Showing posts with label နိုင်ငံတော် သမ္မတကြီး၏ သဝဏ်လွှာများ. Show all posts
Showing posts with label နိုင်ငံတော် သမ္မတကြီး၏ သဝဏ်လွှာများ. Show all posts

ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတ မှ ပေးပို့သည့် သဝဏ်လွှာ နှင့် နောက်ဆက်တွဲ

Monday, August 20, 2012







.

နိုင်ငံတော်သမ္မတကြီးမှ ပြည်သူ့လွှတ်တော် ဥက္ကဌထံ ပေးပို့သည့် သဝဏ်လွှာ


လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်း သတ်မှတ်ပေးရေးနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥက္ကဌက ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံသို့ သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့သည်။ ယင်းသဝဏ်လွှာပါ အကြောင်းအရာကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ပြည်သူလွှတ်တော် ဥကဌထံသို့သဝဏ်လွှာတစ်စောင် ယနေ့ပေးပို့သည်။

နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော် ဥက္ကဌထံသို့ပေးပို့သော သဝဏ်လွှာပါ ဖော်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရသည် ။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ကျနပ်လက်ခံနိုင်ခြင်း မရှိသဖြင့် သက်ဆိုင်သူများ အားလုံး အတွက် ထိခိုက်နစ်နာမှု အနည်းဆုံးဖြင့် သင့်မြတ်ပြီး တရားနည်းလမ်းကျသော ဆောင်ရွက်ချက်များ ဖြစ်လာစေရန် စေတနာကောင်းဖြင့် အကြံပြုပေးပို့ခြင်းအား ကျေးဇူးတင်ရှိပါသည်။

ပထမအချက်အနေဖြင့် နိုင်ငံတော်သမ္မတ၏ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က တင်သွင်းခဲ့သော တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန် အကြံပြုချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်ဟု သတ်မှတ် ပြောကြားနေခြင်းနှင့်စပ်လျဉ်း၍ အဆိုပါကော်မတီ ကော်မရှင်နှင့်အဖွဲ့တို့သည် ပြည်ထောင်စု အဆင့် အဖွဲအစည်းများ ဖြစ်လာပါက ပြည်ထောင်စုအဆင့်နှင့် လျော်ညီသည့် ငွေကြေးကိစများနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစရပ်များကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် စီမံဆောင်ရွက် ပေးရန် တာဝန်ရှိလာမည်ဖြစ်ပါသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ရန်လိုအပ်ပါသည်။ လွှတ်တော်အသီးသီးက ဖွဲ့စည်းထား သည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် အကျုံးဝင်ခြင်း ရှိ မရှိ တိကျ ရှင်းလင်းစွာ သိရှိနိုင်ရေးအတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည့် စကားရပ်ကို အနက်အဓိပါယ်ဖွင့်ဆိုပေးရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းမေးမြန်းခဲ့ခြင်းဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်ကို အနက်အဓိပါယ်ဖွင့်ဆိုပေးရန် နိုင်ငံတော် ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခဲ့ခြင်းသည် လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့မှ အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါ သည်။

ဤကိစနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း” ဆုံးဖြတ်ချက် ချမှတ်ပြီး ဖြစ်ပါသည်။

ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၃ တို့အရ အပြီးအပြတ် အတည်ဖြစ်ပါသည်။ ဤကိစမှာ စစ်ဆေးကြားနာဆဲ အဆင့်မဟုတ်ဘဲ ဆုံးဖြတ်ချက် ချမှတ်ပြီးသည့် အဆင့်ဖြစ်၍ တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန်မှာ တရားရုံးများ၏ အစဉ်အလာနှင့်လုပ်ထုံးလုပ်နည်းများအရ မည်သို့မျှမဖြစ်နိုင်ပါသဖြင့် ဤကိစအား အစိုးရအဖွဲ့ အပေါ် နားလည်နိုင်မည်ဟု ယုံကြည်ပါသည်။

ဒုတိယအချက်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင် များအား ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် မတိုင်မီ ၄င်းတို့၏ ဆန္ဒအလျှောက် တာဝန်မှ အနားယူစေရေးကိစနှင့်စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်သည် နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရန်နှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရန်အတွက်သာ အပ်နှင်းထားခြင်းဖြစ်ပါသည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြခံ ဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးအပ်ထားသော လုပ်ငန်း တာဝန်အရ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအားတာဝန်မှ အနားယူသွားစေရေး အတွက် နိုင်ငံတော်သမ္မတက ဆောင်ရွက်မည်ဆိုလျှင် ဥပဒေနှင့် ညီညွတ်မည်မဟုတ် သည့်အပြင် တရားမျှတမှုလည်းရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များကို တာဝန်မှ အနားယူစေရန်မှာလည်း ဆောင်ရွက်၍ မရနိုင်သည့်ကိစဖြစ်ပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့တွင် ပါဝင်သည့်ပုဂိုလ်များသည် နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဌ (၂)ဦးတို့မှ ရွှေးချယ်၍ ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ်ကြပါသည်။ ထိုပုဂိုလ်များ သည် ဥပဒေရေးရာကျွမ်းကျင်၍ နှစ်ပေါင်းများစွာ တရားစီရင်ရေး အတွေ့အကြုံရှိသူ များဖြစ်သည့်အပြင် အချို့သောပညာရှင်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသား ညီလာခံတွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်ပါသည်။

ဤဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ အပေါ်အမှားမှား အယွင်းယွင်းသော်လည်းကောင်း၊ ဘက်လိုက်၍ သော်လည်းကောင်း အဆုံးအဖြတ်ပေးကြမည့် ပုဂိုလ်များမဖြစ်နိုင်ဟု ယုံကြည်ပါသည်။

မိမိအပါအဝင် ပြည်သူ့ကိုယ်စားလှယ်အားလုံးသည် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာ ကျင့်သုံးဆောင်ရွက်ပါမည်။” ဟု လွှတ်တော်စတင်ကျင်းပစဉ်က ပြည်သူ့လွှတ်တော် သဘာပတိ၏ရှေ့မှောက်တွင် ကတိသစ္စာ သို့မဟုတ် ကျမ်းသစ်စာပြုထားကြသူများဖြစ် ကြပါသည်။ သို့ဖြစ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပုဒ်မ ၂၃ ပါ ပြဌာန်းချက်များအရ မိမိအနေဖြင့် လိုက်နာရမည်ဖြစ်ပါသည်။

မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးစ ကမ္ဘာ့အလယ်တွင် မျက်နှာ ပွင့်လန်းကာစ အခြေအနေတွင်သာ ရှိပါသေးသည်။ သို့ဖြစ်ပါ၍ လက်ရှိအခြေအနေတွင် ဤအငြင်းပွားမှုပြဿနာကြောင့် မြန်မာနိုင်ငံဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေး မဏိုင်ကြီး (၃) ရပ်လုံးမှ အကောင်အထည် ဖော်နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ အရှိန်အဟုန်လျော့နည်းရပ်တန့် သွားခြင်းမရှိစေရန်နှင့် ပြည်သူသန်း(၆၀)၏ မျက်နှာကို ထောက်ထား၍လည်းကောင်း၊ မိမိတို့မဏိုင်ကြီး(၃)ရပ်၏ စည်းလုံးညီညွတ်မှုကို မထိခိုက်စေရန်အတွက် လည်းကောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကစွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့် အစား ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှု မရှိစေဘဲ သင့်လျော်ကောင်းမွန်မည်ဟု ယူဆပါသည်။

သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ပြန်ကြား ပါသည်။

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာပေးပို့ခြင်း

Saturday, April 28, 2012



နိုင်ငံတော်သမ္မတထံသို့ ပြည်ထောင်စုလွှတ်တော်က ၂၀၁၂ ခုနှစ် မတ် ၂၈ ရက် ရက်စွဲဖြင့် သ၀ဏ်လွှာ (၁)စောင် ပေးပို့ခဲ့သည်။

အဆိုပါ သ၀ဏ်လွှာတွင် ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံမှ ၂၀၁၂ ခုနှစ် မတ် ၁၄ ရက် ရက်စွဲဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆောင်ရွက်ချက် အချို့နှင့် စပ်လျဉ်းသည့် သ၀ဏ်လွှာ(၁)စောင် ပေးပို့ခဲ့ပါကြောင်း၊ ယင်းသ၀ဏ်လွှာကိစ္စရပ်အပေါ် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ၂၀၁၂ ခုနှစ် မတ် ၂၃ ရက် တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တင်ပြ၍ ဆန္ဒရယူခဲ့ရာ ထောက်ခံဆန္ဒမဲ (၄၇၇)မဲ၊ ကန့်ကွက်ဆန္ဒမဲ (၃)မဲ၊ ကြားနေဆန္ဒမဲ (၇)မဲဖြင့် အစီရင်ခံစာပါ သဘောထား မှတ်ချက်များကို လွှတ်တော်က သဘောတူကြောင်း အတည်ပြု ဆုံးဖြတ်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက် အစီရင်ခံစာနှင့် စပ်လျဉ်းသည့် လွှတ်တော်၏ ဆုံးဖြတ်ချက်အား သုံးသပ် ဆောင်ရွက်နိုင်ပါရန် သ၀ဏ်လွှာ အဖြစ် ပေးပို့အပ်ပါကြောင်းဖြင့် ဖော်ပြပါရှိသည်။

အဆိုပါ သ၀ဏ်လွှာတွင် ပူးတွဲပါရှိသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းထံမှ ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ပေးပို့ခဲ့သော သ၀ဏ်လွှာ အပြည့်အစုံမှာ -

၁။ နိုင်ငံတော်၏ အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်လျက်ရှိသော ပြည်ထောင်စု အစိုးရ အဖွဲ့သည် အောက်ဖော်ပြပါ ကိစ္စများကို စိတ်ကောင်း စေတနာကောင်းဖြင့် ဆောင်ရွက်ခဲ့သော်လည်း ဥပဒေနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်ရန်လိုအပ်မည်ဟု ယူဆပါသည်။ အဆိုပါ ကိစ္စများမှာ -

(က)ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ချီးမြှင့်ငွေ ခံစားရေးအတွက် ဥပဒေဖြင့် အတိအကျ ပြဋ္ဌာန်း သတ်မှတ် ပေးခဲ့သော်လည်း အဆိုပါ ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ လစာများကို ဥပဒေအရ သတ်မှတ်ချက် အတိုင်းမဟုတ်ဘဲ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်က သတ်မှတ်ချက် အတိုင်း လျှော့ပေါ့ ခံစားနေခြင်း၊

(ခ)အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာ များကို တိုးမြှင့်ပေးခဲ့ခြင်း၊

(ဂ)အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ထိုကော်မရှင်ကို ဗဟိုအဆင့် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခြင်းနှင့် ထိုကော်မရှင်အတွက် ငွေကြေးသုံးစွဲရန် ဘတ်ဂျက် ဥပဒေကြမ်းတွင် ထည့်သွင်း ဖော်ပြထားခြင်းတို့ ဖြစ်ပါသည်။

၂။ အထက်ဖော်ပြပါ ဆောင်ရွက်ချက် များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အခြား တည်ဆဲ ဥပဒေများနှင့် အညီ ဆောင်ရွက်ထားခြင်း ရှိ မရှိ စိစစ်ပေးပါရန်၊ ဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်း မရှိပါက ဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် ပြည်ထောင်စု လွှတ်တော်က ကူညီဆောင်ရွက် ပေးစေလိုပါသည်။

၃။ နိုင်ငံတော် အစိုးရ အုပ်ချုပ်ရေး အဖွဲ့နှင့် နိုင်ငံတော် အစိုးရ ဥပဒေပြု အဖွဲ့ဖြစ်သော လွှတ်တော်များ၏ ဆောင်ရွက်ချက်များသည် တရားဥပဒေ စိုးမိုးရေးကို အလေးထား ဖော်ဆောင်နေကြောင်း ပေါ်လွင်ရမည် ဖြစ်ပါသည်။ အုပ်ချုပ်ရေးအဖွဲ့နှင့် လွှတ်တော်တို့၏ ဥပဒေနှင့်အညီ အစဉ်ပူးပေါင်း ဆောင်ရွက်နေမှုများက နိုင်ငံနှင့် ပြည်သူတို့အတွက် ရှေ့ဆောင်လမ်းပြ သာဓကယူဖွယ် စံနမူနာပြ အဖြစ် ပြသနိုင်မည် ဖြစ်ပါသည်။

၎။ သို့ဖြစ်ပါ၍ ဖော်ပြပါ ကိစ္စရပ်များအား သုံးသပ်ဆောင်ရွက် နိုင်ပါရန် သ၀ဏ်လွှာ ပေးပို့အပ်ပါသည် ဟူ၍ ဖြစ်သည်။
အလားတူ အဆိုပါ သ၀ဏ်လွှာတွင် ပူးတွဲပါရှိသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြည်ထောင်စု အစိုးရ အဖွဲ့၏ ဆောင်ရွက်ချက် များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ပေးပို့ခဲ့သော သ၀ဏ်လွှာ အပေါ် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ အပြည့်အစုံမှာ -

