Monday, October 1, 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပမည့် (၆၇)
ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် ယနေ့ နံနက် (၉)
နာရီတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာသွားသည်။

ဒေသစံတော်ချိန် နံနက် (၁၀) နာရီ (၃၅) မိနစ်တွင် အမေရိကန် ပြည်ထောင်စု
နယူးယောက်မြို့ ဂျွန်အက်ဖ် ကနေဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့
ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၂၅) ရက် ညနေ ( ၆ ) နာရီ (၄၅) မိနစ်တွင်
ခေတ္တတည်းခိုသည့် The Mark ဟိုတယ် ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံ
နှုတ်ဆက်သည်။

စက်တင်ဘာ (၂၆) ရက် ညနေ (၃) နာရီတွင်
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ် ရှင်နာဝပ်အား ခေတ္တတည်းခိုသည့်
နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

စက်တင်ဘာ (၂၆) ရက် ညနေ (၄) နာရီတွင်
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ
ဟင်နရီကစ်ဆင်းဂျာအား ခေတ္တတည်းခိုသည့် နယူးယောက်မြို့ရှိ The Mark ဟိုတယ်
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး
မစ္စစ် ဟီလာရီကလင်တန်သည် စက်တင်ဘာ ၂၆ ရက် ညနေ ၅ နာရီ မိနစ် ၂၀ တွင်
နယူးယောက်မြို့ရှိ The Mark ဟိုတယ်သို့ လာရောက် တွေ့ဆုံသည်။

စက်တင်ဘာ (၂၆) ရက် ည(၇) နာရီတွင်
နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး၌
အဆိုပါ အဖွဲ့ရုံးမှ ဝန်ထမ်းများ၊ ဝါရှင်တန်မြို့ရှိ အမေရိကန်နိုင်ငံဆိုင်ရာ
မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများအား တွေ့ဆုံ သြဝါဒစကား
ပြောကြားခဲ့သည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌
ကျင်းပသည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်း
ပြောကြားခဲ့သည်။


နံနက်(၁၁)နာရီတွင် ကုလသမဂ္ဂ ဌာနချုပ် အဆောက်အဦ
နှစ်နိုင်ငံ အစည်းအဝေးခန်းမ၌ ဥရောပကောင်စီ ဥက္ကဌ H.E.Mr. Herman Vn Rompuy
နှင့် ဥရောပသမဂ္ဂအဖွဲ့ နိုင်ငံခြားရေးနှင့် လုံခြုံရေးကောင်စီ ကိုယ်စားလှယ်
Ms. Cathrine Ashton တို့အား လက်ခံ တွေ့ဆုံသည်။

နိုင်ငံတော်သမ္မတသည် နယူးယောက်မြို့တွင် ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာအား ဆက်လက် လက်ခံ တွေ့ဆုံခဲ့သည်။

စက်တင်ဘာ(၂၇)ရက် ဒေသစံတော်ချိန် ညနေ(၃)နာရီတွင် အမေရိကန်
ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း
ကိုယ်စားလှယ်အဖွဲ့ရုံး၌ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီဥက္ကဌနှင့်
အမေရိကန် ကုန်သည်ကြီးများ အသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံသည်။


စက်တင်ဘာ(၂၇)ရက် ဒေသစံတော်ချိန်
ညနေ(၅)နာရီ မိနစ်(၂၀)တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ Asia
Society အသင်းရုံး၌ အဆိုပါအသင်းမှ အသင်းဝင်များအား တွေ့ဆုံအမှာစကား
ပြောကြားသည်။

စက်တင်ဘာ(၂၈)ရက် ဒေသစံတော်ချိန်
နံနက်(၉)နာရီတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း
ကိုယ်စားလှယ်အဖွဲ့ရုံး၌ ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ အာရ်အက်ဖ်အေနှင့်
မြန်မာနေရှင်နယ်တီဗွီ တို့မှ သတင်းထောက်များအား လက်ခံတွေ့ဆုံသည်။

စက်တင်ဘာ(၂၈)ရက် နံနက်ပိုင်းတွင်
နယူးယောက်မြို့ရှိ မက်ထရိုပိုလီတန် အနုပညာပြတိုက် (The Metropolitan Museum
of Art) ကိုသွားရောက်ကြည့်ရှုလေ့လာသည်။

စက်တင်ဘာ(၂၈)ရက် ဒေသစံတော်ချိန်
ညနေ(၆)နာရီတွင် ခေတ္တတည်းခိုသည့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ The
Mark ဟိုတယ် ဧည့်ခန်းမ၌ မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းမှ ဥက္ကဌ
နှင့်အမှုဆောင်များအား လက်ခံတွေ့ဆုံသည်။

စက်တင်ဘာ(၂၈)ရက် ဒေသစံတော်ချိန်
ညနေ(၆)နာရီ (၄၅)မိနစ်တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ အမေရိကန်ပြည်ထောင်စု
သို့ရောက်ရှိနေသည့် မြန်မာမိသားစုများနှင့် တွေ့ဆုံသည်။

စက်တင်ဘာ(၂၉)ရက် ဒေသစံတော်ချိန်
နံနက်(၈)နာရီတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအား
နယူးယောက်မြို့ Sutton Place လမ်းရှိ ၄င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား BBC World News မှ Mr.Stephen Sackur က
စက်တင်ဘာ(၂၉)ရက် ဒေသစံတော်ချိန် နံနက်(၁၁)နာရီ(၁၅)မိနစ်တွင်
ခေတ္တတည်းခိုသည့် The Mark ဟိုတယ် ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံမေးမြန်းသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထာင်စု နယူးယောက်မြို့၌
ကျင်းပသည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး
ယနေ့နံနက် (၉)နာရီ (၅၅)မိနစ်တွင် ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်သို့
အထူးလေယာဉ် ဖြင့် ပြန်လည်ရောက်ရှိသည်။

0 comments:
Post a Comment