အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း

Tuesday, October 18, 2011

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂ဝ၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။)

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်

(၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေတွင်-


(က)

ပုဒ်မ ၇၄၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည်-



''၇၄။(က)

ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက် သို့မဟုတ် အမိန့် တစ်ခုခုကို မကျေနပ်သည့် လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရသူ အဖြစ် ပါဝင်ခဲ့ သူသည် သတ်မှတ် ထားသည့် ကာလ အတွင်း သတ်မှတ် ထားသည့် နည်းလမ်း အတိုင်း ကော်မရှင်သို့ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု လျှောက်ထား နိုင်သည်။ ပြင်ဆင်မှု လျှောက်ထားရာတွင် ဥပဒေရေးရာ ပြဿနာ ပေါ်ပေါက် မှသာ လျှောက်ထားခွင့် ရှိသည်။''


(ခ)

ပုဒ်မ ၈၈ ကို အောက်ပါ အတိုင်း အစားထိုးရမည်-



''၈၈။(က)

နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုဖြင့် ဖြစ်စေ၊ သေဒဏ် သို့မဟုတ် တစ်သက် တစ်ကျွန်းဒဏ် ထိုက်သော ပြစ်မှုဖြင့် ဖြစ်စေ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသဖြင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက် ရပ်တည် ပိုင်ခွင့် မရှိကြောင်း ကော်မရှင်က ကြေညာခြင်း ခံရသူသည် ယင်းသို့ ကြေညာသည့် နေ့မှစ၍ နောင်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲ များတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရ။



(ခ)

အခန်း(၁၃)ပါ ပြစ်မှုတစ်ရပ်ရပ်အရ ထောင်ဒဏ် ကျခံရသဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်း သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ကြောင်း ကော်မရှင်က ကြေညာခြင်း ခံရသူသည် ယင်းသို့ ကြေညာသည့် နေ့မှစ၍ လက်ရှိ လွှတ်တော် သက်တမ်းနှင့် နောက်လာမည့် လွှတ်တော် သက်တမ်း တစ်ခုအတွက် ကျင်းပသည့် ရွေးကောက်ပွဲများတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိစေရ။



(ဂ)

ပုဒ်မခွဲ (က) နှင့် (ခ) မှအပ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက် ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ပုဒ်မ ၇၄၊ ပုဒ်မခွဲ(ခ)သို့မဟုတ် ပုဒ်မ၇၅၊ ပုဒ်မခွဲ (ခ)အရ ကော်မရှင်က နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန် ကြေညာခြင်း ခံရသူသည် လည်းကောင်း၊ သတ်မှတ် ထားသည့် အတိုင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်း တင်သွင်းရန် ပျက်ကွက်သဖြင့် အရည်အချင်း ပျက်ယွင်းသည်ဟု ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ခံရပြီး ကော်မရှင်က အရည်အချင်း ပျက်ယွင်းသူဟု ကြေညာခြင်း ခံရသော လွှတ်တော် ကိုယ်စားလှယ် သို့မဟုတ် ရွေးကောက်ပွဲ ကိုယ်စားလှယ်သည် လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက် ခံရပြီးနောက် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ထောင်ဒဏ် ကျခံရသဖြင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ ကြောင်း ကော်မရှင်က ကြေညာခြင်း ခံရသော လွှတ်တော် ကိုယ်စားလှယ် သည် လည်းကောင်း ယင်းသို့ ကြေညာသည့် နေ့မှစ၍ လက်ရှိ လွှတ်တော် သက်တမ်း အတွင်း ကျင်းပသည့် ရွေးကောက်ပွဲ များတွင် လွှတ်တော် ကိုယ်စားလှယ် လောင်း အဖြစ် ပါဝင် ယှဉ်ပြိုင်ခွင့် မရှိစေရ။''

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။




(ပုံ) သိန်းစိန်




နိုင်ငံတော်သမ္မတ




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

0 comments:

 
MYANMAR GAZETTE - မီးပြတိုက်