၁။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ နိုင်ငံတော်၏ အုပ်ချုပ်ရေး တာဝန်ကို ထမ်းဆောင် လျက်ရှိသော ပြည်ထောင်စု အစိုးရ အဖွဲ့၏ ဆောင်ရွက်ချက်များအား ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ သုံးသပ်ဆောင်ရွက် နိုင်ပါရန် ပြည်ထောင်စု လွှတ်တော် နာယကထံသို့ သ၀ဏ်လွှာပေးပို့ခဲ့ပါသည်။

၂။ အဆိုပါ သ၀ဏ်လွှာနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် နာယကမှ ဥပဒေကြမ်း ပူးပေါင်း ကော်မတီက လေ့လာ တွေ့ရှိချက်နှင့် ဆောင်ရွက်သင့်သည့် အကြံပြုချက် တင်ပြရန် အကြောင်း ကြားခဲ့သည့် စာကို ဥပဒေကြမ်း ပူးပေါင်း ကော်မတီမှ ၂၁-၃-၂၀၁၂ နေ့တွင် လက်ခံရရှိခဲ့ပြီး ယင်းနေ့တွင် ဥပဒေကြမ်း ပူးပေါင်း ကော်မတီနှင့် ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ လေ့လာရေး ကော်မရှင် အဖွဲ့ဝင်များ ဆွေးနွေးညှိနှိုင်း ခဲ့ကြပါသည်။

လေ့လာတွေ့ရှိချက်များ

၃။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ သ၀ဏ်လွှာတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေး တာဝန်ကို ထမ်းဆောင်လျက် ရှိသော ပြည်ထောင်စု အစိုးရ အဖွဲ့သည် စိတ်ကောင်း စေတနာကောင်းဖြင့် ဆောင်ရွက်ခဲ့ သော်လည်း ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ စိစစ်ရန် လိုအပ်မည်ဟု ထင်မြင် ယူဆသည့် အချက်(၃)ချက်ကို ဖော်ပြထားကြောင်း တွေ့ရှိ ရပါသည်။

၎။ အဆိုပါ အချက်များကို အောက်ပါအတိုင်း စိစစ်လေ့လာ တွေ့ရှိရပါသည် -

(က)''ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ချီးမြှင့်ငွေ ခံစားရေးအတွက် ဥပဒေဖြင့် အတိအကျ ပြဋ္ဌာန်း သတ်မှတ် ပေးခဲ့သော်လည်း အဆိုပါ ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ လစာများကို ဥပဒေအရ သတ်မှတ်ချက် အတိုင်း မဟုတ်ဘဲ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်က သတ်မှတ်ချက်အတိုင်း လျှော့ပေါ့ ခံစားနေခြင်း'' နှင့် စပ်လျဉ်း၍ '' ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ် များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်များ ဆိုင်ရာ ဥပဒေ'' အခန်း (၄)၊ ပုဒ်မ ၂၉ ပါ ပြဋ္ဌာန်းချက် အရ ပြည်ထောင်စု လွှတ်တော် ကသာ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုနိုင်ပါကြောင်း စိစစ် တွေ့ရှိရပါသည်။

(ခ)''အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာ များကို တိုးမြှင့် ပေးခဲ့ခြင်း'' နှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ ရသုံးမှန်းခြေ ငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေများတွင် ထည့်သွင်း ဖော်ပြပြီး အခြေခံ ဥပဒေပုဒ်မ ၁၀၃ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရမည် ဖြစ်သော်လည်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူခဲ့ခြင်း မရှိသည်ကို စိစစ် တွေ့ရှိရပါသည်။


(ဂ)''အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ထိုကော်မရှင်ကို ဗဟိုအဆင့် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခြင်းနှင့် ထိုကော်မရှင် အတွက် ငွေကြေး သုံးစွဲရန် ဘတ်ဂျက် ဥပဒေကြမ်းတွင် ထည့်သွင်း ဖော်ပြခြင်း'' နှင့် စပ်လျဉ်း၍ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၀၊ ၂၀၂၊ ၂၀၃၊ ၂၃၂ (စ)၊ ၂၃၂ (ဆ)၊ ၂၃၃ တို့တွင် ပြဋ္ဌာန်းထားသည့် ဗဟို အဖွဲ့အစည်းဝင်များ ဖွဲ့စည်းခြင်း၊ တာဝန် ပေးအပ်ခြင်း၊ စွပ်စွဲပြစ်တင်ခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် ပါဝင်မှု မရှိကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၆၊ ၉၊ ၁၂၊ ၁၃ ပါ ပြဋ္ဌာန်းချက် များတွင်လည်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် စပ်လျဉ်း၍ ဖော်ပြ ထားခြင်းများ မရှိကြောင်း စိစစ် တွေ့ရှိရပါသည်။ ယင်းအချက်နှင့် စပ်လျဉ်း၍ (၁၆-၃-၂၀၁၂) ရက်နေ့တွင် ကျင်းပခဲ့သော ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး ၂၁ ရက် မြောက်နေ့တွင် အစည်းအဝေးက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဗဟို အဖွဲ့အစည်းတွင် ထည့်သွင်းထားခြင်းနှင့် ရသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ် ထည့်သွင်း ဖော်ပြထားခြင်း တို့ကို ပယ်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့သည် ကိုလည်း စိစစ် တွေ့ရှိရပါသည်။


ကော်မတီ၏ သဘောထားမှတ်ချက်

၅။ သို့ဖြစ်ပါ၍ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ လစာများကို ဥပဒေအရ သတ်မှတ်ချက် အတိုင်း မဟုတ်ဘဲ လျှော့ပေါ့ ခံစားနေခြင်း၊ အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာ များကို တိုးမြှင့် ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ထိုကော်မရှင်ကို ဗဟို အဖွဲ့အစည်း အဖြစ် သတ်မှတ်ခြင်း၊ ငွေကြေး သုံးစွဲရန် ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်း ဖော်ပြထားခြင်း တို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနှင့် ညီညွတ်မှု မရှိကြောင်း သဘောထား မှတ်ချက်ပြု တင်ပြအပ်ပါသည်။

၆။ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ လစာများကို လျှော့ပေါ့ခံစား လိုပါက ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်များ ဆိုင်ရာ ဥပဒေကို ပြင်ဆင်ချက်အဖြစ် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီး အတည်ပြုချက် ရယူသင့်ပါသည်။

၇။ အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာ များကို တိုးမြှင့်ပေးခဲ့ခြင်း အတွက် အခြေခံ ဥပဒေတွင် ပြဋ္ဌာန်း ထားသည့် အတိုင်း ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်း ဖော်ပြပြီး ဘဏ္ဍာရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း အတည်ပြုချက် ရယူသင့်ပါသည်။

