တစ်ခုခုနှင့် ဝင်ငွေခွန်ကိစ္စ ပါဝင်သော သဘောတူ စာချုပ်တစ်ရပ် ချုပ်ဆိုပါက ဤဥပဒေပါ အခြား ပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါရှိ စေကာမူ ယင်းစာချုပ်ပါ သဘော တူညီချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်ရမည်။


(ခ)

အဆိုပါစာချုပ်ကို နိုင်ငံတော် ပြန်တမ်းတွင် ထုတ်ပြန် ကြေညာနိုင်သည်။''

၁၇။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၂၊ ပုဒ်မခွဲ(ခ) နှင့် (ဃ)တို့တွင် ပါရှိသော ''အယူခံအဖွဲ့''ဆိုသည့် စကားရပ်ကို ''တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးဌာနမှူး''ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၁၈။ ဝင်ငွေခွန်ဥပဒေတွင်-

(က)

ပုဒ်မ ၃၃၊ ပုဒ်မခွဲ(ဂ)တွင် ပါရှိသော ''ငွေကျပ်တစ်ရာ''ဆိုသည့် စကားရပ်ကို ''ငွေကျပ် တစ်ထောင်''ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ခ)

ပုဒ်မ ၃၃-က တွင် ပါရှိသော ''ကျပ် ၅ဝဝ အထိ ဖြစ်လျှင်''ဆိုသည့် စကားရပ်ကို ''ကျပ်သုံးသောင်းထက် မပိုလျှင်''ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ ''ကျပ် ၁ဝဝဝဝ အထိ ဖြစ်လျှင်''ဆိုသည့် စကားရပ်ကို ''ကျပ်တစ်သိန်းထက် မပိုလျှင် ''ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အသီးသီး အစားထိုးရမည်။

(ဂ)

ပုဒ်မ ၃၈၊ ပုဒ်မခွဲ (ခ)တွင် ပါရှိသော ''ကျပ်တစ်သောင်းအထိ'' ဆိုသည့် စကားရပ်ကို ''ကျပ်တစ်သိန်းထက် မပိုသော'' ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၉။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၄၂ နှင့် ပုဒ်မ ၄၄တို့တွင် ပါရှိသော ''ပြည်ထောင်စု အစိုးရက တာဝန် လွှဲအပ်သော အဖွဲ့များသည်'' ဆိုသည့် စကားရပ်ကို ''မြို့နယ် အခွန်ဦးစီးဌာနမှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးဌာနမှူးတို့သည် လည်းကောင်း၊ ပုဒ်မ ၇ အရ ဖွဲ့စည်းသော အဖွဲ့နှင့် လွှဲအပ် တာဝန် ပေးအပ်ခြင်း ခံရသော ပုဂ္ဂိုလ်နှင့် အဖွဲ့များသည် လည်းကောင်း'' ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၂ဝ။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၄၃ ကို အောက်ပါအတိုင်း အစားထိုးရမည်-

''၄၃။

မြို့နယ်အခွန်ဦးစီးဌာနမှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အခွန်ဦးစီးဌာနမှူးနှင့် ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံးဌာနမှူးတို့သည် လည်းကောင်း၊ ပုဒ်မ ၇ အရ ဖွဲ့စည်းသော အဖွဲ့နှင့် လွှဲအပ်တာဝန် ပေးခြင်းခံရသော ပုဂ္ဂိုလ်နှင့် အဖွဲ့များသည် လည်းကောင်း ဤဥပဒေပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် တရားမ ကျင့်ထုံးဥပဒေအရ တရားရုံးသို့ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ရရှိစေရမည်။ ထို့ပြင် ယင်းပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့များအား လုပ်ငန်းဆိုင်ရာ တရားရုံးဖြစ်သည်ဟု မှတ်ယူရမည်။''

၂၁။ ဝင်ငွေခွန်ဥပဒေ ပုဒ် မ ၄၅ တွင် -

(က)

စာကိုယ်၌ပါရှိသော ''ယင်းအဖွဲ့'' ဆိုသည့် စကားရပ်ကို ''ယင်းပုဂ္ဂိုလ်'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ခ)

ပုဒ်မခွဲ(ခ)၏နောက်တွင် ပုဒ်ခွဲ(ဂ)နှင့်(ဃ)တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-


“(ဂ)

မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ)တို့ပါ ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူးထံ ကြိုတင်တင်ပြ၍ ခွင့်ပြုချက် ရယူပြီးမှ ဆောင်ရွက်ရမည်။ အရေးတကြီး ဆောင်ရွက်ရန်ကိစ္စ ပေါ်ပေါက်ပါက သက်ဆိုင်ရာမြို့နယ်တရားသူကြီးထံမှ ရှာဖွေဝရမ်းတောင်းခံ၍ ဆောင်ရွက်နိုင် သည်။ ယင်းသို့ဆောင်ရွက်ရာတွင် တွေ့ရှိချက်များကို မြို့နယ်တရားသူကြီးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူးတို့ထံ အမြန်ဆုံးအစီရင်ခံတင်ပြရမည်။


(ဃ)

ပုဒ်မခွဲ (က) နှင့် (ခ)တို့ပါ ကိစ္စ တစ်ရပ်ရပ်ကို ဆောင်ရွက်လျှင် သက်ဆိုင်သော အခွန်ထမ်း သို့မဟုတ် ၄င်း၏ ကိုယ်စားလှယ်နှင့် သက်သေ နှစ်ဦးတို့၏ရှေ့မှောက်တွင် ဖြစ်စေရမည်။''

၂၂။ ဝင်ငွေခွန်ဥပဒေတွင်-

(က)

ပုဒ်မ ၄၆၊ ပုဒ်မခွဲ(က)၌ ပါရှိသော ''သို့မဟုတ် အယူခံအဖွဲ့သည်'' ဆိုသည့် စကားရပ် နှင့် ပုဒ်မ ၄၇၊ ပုဒ်မခွဲ (က)၌ ပါရှိသော ''သို့မဟုတ် အယူခံအဖွဲ့က'' ဆိုသည့်စကားရပ် တို့ကို ပယ်ဖျက်ရမည်၊

(ခ)

ပုဒ်မ ၄၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁)တွင် ပါရှိသော ''ပုဒ်မ ၇ အရ ဖွဲ့စည်းထားသောအဖွဲ့'' ဆိုသည့်စကားရပ်နှင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၄၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၂) တွင် ပါရှိသော ''အဖွဲ့'' ဆိုသည့် စကားရပ်တို့ကို ''မြို့နယ်အခွန်ဦးစီးဌာနမှူးသည်'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၂၃။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၁ ကို အောက်ပါအတိုင်း အစားထိုးရမည်-

''၅၁။

ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည်-


(က)

လိုအပ်သော နည်းဥပဒေများနှင့် စည်းမျဉ်းများ၊ စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊


(ခ)

လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် နိုင်သည်။''

၂၄။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၂၊ ပုဒ်မခွဲ (ခ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

''(ခ)

ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ဝင်ငွေအမျိုးအစား တစ်ရပ်ရပ် အတွက်ဖြစ်စေ၊ အခွန်ထမ်းအမျိုးအစား တစ်ခုခုအတွက်ဖြစ်စေ မည်သည့် အချက်အလက်များ ပါဝင်သည့် စာရင်းပုံ စံများထားရှိရမည်ကို အမိန့်ကြော် ငြာစာ ထုတ်ပြန်၍ သတ်မှတ်နိုင်သည်။''

၂၅။ ဝင်ငွေခွန်ဥပဒေတွင် ပါရှိသော ''အခန်း (၁၈)၊ မြန်မာနိုင်ငံအမြတ်ခွန်အက်ဥပဒေ အကျိုး သက်ရောက်သည့် စည်းကြပ်နှစ်များ'' ဆိုသည့် စကားရပ်ကို ပယ်ဖျက်ပြီး ပုဒ်မ ၅၉ ကို အောက်ပါ အတိုင်း အစားထိုးရမည်-

''၅၉။

မြို့နယ်အလိုက် ပုဂ္ဂိုလ်တစ်ဦးချင်းထံမှ ကောက်ခံရရှိသည့်အခွန်အနက် ကျပ်ငွေဖြင့် ကောက်ခံရငွေကို ပြည်ထောင်စုအစိုးရအဖွဲ့က မြို့နယ်အလိုက် သတ်မှတ်သော ရာခိုင်နှုန်း အချိုးအတိုင်း သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေသို့ လွှဲပြောင်းပေးသွင်း နိုင်သည်။''

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
MYANMAR GAZETTE - မီးပြတိုက်