၈။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေပုဒ်မ ၂၃ (က)အရ အကြံပေး အဖွဲ့များသာ ဖွဲ့စည်းနိုင်ပြီး ယင်းဥပဒေ ပုဒ်မ ၂၃ (ခ)အရ အကြံပေး အဖွဲ့ဝင်များ ခံစားခွင့်ရှိသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် တို့ကို ပြည်ထောင်စု အစိုးရ အဖွဲ့က သတ်မှတ်ပြီး ယင်း၏ ဘဏ္ဍာ ရန်ပုံငွေမှ ကျခံဆောင်ရွက် နိုင်ပါကြောင်း အကြံပြု တင်ပြ အစီရင်ခံ အပ်ပါသည် ဟူ၍ ဖြစ်သည်။
အဆိုပါ ပြည်ထောင်စု လွှတ်တော် နာယက၏ သ၀ဏ်လွှာနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ ထံမှ ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက် ရက်စွဲဖြင့် သ၀ဏ်လွှာ(၁)စောင် ပေးပို့ခဲ့သည်။

အဆိုပါ နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာအပြည့်အစုံမှာ-

၁။ နိုင်ငံတော် သမ္မတက ဆုံးဖြတ် ဆောင်ရွက်ခဲ့သော အောက်ဖော်ပြပါ လုပ်ငန်းစဉ် (၃)အပေါ် ဥပဒေနှင့် ညီညွတ်မှု ရှိ/ မရှိ စစ်ဆေးသင့်ကြောင်း ရည်ညွှန်းပါ သ၀ဏ်လွှာဖြင့် နိုင်ငံတော် သမ္မတထံ ပေးပို့လာပါသည်-


(က)ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ လစဉ်ချီးမြှင့်ငွေ လျှော့ပေါ့ခံစားခြင်း။

(ခ)အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်ပေးခြင်း၊

(ဂ)မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း။

၂။ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၏ လစဉ်ချီးမြှင့်ငွေ လျှော့ပေါ့ ခံစားရန် ကိစ္စနှင့် စပ်လျဉ်း၍ ၃၁-၃-၂၀၁၁ ရက်တွင် နိုင်ငံတော် သမ္မတရုံး၌ ပြုလုပ်ခဲ့သော ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ နိုင်ငံတော် သမ္မတ၏ မိန့်ခွန်း နာခံခြင်းနှင့် ကတိသစ္စာ ပြုခြင်း အခမ်းအနား၌ နိုင်ငံတော်၏ လက်ရှိ အခြေအနေ၊ ဘဏ္ဍာရေး အခြေအနေနှင့် နိုင်ငံသားများ၏ အကျိုးကို ရှေးရှုသော အားဖြင့် ခံစားခွင့် ပြုထားသော လစဉ် ချီးမြှင့်ငွေ များကို အပြည့်အ၀ ခံစားခြင်း မပြုဘဲ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ကာလတွင် ခံစားခဲ့သော ထောက်ပံ့ငွေ အတိုင်းသာ ခံစားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အောက်ပါ အချက်များအား ဆင်ခြင် သုံးသပ်နိုင်ရန် ဖော်ပြပါသည်-

(က)ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၏ လစဉ် ချီးမြှင့်ငွေကို လျှော့ပေါ့ ခံစားခြင်းသာ ဖြစ်ပါသည်။ စရိတ်များကိုမူ ဥပဒေပါ အတိုင်း ခံစားလျက် ရှိကြပါသည်။ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း မဟုတ်ပါ။

(ခ)ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော် သမ္မတအား အပ်နှင်းထားသော အုပ်ချုပ်မှု အခွင့် အာဏာအရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

(ဂ)နိုင်ငံတော် သမ္မတ၏ ကတိက၀တ်အား ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး(၁/၂၀၁၁) တွင် သဘောတူညီချက် ရယူပြီး ဖြစ်ပါသည်။

(ဃ)ဥပမာ ပြုရန်အားဖြင့်- နိုင်ငံတော် သမ္မတ စ၀်ရွှေသိုက် လက်ထက်တွင် ၀န်ကြီးချုပ်ဦးနု ဦးဆောင်သော ၀န်ကြီးများသည် (၂၀-၁-၄၉)ရက်၌ ကျင်းပခဲ့သော ၀န်ကြီးများ အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများသည် ပြည်ထောင်စု အစိုးရ (အဖွဲ့ဝင်ဝန်ကြီးများ၏ လစာငွေများ) အက်ဥပဒေ (၁၉၄၈ ခုနှစ် အက်ဥပဒေ အမှတ် ၄) အရ သတ်မှတ် ပြဋ္ဌာန်းထားသည့် လစာ၏ ၅၀ ရာခိုင်နှုန်းကို လည်းကောင်း၊ ပါလီမန် အတွင်းဝန်များသည် ၄၀ ရာခိုင်နှုန်းကို လည်းကောင်း လျှော့ပေါ့ ခံစားရန် ညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်ခဲ့ပါသည်။

၃။ သို့ရာတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ ချီးမြှင့်ငွေ လျှော့ပေါ့ ခံစားသည့် နိုင်ငံတော် သမ္မတ၏ ကတိက၀တ်ပြု ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်လိုက ဆောင်ရွက်နိုင်ကြောင်း ဖော်ပြအပ်ပါသည်။

၎။ နိုင်ငံ့ ၀န်ထမ်းဟောင်း အငြိမ်းစားများအား ပင်စင်လစာကို (၁-၇-၂၀၁၁) ရက်မှစ၍ တိုးမြှင့်ခံစား နိုင်ရန် ဆောင်ရွက် ခဲ့ခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

(က)ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်ပါ နိုင်ငံတော် သမ္မတသို့ အပ်နှင်းထားသော အုပ်ချုပ်မှု အခွင့် အာဏာအရ ဆောင်ရွက်ခဲ့ခြင်းသည် ၎င်းတို့၏ လူမှုစီးပွားရေး ဘ၀အား စောင့်ရှောက်ရန် တာဝန် ရှိသည့် အလျောက် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ စည်းကမ်း ကောင်းမွန်စွာ တာဝန်ထမ်းဆောင် ခဲ့မှုကြောင့် အငြိမ်းစား လစာ ခံစားခွင့် ရသော်လည်း ငွေကြေး ဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်များကြောင့် အခက်အခဲ ကြုံလျက်ရှိသော ၎င်းပုဂ္ဂိုလ် များအား ချီးမြှင့် စောင့်ရှောက်ခြင်းသာ ဖြစ်ပါသည်။

(ခ)အငြိမ်းစားလစာ တိုးမြှင့်ခံစားခွင့် ပြုရန် ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန သည်လည်း Civil Service Regulations နှင့် အညီ ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြ ခွင့်ပြုချက် ရယူ၍ အမိန့်ကြော်ငြာစာ ထုတ်ပြန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

(ဂ)အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ပြဋ္ဌာန်းခဲ့သည့် ၂၀၁၁ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေအရ ခွင့်ပြုပြီး ဖြစ်သည့် ပင်စင် လစာငွေ ခွင့်ပြုချက် အတွင်းမှ ပေးခဲ့ခြင်း ဖြစ်ပါသည်။

(ဃ)ချီးမြှင့်ခဲ့သည့် ငွေပမာဏအား ရှင်းလင်းထားသည့် ၂၀၁၁-၂၀၁၂ ခု ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ရသုံး ခန့်မှန်းခြေ ငွေစာရင်း သည်လည်း ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ပြီး ဖြစ်ပါသည်။

(င)ထို့ပြင် ၂၀၁၂-၂၀၁၃ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေတွင်လည်း အဆိုပါ အငြိမ်းစားလစာ တိုးမြှင့်ခြင်း အတွက် ထည့်သွင်း ရေးဆွဲထားပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဖြစ်ပါသည်။

၅။ နိုင်ငံ့ဝန်ထမ်း အငြိမ်းစား များအား လစဉ် ချီးမြှင့်ငွေ တိုးမြှင့်ခံစားသည့် ကိစ္စနှင့် စပ်လျဉ်း၍ အထက် ဖော်ပြပါ အတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ရာတွင် ထိုသို့ တိုးမြှင့်ခံစား စေခြင်းအား ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်လိုက ဆောင်ရွက်နိုင်ကြောင်း ဖော်ပြအပ်ပါသည်။

၆။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း၊ ဗဟို အဖွဲ့အစည်း သတ်မှတ်၍ ရသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် ထည့်သွင်း တောင်းခံခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဖော်ပြပါသည်-

(က)မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သော်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ်အရ သော်လည်းကောင်း ဖွဲ့စည်းခဲ့ခြင်း မဟုတ်ပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အပ်နှင်းထားသည့် အုပ်ချုပ်မှု အာဏာအရ အုပ်ချုပ်ရေး ဆိုင်ရာ အရေးယူ ဆောင်ရွက်ချက်ဖြင့် ဖွဲ့စည်းခဲ့သည့် ကော်မရှင် ဖြစ်ပါသည်။ (ရှင်းလင်းချက်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၁၇ တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် မဆန့်ကျင် စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် နိုင်ငံတော် သမ္မတ၌ တည်ရှိသည်ဟု လည်းကောင်း၊ ပုဒ်မ ၂၁၈ ပုဒ်မခွဲ (က) တွင် ပြည်ထောင်စု အစိုးရ၏ အုပ်ချုပ်ရေး ဆိုင်ရာ အရေးယူ ဆောင်ရွက်ချက် အားလုံးကို နိုင်ငံတော် သမ္မတ၏ အမည်ဖြင့် ဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၂၁၆ တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များသို့လည်း သက်ရောက် ပျံ့နှံ့သည်ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသည်။)

(ခ)ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ပေါ်ပေါက်လာသော အစိုးရသစ် လက်ထက်တွင် အမျိုးသား အကျိုးစီးပွား အတွက် ပြည်ပ ဖိအားများ လျော့ကျရေး၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ ကာကွယ်ရေးနှင့် မြှင့်တင်ရေး တို့အတွက် မဖြစ်မနေ လိုအပ်ချက် အရ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

(ဂ)ကော်မရှင်ကို ဗဟိုအဆင့် အဖွဲ့အစည်း အဖြစ် သတ်မှတ်ခြင်း၊ ငွေကြေး သုံးစွဲရန် ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် အသုံးစရိတ် လျာထားမှု များအား ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါသည်။

(ဃ)ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် တို့ကို ပြည်ထောင်စု ၀န်ကြီးအဆင့်နှင့် ဒုတိယ၀န်ကြီး အဆင့် သတ်မှတ် ပေးထားခြင်း တို့ကိုလည်း ပယ်ဖျက်ပြီး ဖြစ်ပါသည်။

(င)ကော်မရှင်ကို အုပ်ချုပ်ရေး အာဏာအရ ဖွဲ့စည်း ထားရှိခြင်း၊ အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံသား များ၏ မူလ အခွင့်အရေးကို ကာကွယ်ရေးနှင့် မြှင့်တင်ရေး တို့အတွက် မရှိမဖြစ် လိုအပ်ခြင်း တို့ကြောင့် ဆက်လက် ဖွဲ့စည်း ထားရှိမည် ဖြစ်ပြီး နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ရန်ပုံငွေမှ ထုတ်ယူ သုံးစွဲသွားမည် ဖြစ်ပါသည်။ ထို့ပြင် ဥပဒေကို အခြေခံ ဖွဲ့စည်းသည့် ကော်မရှင် တစ်ရပ် ဖြစ်ပေါ်စေရေး အတွက် ဥပဒေကြမ်း တစ်ရပ် ပြုစုရေးဆွဲလျက် ရှိပြီး ပြည်ထောင်စု လွှတ်တော်၏ အတည် ပြုချက်ဖြင့် ပြဋ္ဌာန်း၍ ဆက်လက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၇။ နိုင်ငံတော် သမ္မတ အနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက် ရှိသော မြန်မာ့ လူ့ဘောင် အဖွဲ့အစည်း အကျိုးစီးပွား အတွက် ဥပဒေနှင့် အညီ ဆောင်ရွက်လျက် ရှိပါသည်။ အထက် ဖော်ပြပါ ပြည်ထောင်စု လွှတ်တော်က ပေးပို့လာသော ကိစ္စရပ် (၃)ခုနှင့် စပ်လျဉ်း၍ သုံးသပ် ဆောင်ရွက်နိုင်ရန် သ၀ဏ်လွှာ ပေးပို့အပ်ပါသည် ဟူ၍ ဖြစ်သည်။

နိုင်ငံတော သမ္မတထံမှ ပေးပို့ခဲ့သည့် သ၀ဏ်လွှာပါ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ လစဉ် ချီးမြှင့်ငွေ လျှော့ပေါ့ ခံစားခြင်း၊ အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်ပေးခြင်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း ကိစ္စများကို ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယ ပုံမှန်အစည်း အဝေး (၂၇)ရက်မြောက်နေ့တွင် ပြည်ထောင်စု လွှတ်တော် နာယကက ဖတ်ကြား တင်ပြပြီး မှတ်တမ်းတင် ဆောင်ရွက်ခဲ့ကြောင်း သတင်းကို ၂၀၁၂ ခုနှစ် ဧပြီ ၂၅ ရက်ထုတ် နေ့စဉ် သတင်းစာ များတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ တတိယပုံမှန် အစည်းအဝေးသို့ ပေးပို့သည့် သ၀ဏ်လွှာ

Thursday, January 26, 2012


သို့

ဥက္ကဋ္ဌ

ပြည်သူ့လွှတ်တော်/အမျိုးသားလွှတ်တော်

အကြောင်းအရာ ။ သဝဏ်လွှာပေးပို့ခြင်း

၁။ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးငှာ ဆွေးနွေး ညှိနှိုင်းနိုင်ရန်အတွက် စတင်ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော်/အမျိုးသားလွှတ်တော် တတိယအကြိမ် ပုံမှန် အစည်း အဝေးသို့ တက်ရောက် လာကြသည့် ဥက္ကဋ္ဌကြီး နှင့်တကွ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသြာ ကပါစေကြောင်း ဆုတောင်း မေတ္တ ပို့သ အပ်ပါသည်။

၂။ လွှတ်တော် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များက နိုင်ငံနှင့် ပြည်သူအကျိုးငှာ ဥပဒေ ရေးရာ၊မူဝါဒ ရေးရာများကို အားသွန်ခွန်စိုက် ညှိနှိုင်း ဆွေးနွေး ဆုံးဖြတ် ဆောင်ရွက်လျက် ရှိသကဲ့သို့ မိမိတို့ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များကလည်း (၃ဝ-၃-၂ဝ၁၁)ရက်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြား ခဲ့သည့် ပြည်ထောင်စု အစိုးရသစ်၏ မူဝါဒ သဘောထား လမ်းစဉ် များနှင့်အညီ အားကြိုး မာန်တက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြပါသည်။

၃။ နိုင်ငံနှင့် ပြည်သူသို့ ကတိကဝတ် ပြုခဲ့ပြီး ဖြစ်သည့်အတိုင်း နိုင်ငံ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ နိုင်ငံသားများ၏ မူလ အခွင့်အရေး များရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး အဆင့် အတန်း မြှင့်တင်ရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး၊ နိုင်ငံနှင့် ပြည်သူ၏ အနာဂတ် လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက် မြင့်မားရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကိုယ်စွမ်း ညာဏ်စွမ်း ရှိသမျှ ပြုပြင် ပြောင်းလဲ ကြိုးပမ်း ဖော်ဆောင်လျက် ရှိပါသည်။

၎။ အထူးသဖြင့် ပြည်သူ တိုင်း၏လိုလား တောင့်တချက် ဖြစ်သည့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး သို့မဟုတ် ဥပဒေနှင့် အညီ လွတ်လပ်စွာ နေထိုင် လုပ်ကိုင် စားသောက် နိုင်ရေးတို့ကို အလေးထားပြီး တစိုက် မတ်မတ် ကြိုးပမ်း ဖော်ဆောင် ပေးလျက်ရှိပါသည်။

၅။ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အတွင်း ထာဝရ ငြိမ်းချမ်းရေး ရရှိ စေနိုင်ရန် အတွက် နိုင်ငံ၏ ပကတိ အရှိတရားနှင့် အတိတ်သမိုင်း အတွေ့ အကြုံများ အပေါ် အခြေခံလျက် ယခင်ကနှင့် မတူသည့် မူများကို ကျင့်သုံးကာ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ ယနေ့အထိ ငြိမ်းချမ်းရေး ရယူနိုင်ခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၁)ဖွဲ့လုံးနှင့် ထိတွေ့ ဆွေးနွေး ညှိနှိုင်းပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံ သဘော တူညီချက် များကို လက်မှတ် ရေးထိုး ဆောင်ရွက် နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျန်အဖွဲ့ (၅)ဖွဲ့နှင့်လည်း ထိတွေ့ ညှိနှိုင်း ဆွေးနွေး လျက်ရှိရာ ခြုံငုံ သုံးသပ်ရပါက ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ တိုးတက် အောင်မြင်ပြီး အခြေအနေ ကောင်းမွန်သည်ကို တွေ့မြင် နိုင်ပါသည်။ ဆက်လက်၍လည်း ထာဝရ ငြိမ်းချမ်းရေး ရရှိအောင်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

၆။ ထို့ပြင် နိုင်ငံတော် တည်ငြိမ်ရေး အတွက် အမျိုးသား စည်းလုံး ညီညွတ်ရေး ဖော်ဆောင်နိုင်ရန် အမြင် သဘောထား မတူသည် များကို ထားပြီး အမြင် သဘောထား တူညီသည်များကို ပြည်သူများအကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ရေး မူဖြင့် ကြိုးပမ်း ဆောင်ရွက် ခဲ့ပါသည်။ အမျိုးသား နိုင်ငံရေး လုပ်ငန်း စဉ်များတွင် အားလုံး ပါဝင် နိုင်အောင် ဆောင်ရွက် သင့်သည် များကိုလည်း ဆောင်ရွက်ပေး ခဲ့ပါသည်။ အကြောင်း အမျိုးမျိုးဖြင့် ပြည်ပရောက် နေကြသော နိုင်ငံသား များကိုလည်း နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ် များတွင် ပါဝင်နိုင်အောင် လက်ကမ်း ဖိတ်ခေါ် ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်မှုကြောင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး တိုးတက် ကောင်းမွန်လာပြီး ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှု ရှိလာသည်ကိုလည်း တွေ့မြင် နိုင်ပါသည်။

၇။ နိုင်ငံ ခေတ်မီ ဖွံ့ဖြိုး တိုးတက် စေရန်နှင့် ပြည်သူ တို့၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက် စေရန် ရည်စူး၍ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ မြှင့်တင်မှု များကိုလည်း တစိုက် မတ်မတ် ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံ၏ စီးပွားရေး အဆောက် အအုံ တစ်ခုလုံး ပြောင်းလဲ တိုးတက် လာစေရန် အတွက် ငွေကြေး မူဝါဒ၊ ဘဏ္ဍာရေး မူဝါဒ၊ ကုန်သွယ်ရေး မူဝါဒနှင့် ရင်းနှီး မြှုပ်နှံမှု မူဝါဒများကို ပြန်လည် သုံးသပ်ပြီး ပြုပြင် သင့်သည်များကို အရှိန် အဟုန်ဖြင့် ပြုပြင် ဆောင်ရွက်ပေးလျက် ရှိပါသည်။ အထူးသဖြင့် ရင်းနှီး မြှုပ်နှံမှု နယ်ပယ်၌ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများ ပိုမို ဝင်ရောက် လာနိုင်ရန် ရေခံ မြေခံ ပတ်ဝန်းကျင် ကောင်းများ ဖြစ်ထွန်း လာရေး ပြုပြင် ဖော်ဆောင် ပေးလျက် ရှိပါသည်။ ကူးသန်း ရောင်းဝယ်မှု လုပ်ငန်းများ၊ ပို့ကုန် သွင်းကုန် လုပ်ငန်းများ သွက်လက် ချောမွေ့ ဖွံ့ဖြိုး လာစေရေး အတွက်လည်း လုပ်ထုံး လုပ်နည်း ဆိုင်ရာ ဖြေလျှော့မှုများ ဆောင်ရွက် ပေးလျက် ရှိပါသည်။

၈။ ထို့ပြင် ပြည်သူများ၊ တောင်သူ လယ်သမားများနှင့် အလုပ် သမားများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး လာစေရန် တတ်နိုင်သမျှ ကူညီ ဆောင်ရွက် ရမည်ဟူသည့် အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် အညီ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး လုပ်ငန်း စဉ်များကိုလည်း နိုင်ငံ တစ်ဝန်းလုံး၌ လက်တွေ့ ကျကျ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ လုပ်ငန်း ကဏ္ဍ (၈)ရပ်ချမှတ်ပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃ဝ၊ မြို့နယ်ခွဲ ၈၂ ခု တို့၌ အောက်ခြေ အထိဆင်းပြီး ကျေးလက် ပြည်သူများနှင့် ပူးပေါင်းလျက် လက်တွေ့ထိ ရောက်အောင်မြင်အောင် ဆောင်ရွက် လျက်ရှိပါသည်။

၉။ ဒီမိုကရေစီ ဖော်ဆောင်ရေး သို့မဟုတ် ဥပဒေနှင့် အညီ လွတ်လပ်စွာ နေထိုင် လုပ်ကိုင် စားသောက် နိုင်ရေး အတွက်လည်း ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးများကို အခြေခံ ဥပဒေနှင့် အညီ မြှင့်တင် ဖော်ဆောင် ပေးလျက် ရှိပါသည်။

၁ဝ။ ထိုသို့ ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံတွင် ပြုပြင် ပြောင်းလဲမှု များဖြင့် နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးကို အကောင် အထည်ဖော် ဆောင်ရွက် မှုများနှင့် တစ်ပြိုင်တည်း နိုင်ငံတကာ ဆက်ဆံ ရေးကိုလည်း ကျယ်ကျယ် ပြန့်ပြန့် မြှင့်တင် ဆောင်ရွက်ခဲ့ရာ နိုင်ငံတကာနှင့် ချစ်ကြည်မှု၊ နားလည်မှုများ ပိုမို မြင့်မား လာသည်ကို တွေ့မြင် နိုင်ပါသည်။

၁၁။ ထိုသို့ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးအတွက် ဘက်စုံ၊ ထောင့်စုံမှ ပြုပြင် ပြောင်းလဲ ဆောင်ရွက်ရာတွင် အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ဥပဒေပေါင်း (၁၅)ခုကိုအသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင ဖြည့်စွက်ခြင်း ပြုလုပ်ခဲ့ရပါသည်။ ထိုသို့ ဥပဒေသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်း အပါအဝင် အထက်၌ တင်ပြခဲ့သည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စု လွှတ်တော်၏ ထောက်ခံ အားပေးမှု ရရှိခဲ့သည့် အတွက် အထူးကျေးဇူးတင် ရှိပါသည်။

၁၂။ မိမိတို့နိုင်ငံသည် ပါတီစုံ ဒီမိုကရေစီစနစ်နှင့် နှစ်ပေါင်း (၄ဝ)ကျော် ကင်းကွာခဲ့ရသည့် အတွက် ယခုကဲ့သို့ လွှတ်တော်အဆင့်ဆင့် ပေါ်ပေါက်လာချိန်တွင် လွှတ်တော်အတွင်း လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ ခက်ခက်ခဲခဲ ရှာဖွေလေ့လာ ကျင့်သုံးခဲ့ရသည်ကို တွေ့ရှိရပါသည်။သို့သော်လည်း လွှတ်တော်ဥက္ကဋ္ဌများ၏ စွမ်းရည်ရှိရှိ ဦးဆောင်မှု၊ လွှတ်တော် ကိုယ်စားလှယ်များ၏ပါဝင် ပူးပေါင်း ကြိုးပမ်းဆောင်ရွက်မှု များကြောင့် နိုင်ငံနှင့် ပြည်သူအကျိုးအတွက် အဓိကကျသည့် ဥပဒေသစ်များ ပြဋ္ဌာန်းခြင်း၊ ဥပဒေဟောင်းများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ အရေးကြီးသည့်မူဝါဒများကို ဆွေးနွေး ချမှတ်ခြင်း စသည်တို့ကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း ဝမ်းသာဂုဏ်ယူဖွယ် တွေ့ရှိရပါသည်။

၁၃။ ထို့အတူ ယခုစတင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်/အမျိုးသားလွှတ်တော် တတိယအကြိမ် ပုံမှန် အစည်း အဝေးတွင်လည်း တန်ဖိုးရှိလှသော လွှတ်တော် အစည်းအဝေး ကာလအတွင်း နိုင်ငံနှင့် ပြည်သူများအတွက် အဓိက အရေးကြီးမည့် ဥပဒေရေးဆိုင်ရာ ကိစ္စများ၊ မူဝါဒဆိုင်ရာနှင့် ပြည်ထောင်စု ရေးရာကိစ္စများကို ပိုမိုအလေးထား အကောင် အထည်ဖော် ဆွေးနွေးဆောင်ရွက် သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

၁၄။ မိမိတို့ ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့နှင့် လက်တွဲပြီး နိုင်ငံနှင့် ပြည်သူတို့၏ အနာဂတ်ဘဝ သာယာ လှပစေရန်အတွက် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများထွန်းကားသည့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ထွန်း ပေါ်ပေါက်လာစေရန်နှင့် ရေရှည် တည်တံ့ ရှင်သန်နိုင်စေရန် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သဝဏ်လွှာအဖြစ် ပေးပို့အပ်ပါသည်။

(သိန်းစိန်)

နိုင်ငံတော်သမ္မတ

နိုင်ငံတော် သမ္မကြီး၏ မြစ်ဆုံစီမံကိန်းဆိုင်ရာ သဝဏ်လွှာ

Friday, September 30, 2011

သို့

ဥက္ကဋ္ဌ

ပြည်သူ့လွှတ်တော်/ အမျိုးသားလွှတ်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အကြောင်းအရာ။ သဝဏ်လွှာပေးပို့ခြင်း

၁။ ပထမအကြိမ် ပြည်သူ့လွှတ်တော်/ အမျိုးသား လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို ပြည်သူတို့၏ အကျိုးငှာ အားသွန်ခွန်စိုက် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့ လွှတ်တော်/ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။ တစ်ချိန်တည်း၌ပင် မိမိတို့ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ အနေဖြင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ်များထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက် ရှိပါသည်။

၃။ တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ တူညီသော မျှော်မှန်းချက်သည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် နိုင်ငံတော် ခေတ်မီ ဖွံ့ဖြိုးရေးတို့ ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရသည် တိုင်းရင်းသား ပြည်သူတို့၏ ဆန္ဒနှင့်အညီ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးအတွက် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆက်သွယ်ကမ်းလှမ်း ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးဒေသ(၂) ''ဝ''အဖွဲ့နှင့် အထူးဒေသ(၄) အဖွဲ့တို့သည် ပြည်နယ်အဆင့် သဘောတူညီချက်များ ရရှိခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများပင် စတင် ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါသည်။ အချို့အဖွဲ့ များသည်လည်း ပြည်နယ် အစိုးရများထံ ငြိမ်းချမ်းရေး ရယူရန် ဆက်သွယ် ဆောင်ရွက်မှုများ ရှိနေပါသည်။

၎။ တစ်ချိန်တည်း၌ပင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား တိုင်းရင်းသားများ အားလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသသို့ ပြန်လာလိုပါက ပြန်လာနိုင်ရန် စိစစ်လက်ခံခဲ့ရာ တချို့ ပြန်လာနေကြပြီ ဖြစ်ပါသည်။ အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စများကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာ အတွင်းမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ အမျိုးသား အကျိုးစီးပွား အတွက် ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ပါတီအချို့နှင့် အင်အားစုအချို့ တို့သည် အစိုးရ အခက်အခဲ အကျပ်အတည်း တွေ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ကြံရွယ်၍ လှုပ်ရှားလုပ်ဆောင်မှုများ ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရ ပါသည်။

၅။ တိုင်းပြည် ခေတ်မီဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးကို အရှိန်အဟုန်မပျက် တိုးတက်အောင် ဆောင်ရွက်ရင်း စက်မှုနိုင်ငံ ထူထောင်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ကြိုးပမ်း ဆောင်ရွက်ရာတွင် စက်မှုနိုင်ငံ ထူထောင်နိုင်ရန် လျှပ်စစ်စွမ်းအင် လိုအပ်ချက်သည် အဓိကကျပါသည်။ လျှပ်စစ်စွမ်းအင် ရရှိနိုင်သည့် နည်းလမ်းများအနက် အဏုမြူစွမ်းအင် ထုတ်လုပ်သုံးစွဲရေးမှာ ကမ္ဘာ့ဖြစ်စဉ်များအရ အန္တရာယ် ကြီးမားလှသည့် အပြင် ငွေကြေး မပြည့်စုံမှု၊ နိုင်ငံရေးအရ အများသူငါ လက်မခံမှု တို့ကြောင့် မိမိတို့နိုင်ငံအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်။ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ကျောက်မီးသွေးသယံ ဇာတမှာလည်း တစ်နိုင်ငံလုံးအတွက် လုံလောက်မှု မရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ အသိပင် ဖြစ်ပါ ၆။ မြန်မာ့ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ ထွက်ရှိသော်လည်း ပြည်ပ အရင်းအနှီးများဖြင့် ထုတ်လုပ်သည့် ကိစ္စဖြစ်၍ မိမိတို့ လိုအပ်သလောက် မရနိုင်ဘဲ အချို့အဝက်သာ ခွဲဝေရရှိပါသည်။ ပြည်ပ ချေးငွေဖြင့် အရင်းအနှီးအချို့ ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည် ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများ အရစ်ကျ ပေးဆပ်နေရသည့် အခြေအနေ ဖြစ်ပါသည်။ ကုန်းတွင်း၌ သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်နေသော်လည်း ပြည်တွင်းသုံးစွဲရန် အတွက်ပင် လုံလောက်မှု မရှိသေးပါ။

၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲဖြစ်သော ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် သဘာဝက ပေးထားသော မြစ်ချောင်းများ ရှိနေသဖြင့် အဆိုပါ မြစ်ချောင်းများမှ ပြည်တွင်း ပြည်ပအရင်းအနှီးများ ရယူ၍ လျှပ်စစ် ဓာတ်အားထုတ်ယူ နိုင်ရေးအတွက် တပ်မတော်အစိုးရ လက်ထက်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခင်က ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ (၂) ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၇) ရုံသာရှိခဲ့ပြီး စုစုပေါင်း စက်တပ်ဆင်အား (၅၂၉) မဂ္ဂါဝပ်သာရှိခဲ့ရာမှ နောက်ထပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ(၂၃)ရုံ၊ စက်တပ်ဆင်အား (၂၈၃၁) မဂ္ဂါဝပ် တိုးတက် ဆောင်ရွက်ခဲ့ပါသည်။

၈။ နှစ် (၃ဝ) လျှပ်စစ် မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ် စီမံကိန်း (၆၄) ခုနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ (၃)ခု အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အား မဂ္ဂါဝပ် (၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများ ရှိပါသည်။ အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ မြစ်ညာ မြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံ စီမံကိန်း(၈)ခု အပါအဝင် ဖြစ်ပါသည်။

၉။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ငွေကြေး အရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန် စတင်ခဲ့ရာ ယခုအခါတွင် အဆိုပါမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထု အတွင်း အောက်ပါ စိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပါသည်-

(က)

ကချင်ပြည်နယ် အတွက်သာမက မြန်မာနိုင်ငံ အတွက်ပါ သဘာဝက ပေးထားသော (Land Mark) ဖြစ်သည့် မြစ်ဆုံ သဘာဝအလှအပ ပျောက်ကွယ်သွားနိုင်ခြင်း၊

(ခ)

မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေနစ်မြုပ်၍ ၄င်းတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံး ပျက်စီးသွားနိုင်ခြင်း၊

(ဂ)

ပုဂ္ဂလိကများမှ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်၍ စီးပွားဖြစ်စိုက်ပျိုးထားသည့် ရော်ဘာ စိုက်ခင်းများနှင့် ကျွန်းစိုက်ခင်းများ ပျက်စီးသွားနိုင်ခြင်း၊

(ဃ)

ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်များ အရည်ပျော်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံ ဆည်ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကျေပျက်စီးမှုရှိနိုင်ခြင်း၊

(င)

ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်ခြင်း စသည်ဖြင့် ပြည်သူအချို့မှ စိုးရိမ်ပူပန်မှု ရှိနေကြသည်ကို မိမိတို့ ကြားသိနေရပါသည်။

၁ဝ။ မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ် တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိ ပါသည်။ သို့ပါ၍ မိမိတို့ အစိုးရ လက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင် သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူ လက်ခံအောင် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။

(သိန်းစိန်)

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


ရက်စွဲ။ ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
နေရာ။ ။ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ခန်းမ၊ နေပြည်တော်

 
MYANMAR GAZETTE - မီးပြတိုက်